ဖယ်ခုံမြို့နယ် ထွေ/အုပ် က လူမှုရေး အသင်းတွေကို ဘယ်လို ပိတ်ပင်နေလဲ

Saturday, August 31, 2013

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရဲ့ ဒေသခံ လူမှုရေး အသင်းအဖွဲ့ များ အပေါ် တားဆီး ပိတ်ပင်မှုတွေ ရှိနေတဲ့အကြောင်း ဧရာဝတီကို ပေးစာ တစောင် ရောက်ရှိနေ ပါတယ်။ အဲဒီပေးစာ ကို မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

ဂူဂဲလ်မှ တွေ့ရတဲ့ ဖယ်ခုံမြို့

ရှမ်းပြည်နယ်၊ တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များအပေါ် ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ တားဆီးပိတ်ပင်မှုမှာ အလွန်ပင် ပြင်းထန်သည်။ 

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၌ ဆွေးနွေးဆဲ ဖြစ်ပါသည်။ ၂၀၁၃ နိုဝင်ဘာလ နောက်အကြိမ်ခေါ်မည့် လွှတ်တော်မှသာ ဥပဒေပြု နိုင်လိမ့် မည်ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်ထားပါသည်။ 

သို့ပါသော်လည်း ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ----- 

“ အသင်းအဖွဲ့နှင့် ပတ်သက်၍ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်သောအသင်းများသည် ပြည်ထဲရေး ဝန်ကြီးဌာန ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အသင်းအဖွဲ့ အမည်တပ်ခြင်း ၊ လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည်။ သို့ဖြစ်ပါ၍ မိမိ ရပ်ကွက် / ကျေးရွာအုပ်စု အတွင်း အသင်းအဖွဲ့အမည်တပ်၍ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားနေသည့် အသင်းအဖွဲ့များအားလုံး တားဆီးပိတ်ပင် ဆောင်ရွက်သွားရန်နှင့် တရားဝင် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရရှိရေး ဆောင်ရွက်ပြီးမှသာ ရပ်တည်လှုပ်ရှားစေရေး ကြပ်မတ်
ဆောင်ရွက်ရန် ” ဟု 

ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ညွှန်ကြားချက်ထုတ်သည်။ 

၎င်း ညွှန်ကြားချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ (၂၇) ရက်နေ့တွင် ထပ်ဆင့် အကြောင်းကြားစာ ပေးပို့ခြင်းခံရသော ဖယ်ခုံမြို့၊ လောကပါလ လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူ တစ်ဦးက အသင်းအနေဖြင့် ဆောင်ရွက်နေသော သွေးလှူဒါန်းမှု၊ နာရေးကူညီမှု၊ အရေးပေါ်လူနာများအား လွိုင်ကော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးနေမှုများကို ရပ်ဆိုင်းလိုက်ပါကလည်း ပြည်သူအများပင် နစ်နာမည် ဖြစ်ကြောင်း ၊ မရပ်ပါကလည်း တားဆီးပိတ်ပင် အကြောင်းကြားစာ အရ ဖွဲ့စည်းခွင့် ရရှိရေးဆောင်ရွက် ပြီးမှသာ ရပ်တည်လှုပ်ရှား ရမည်ဆိုသောကြောင့် ဥပဒေပင် မပြုရသေးသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း ကို အချိန်မည်မျှစောင့်၍ ဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခွင့် ဆောင်ရွက်ရမည် မသိကြောင်း ပြောဆို၍ သက်သေအဖြစ် တားဆီးစာများ တင်ပြလိုက်ပေသည်။ 

ပြည်ထဲရေး ဝန်ကြီးဌာန ၊ အသင်းအဖွဲ့များ ဖွဲ့စည်း ခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြု ချက် ရရှိမှ သာ အသင်းအဖွဲ့အမည်တပ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည် ဆို
သော အသုံးအနှုန်းမှာ လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ အခန်း (၈)၊ ပုဒ်မ ၃၅၄ (ဂ) ပါ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ကို ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဖောက်ဖျက် ကျော်လွန် သုံးစွဲသည့် အသုံးအနှုန်းဖြစ်ကြောင်း တင်ပြ အပ်ပါ သည်။ 


ကျော်ထင်အောင် 

ဖုန်း - 081-56051 

ဖယ်ခုံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved