၈.၈.၈၈ အမှတ်တရ
ပြန်ရချင်တဲ့ ရှစ်လေးလုံး ကာလ သတင်းစာ လွတ်လပ်ခွင့်
၈၈ အရေးအခင်းမှာ ကြုံခဲ့တာတွေထဲက ၀မ်းနည်း ကြေကွဲ
စရာတွေ၊ ခံပြင်း ဒေါသဖြစ်စရာတွေ အပါအ၀င် အမှတ်ရစရာတွေ မမေ့နိုင်စရာတွေ
အများကြီးရှိခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက်တွေထဲက ကျနော့်အတွက် ၀မ်းသာ စရာ၊ ပြန်လည်
တမ်းတ စရာ တခုတော့ ရှိပါတယ်။
အဲဒါကတော့ ကျနော့် တသက်မှာ တခါသာ ကြုံခဲ့ရတဲ့ သတင်းစာ
လွတ်လပ်ခွင့် အခိုက်အတန့် ရခဲ့တာပဲဖြစ်ပါတယ်။
အဲဒီ အချိန်က နိုင်ငံပိုင် သတင်းစာတွေအပြင် ပုဂ္ဂလိက
သတင်းစာတွေပါ ၈၈ အရေးအခင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသား ထုတ်ဝေခဲ့ကြပါတယ်။
သတင်းစာတွေ အဝေစည်ဆုံးကာလ ကတော့ ၁၉၈၈ ခု သြဂုတ်နဲ့
စက်တင်ဘာ စစ်တပ်က အာဏာ မသိမ်းခင် အချိန်အထိ ပါပဲ။
အဲဒီအချိန်မှာ ကျနော် အပါအ၀င် စာနယ်ဇင်းသမားတွေဟာ
ပုံမှန် ထုတ်ဝေနေတဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊ လုံးချင်း စတဲ့ စာပေထုတ်ဝေ ရေး လုပ်ငန်းတွေ
ရပ်ဆိုင်းနေလို့ ၀င်ငွေမယ်မယ်ရရ မရှိပါဘူး။
ဒါကြောင့် ကျနော်ဟာ နေ့စဉ်လိုလို ၁၀ မိုင်၊ ၁၂ မိုင်
လောက်ခရီးရှိတဲ့ ကျနော်နေထိုင်တဲ့ အင်းစိန်ကနေ ရန်ကုန်မြို့ထဲကို တနေ့ ၂
ခေါက်လောက် သွားဖြစ်ခဲ့ပါတယ်။
ပထမ တခေါက်က မနက်စောစော အဆင်ပြေရာ ကားကြုံနဲ့
ရန်ကုန်မြို့ထဲမှာရှိတဲ့ သတင်းစာတိုက်တွေ ကိုသွားပါတယ်။ ထုတ်တဲ့ သတင်းစာတွေကို
တနိုင် သယ်ယူပြီး ပြန်လည်ဖြန့်ချိပါတယ်။
ပြန်ဖြန့်တာကတော့ ကျနော်တယောက်တည်း မဟုတ်ပါဘူး။
ကျနော်နဲ့ တခြား သူငယ်ချင်း ၃-၎
ဦးလည်း ပါဝင်ပါတယ်။ အခု အဲဒီ သူငယ်ချင်းတွေထဲက ၂ ဦးဟာ ကွယ်လွန်ခဲ့ပါပြီ။
ကျနော်တို့ဟာ အဲဒီ သတင်းစာဖြန့်ဝေလို့ရတဲ့ ၀င်ငွေနဲ့
သုံးစွဲခဲ့ရပါတယ်။
အဲဒီကာလမှာ ၀င်ငွေအပြင် လမ်းပန်း ဆက်သွယ်ရေး
အခက်အခဲကြောင့် ဆန်၊ ဆီ ၊ ဆား အစရှိတဲ့ စားသုံးကုန် အခက်အခဲတွေ လည်း
ဖြစ်ပေါ်နေပါတယ်။
ကျနော်ဟာ အဲဒီလိုသယ်လာတဲ့ သတင်းစာတွေကို သူငယ်ချင်းတွေဆီ
ဖြန့်ဖို့ ပေးပြီးရင်တော့ ဒုတိယ တခေါက် ရန်ကုန်မြို့ထဲကို ပြန် သွားပါတယ်။ တခါတလေ
ရန်ကုန်မြို့ထဲသွားရင်း ဆန္ဒပြ လူအုပ်ကြီးနဲ့အတူ ဆန္ဒလိုက်ပြပါတယ်။ အဲဒီလို
ဆန္ဒပြရင်း သတင်း တချို့ရရင် သတင်းစာ တိုက်တွေကို ပေးလိုက်ပါတယ်။
ညနေပိုင်းမှာတော့ မမှောင်ခင် အရောက်ပြန်ရတာ များပါတယ်။
ရန်ကုန်မြို့ထဲကနေ အင်းစိန်အထိ လမ်းလျှောက် ပြန်ရတဲ့ ရက်တွေကလည်း များလှပါတယ်။
၁၉၈၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ အဲဒီ သမိုင်းဝင် ဒီမိုကရေစီ
အရေးအခင်းကြီးဟာ မတ်လ လောက်ကနေ စပြီး တဖြည်းဖြည်း အရှိန်မြင့် လာခဲ့တာ သြဂုတ်လ
မှာတော့ အရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီ ၈၈ အရေးအခင်းဖြစ်တော့ ကျနော်က စာနယ်ဇင်းသမား
ဖြစ်နှင့် နေပါပြီ။
ကျနော်တို့ မြန်မာ စာနယ်ဇင်းသမားတွေဟာ အဲဒီအချိန်က
နိုင်ငံနဲ့တ၀န်း ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်အစုံကို လက်လှမ်းမီသလောက်
မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာကြီးတွေ ဖြစ်တဲ့ ဗိုလ်တထောင်၊
လုပ်သားပြည်သူ့နေ့စဉ် ၊ မြန်မာ့ အလင်း ၊ ကြေးမုံ သတင်းစာတွေ အပြင် ရန်ကုန် နဲ့
မန္တလေးက ပုဂ္ဂလိက စာနယ်ဇင်းသမားတွေ ကလည်း ၀ရဇိန်၊ ပြည်သူ့အမြင် ၊ ဒို့ ခေတ်၊
ဒို့အရေး ၊ ခေတ်ဦး၊ ရှစ်လေးလုံး(မန္တလေး
စာပေနဲ့ အနုပညာ အဖွဲ့က ထုတ်ဝေတာပါ)
စတဲ့ အမည်တွေနဲ့ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေပြီး ၈၈
အရေး အခင်း ဖြစ်ရပ်
aတွ ကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ အခု ပုဂ္ဂလိက သတင်းစာ အမည်တွေက
မှတ်မိသလောက် ပြောပြတာ ပါ။ ဒိထက် ပိုမို အများအပြား ရှိနေပါသေးတယ်။
အဲဒီ သတင်းစာတွေမှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ၊
ရဟန်းရှင်လူ အရပ်သား ပြည်သူတွေ၊ တပ်မတော်သားတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ အပါအ၀င်
လူတန်းစား အလွှာပေါင်းစုံဟာ“ ဒီမိုကရေစီ ရရှိရေး ဒို့ အရေး” အစရှိတဲ့
ကြွေးကြော်သံတွေ ကို အော်ဟစ် တိုင်တည် တောင်းဆိုရင်းနဲ့ တပါတီ အာဏာရှင် စနစ်
ပျက်သုဉ်းရေး၊ မွေးရာပါအခွင့်အရေး ရရှိရေးတွေအတွက် လမ်းတွေပေါ် အလုံးအရင်းနဲ့ ထွက်ခဲ့တဲ့
လူထုဆန္ဒပြပွဲ သတင်းတွေ ကိုဖော်ပြခဲ့ကြပါတယ်။
အဲဒီလို ဆန္ဒပြမှုတွေကြောင့် တိုင်းပြည်အာဏာကို ၂၆
နှစ်လောက် ဆုပ်ကိုင်ထားတဲ့ တပါတီ အာဏာရှင် ဦးနေ၀င်း ဟာ အာဏာ ကို လက်လွှတ်ခဲ့ရပြီး
သမ္မတ ရာထူးနေရာမှာ ဦးစိန်လွင် အပြင်
ဒေါက်တာ မောင်မောင် က တာဝန်ယူခဲ့ရတဲ့ အထိ အပြောင်းအလဲ
တွေ ဖြစ်ခဲ့တဲ့ သတင်းတွေ၊ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေ ဘက်မှာတော့
ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး၊
ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် နဲ့
ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မင်းကိုနိုင်အစရှိတဲ့
ကျောင်းသားခေါင်း
ဆောင် တွေလည်း ရှေ့ထွက် ရပ်တည်ခဲ့တဲ့ သတင်း တွေကို
ရေးသားခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
သူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊
ဒေါ်အောင်ဆန်းစုကြည် တို့ ခေါင်းဆောင်ပြီး
ယာယီဖွဲ့စည်း ထားတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ သတင်း၊ ဦးနု စင်ပြိုင်
အစိုးရ ထောင်တဲ့ သတင်း၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စစ်တပ် အာဏာသိမ်းတာ
မကြိုက်လို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့တာ ဆိုတဲ့ သတင်းစာ ရှင်း လင်းပွဲ လုပ်တဲ့
သတင်း၊ ဒေါ်အောင်ဆန်းစုကြည် က ဦးနု စင်ပြိုင်အစိုးရ ထောင်တာ အံ့သြတယ် ဆိုတဲ့
သတင်းစာ ရှင်းလင်းပွဲ စတဲ့ သတင်းတွေကို သတင်းစာရဲ့ အတွင်းဘက်မှာရော
မျက်နှာဖုံးနေရာတွေ မှာပါ ဓာတ်ပုံနဲ့ တကွ အပြည့်အစုံ ဖော်ပြခဲ့ကြပါ တယ်။
ကျောင်းသား သမဂ္ဂ အပါအ၀င် သမဂ္ဂ
အဖွဲ့အစည်းပေါင်းစုံရဲ့သတင်းတွေ၊ အမေရိကန် အောက်လွှတ်
တော် အမတ် မစ္စတာ စတီဖင် ဂျေ
ဆိုလာ့ဇ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဒေါက်တာ မောင်မောင် တို့နဲ့ တွေ့တဲ့ သတင်း
စတဲ့ ထိပ်ပိုင်း သတင်း မျိုးတွေကိုလည်း သတင်းစာတွေ အားလုံးလိုလိုက
ရေးသားခဲ့ ကြပါတယ်။
ဒီ့အပြင် ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ အင်းလျားကန်အနီးက
တံတားဖြူ နေရာကို တံတားနီ လို့ အမည်ပြောင်းတဲ့ သတင်းကို မြန်မာ့အလင်း သတင်းစာရဲ့ မျက်နှာဖုံးသတင်းအဖြစ်
ဖော်ပြ တာမျိုး၊
ကျောင်းသား သမဂ္ဂ ကို စည်းကမ်းတကျ ဖွဲ့စည်းပေးဖို့ သဘောတူတယ်၊
ပြည်သူ့ ၀န်ထမ်းတွေ အလုပ်ခွင်
ပြန်ဝင်ပြီး ပြည်သူ့ အကျိုးပြုပါဆိုတဲ့ သမ္မတ ဒေါက်တာ
မောင်မောင် ရဲ့ မိန့်ခွန်း ကို သတင်းစာ မျက်နှာဖုံးအပြည့် ဖော်ပြ တာမျိုး၊
ဒီမိုကရေစီရေးဆန္ဒပြသူတွေက ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး
တောင်းဆိုတဲ့
သတင်းမျိုးတွေကို လည်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အဲဒီအချိန် တိုင်းပြည်မှာ အုပ်ချုပ်ရေး
ပျက်ယွင်းနေပြီဖြစ်တဲ့ အတွက် အရပ်ထဲမှာလည်း သတ်တာ ဖြတ်တာ တို့၊ လုယက်တာ၊ အဆိပ်
ခပ်တာ တို့ဆိုတဲ့ ဖြစ်ရပ်တွေလည်း ကြားနေ မြင်နေ ရပါတယ်။
အဲဒီလို သတင်းတွေကို ဖော်ပြတဲ့နေရာမှာ ပုဂ္ဂလိကပိုင်
သတင်းစာတွေက ခေါင်းဖြတ် သတ်တာ၊ အစိုးရ တန်ပြန် အဖွဲ့က စေလွှတ်သူ၊ ရေတွင်း ရေကန်
သောက်သုံးရေတွေကို အဆိပ်ခပ်သူဆိုပြီး ဖမ်းဆီး ရိုက်နှက်တာ၊ သွေးသံရဲရဲနဲ့
ဖြစ်နေတဲ့ ဓာတ်ပုံတွေ ကိုပါ ဖော်ပြတာမျိုးတွေ ရှိခဲ့ပေမယ့် နိုင်ငံပိုင်
သတင်းစာ ကြီး ၄ စောင်ကတော့ အဲဒီလို သတင်းနဲ့ ဓာတ်ပုံတွေကို ထိန်းထိန်း
သိမ်းသိမ်းနဲ့ ဖော်ပြခဲ့တာ ကို တွေ့ရ ပါတယ်။
၈၈ အရေးအခင်းကာလ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေသူတွေထဲမှာလည်း
ခါတော်မီ ကိုယ်ကျိုး စီးပွား ကို ရှေးရှု ထုတ်သူတွေ ပါဝင် ပါတယ်။ တချို့ဆို
အရေးအခင်းအပြီးမှာ ထုတ်ထုတ်ပိုက်ပိုက် ရသွားတာမျိုး ရှိပါတယ်။ ဒါက အနည်းစုပါ။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် စစ်တပ်က
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အဲဒီ သတင်းစာတွေ ဆိတ်သုဉ်းခဲ့ရပါတော့ တယ်။
သတင်းစာ ထုတ်သူ တချို့ဆိုရင် ခေါ်ယူစစ်ဆေး အရေးယူတာမျိုးတောင် ခံကြရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလို အချိန်ကာလမှာ ဖြစ်ပွားနေတဲ့
ဖြစ်ရပ်တွေကို လွတ်လပ်စွာနဲ့ မှတ်တမ်းတင် ထုတ်ဝေခွင့်ရခဲ့ကြတာမျိုး အရင် မဆလ ခေတ်
အပါအ၀င် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီနေ့ ဒီအချိန်အထိ ပြန်လည် မရရှိတော့ပါ။
အခုဆိုရင် ၈၈ အရေးခင်း ဖြစ်ပွားခဲ့တာ ၂၂ နှစ် တိုင်
ကြာခဲ့ပါပြီ။
၈၈ အရေးအခင်း ကာလအတွင်း ထုတ်ဝေခဲ့တဲ့ သတင်းစာတွေနဲ့
သတင်းစာ လွတ်လပ်ခွင့် ကာလဟာ အချိန် ၁ လ ခန့်သာ ကြာမြင့်ပေမယ့် ကျနော့် အတွက်တော့
မမေ့နိုင်စရာ ဖြစ်ခဲ့ရပါတယ်။
အများပြည်သူ ကြုံတွေ့ခံစားနေရတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေကို
အဲဒီပြည်သူတွေကိုယ်စား ပြန် လည် ဖော်ပြ
ပေးနိုင်တဲ့ ၈၈ အရေးအခင်း ကာလ သတင်းစာ
လွတ်လပ်ခွင့်မျိုး မြန်မာနိုင်ငံမှာ တနေ့နေ့ တချိန်ချိန် ပြန် လည်ရရှိလာဖို့
မျှော်လင့်ရင်း ကမ္ဘာကျော် အမေရိကန် သတင်းစာဆရာ ဂျိုးဇက် ပူလစ်ဇာ(Joseph Pulitzer) ပြောခဲ့တဲ့ “သတင်းစာဟာ
နေ့စဉ် လမ်းညွှန်သူလည်းဖြစ်၊ နေ့စဉ် ဟစ်တိုင် လည်း ဖြစ်တယ်” ဆိုတဲ့ စကားကို
သတိရနေမိပါတော့တယ်။
ကိုစိုး ၊ သြဂုတ် ၆ ၊ ၂၀၁၀။
(ကိုစိုးသည်
၁၉၈၈ အရေးအခင်း ကာလ မတိုင်က စာနယ်ဇင်းသမား တဦးဖြစ်ခဲ့ပြီး ယခု ဧရာဝတီ သတင်းဌာန၏
မြန်မာပိုင်း တွင် လုပ်ကိုင်နေသူဖြစ်သည်။)
ဆောင်းပါးလင့် -
http://bur.irrawaddy.org/index.php/special/2010-08-06-10-12-56/3792-2010-08-06-11-48-21
0 comments :
Post a Comment