ပုဒ်မ ၁၈ ကို အသုံးချပြီး လူ့အခွင့်အရေး ဆက်ကျူးလွန်ဟု AAPP ပြော

Monday, October 7, 2013

 ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ဒီနှစ် ကုန်ရင် ရှိမှာ မဟုတ်တော့ဘူးလို့ သမ္မတ ဦးသိန်းစိန်က ကတိပေးထားခဲ့တယ်။ 
တဆက်တည်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြချင်လို့ ခွင့်ပြုချက်တောင်းပေမယ့် မရတဲ့အခါ မူလ စီစဉ်ထားသလို ဆန္ဒပြကြပြန်တော့ ပုဒ်မ ၁၈ ကို အသုံးပြုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူတွေကို ဖမ်းဆီး၊ ရုံးတင်၊ ထောင် ချတာတွေ လုပ်လာနေတယ်။ 
 

လက်ပံတောင်းကို လမ်းလျှောက်ခဲ့သူ ဖမ်းဆီးခံခဲ့ရစဉ်၊ ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ

ဒါတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာလည်း အခြေစိုက်၊ မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အတွက် လှုပ်ရှားနေတဲ့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ကတော့ အောက်တိုဘာလ ၄ ရက်နေ့က စာတမ်း တစောင် ထုတ်ပြန်လိုက်ပါတယ်။ 

အပြည့်အစုံကတော့....

ရက်စွဲ။ ။ အောက်တိုဘာလ ၄ ရက်၊ ၂၀၁၃ ခုနှစ် 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်း 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား အသုံး ပြုပြီး တက်ကြွလှုပ်ရှား သူများအား ဖမ်းဆီးထိန်းသိမ်းကာ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများအား ချုပ်ချယ်ကန့်သတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိနေပါသည်။ 

မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီ အနေဖြင့် ပုဒ်မ ၁၈မှ မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်များအား အန္တရာယ်ပြု ခြိမ်းခြောက် နေခြင်း နှင့် ဥပဒေပုဒ်မ ၁၈ အား အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းအား မြန်မာပြည်သူလူထု နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှပါ သတိထားမိလာစေ ရန် ထောက်ပြဖော်ထုတ်လိုပါသည်။ 

ပုဒ်မ ၁၈ အား ကျယ်ကျယ်ပြန့်ပြန့် အသုံးချကာ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးခြင်း၊ လုပ်ဆောင်ချက်နှင့် ပြစ်ဒဏ်မမျှတစွာ အကျဉ်းချအပြစ်ပေးခြင်းများ လုပ်ဆောင်နေသည်ကို မိမိတို့ အေအေပီပီမှ များစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ 

အခြားနိုင်ငံများတွင် ပြည်သူလူထု လွတ်လပ်ခွင့်များအား မည်သို့ခွင့်ပြုလုပ်ဆောင်ပေးသည်၊ ပြည်သူလူထု စုဝေးမှုများအား မည်သို့စီမံဆောင်ရွက်သည် ဆိုသည်ကို ယခုစာတမ်းတွင် နှိုင်းယှဉ်ထောက်ပြ ဖော်ပြ သွားမည်ဖြစ်ပါသည်။ 

ထိုသို့ စုရုံးဆန္ဒပြခြင်းနှင့်ဆိုင်သည့် အခြေအနေအား ကိုင်တွယ်ရန် မြန်မာအစိုးရမှ အသုံးပြုနေသည့် နည်းလမ်းနှင့် အခြားဒီမိုကရေစီနိုင်ငံများတွင် အသုံးပြုသည့်နည်းလမ်းများ ကွာခြားပုံအားလည်း ယခုစာတမ်းမှ နှိုင်းယှဉ် ဖော်ပြသွားမည်ဖြစ်ပါသည်။ 

တက်ကြွ လှုပ်ရှားသူများအား ထိမ်းချုပ်ရန်၊ အပြစ်ပေးရန် နည်းလမ်းတခု အဖြစ် ပုဒ်မ ၁၈ အား အသုံးချခြင်း သည် မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းနှင့် တရားစီရင်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတရပ် အမြန်ဆုံး ဖော်ဆောင်ရန်လိုအပ်နေကြောင်း ထပ်မံဖော်ပြနေသည့် အခြေအနေတ ရပ်ပင် ဖြစ်ပါသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အား ပြဌာန်းလိုက်သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ယခုလက်ရှိကာလအထိ ထိုဥပဒေအရ ပြစ်ဒဏ်ပေးခံရသူ အနည်းဆုံး ၂၉ ဦးရှိပြီး ထိုထဲမှ ၁၅ ဦးမှာ လက်ရှိကာလတွင် အကျဉ်းကျနေဆဲဖြစ်ပါသည်။ 

ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကျခံစေရန်ပြဌာန်း ထား သဖြင့် ပြစ်ဒဏ်ပေးမှုမှာ ကျူးလွန်မှုနှင့် မမျှတသည့် ပြစ်ဒဏ်ပင်ဖြစ်ပါသည်။ 

ထို့အပြင် တက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ခြိမ်းခြောက်နှောက်ယှက်မှုများ လုပ်ဆောင်နိုင်စေရန် ထိုဥပေဒမှခွင့်ပြုထားသဖြင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ထုတ်နိုင်ခွင့်နှင့် ပတ်သက် သည့် နိုင်ငံတကာ စံချိန်စံညွှန်းများ ကိုသာမက မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ထည့်သွင်း အတည်ပြု ပေး ထားသည့် စံညွှန်းများကိုပါ အတိအလင်း ချိုးဖောက်နေသည့် ဥပဒေဖြစ်ပါသည်။ 

ထိုဥပဒေအား တပြေးညီကျင့်သုံးခြင်းမဟုတ်ပဲ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ အကြောင်းအရာတို့ပေါ် မူတည် ကာ ပုံစံကွဲပြားစွာ ကျင့်သုံးခြင်းအားကြည့်ခြင်းဖြင့် အာဏာပိုင်များမှ တရားစီရင်ရေးအား ၄င်းတို့အကျိုး အတွက် လိုသလို အသုံးပြုနေကြောင်း အထင်အရှားတွေ့မြင်နိုင်ပါသည်။ 

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ တဖက်တွင် လူ့အခွင့်အရေး လှုပ်ရှားသူများအား ထိုဥပေဒအရ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ပေးနေချိန် အခြားတဖက်တွင် အာဏာပိုင်များမှ ၄င်းတို့နှင့်အလွမ်းသင့်သူများအား လွတ်လပ်စွာ စုရုံးခွင့်ပေးထားသည့် သာဓကများရှိနေပါသည်။ 

တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းရန်အတွက် အသုံးပြုသည်သာမက ထိုပုဒ်မအရ တရားစွဲဆို အမှုတပ်ခံရသူများ၏ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တို့အား ကန့်သတ်ထိန်းချုပ်ရန်အတွက်ပါ ပုဒ်မ ၁၈ အား အသုံးပြုသည်ကို တွေ့ရပါသည်။ 

အမှုရင်ဆိုင်နေရသူများအနေဖြင့် မြို့နယ်မတူသည့် တရားရုံးများတွင် အမှုစွဲဆို ခံရသည့်အပြင် အမိန့်မချမီ ရုံးချိန်းပေါင်းများစွာ ဆင့်ခေါ်ချိန်းဆိုခံရသဖြင့် ရုံးချိန်းများတက်ရန် မကြာခဏ ခရီးဝေး သွားရသည့် အခြေအနေအား ရင်ဆိုင်ကြရပါသည်။ 

ထိုသို့ တက်ကြွလှုပ်ရှားသူများအား တရားရုံး ရုံးချိန်းများနှင့် အလုပ်ရှုပ်နေကာ ဘယ်မှမသွားနိုင် ဘာမှ မလုပ်နိုင်စေရန် ကန့်သတ်ထားခြင်းအားဖြင့် ၄င်းတို့၏နေ့တဓူဝ နေထိုင်မှုဘ၀အား အာဏာပိုင်တို့မှ တရား မမျှတစွာ ထိန်းချုပ်နိုင်ခွင့်အား ပုဒ်မ ၁၈ မှ ခွင့်ပြုထားရုံသာမက မည်သည့် နိုင်ငံရေး လူ့အခွင့်အရေး တက်ကြွသူကိုမဆို ခြိမ်းခြောက် နှောက်ယှက်ခွင့်အားလည်း တရားဝင်ဖြစ်စေရန် အပ်နှင်းထားပါသည်။ 

အဖမ်းအဆီးများနှင့်ပတ်သက်ပြီး မကြာခနကြုံတွေ့လာရသည့် ပုံစံသစ်တခုမှာ တက်ကြွလှုပ်ရှားသူများမှ ၄င်းတို့ ဆန္ဒပြချင်သည့် အကြောင်းအရာနှင့် အချိန်ကာလမတိုင်မီ မည်သည့်အတွက် မည်သည့်အချိန် မည်သည့်နေရာတွင် ဆန္ဒပြချင်ကြောင်း ဆန္ဒပြခွင့်ရရန် ကြိုတင်ကာ လျှောက်လွှာတင်သွင်း ခွင့်
တောင်းကြ ပါသည်။ 

သို့သော်လည်း တက်ကြွ လှုပ်ရှားသူများအနေဖြင့် ၄င်းတို့၏အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေး ဆန္ဒပြ ခွင့် အား ပုဒ်မ ၁၈ အားအသုံးချကာ ဟန့်တားပိတ်ပင်မှုများနှင့်သာ အများအားဖြင့်ကြုံကြရပါသည်။ 

ထိုသို့ ဆန္ဒပြခွင့် တရားဝင်အခွင့်အရေးမှာ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြ ထားရုံ သာမက လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အနိမ့်ဆုံး မရှိမဖြစ်အဖြစ် အပ်နှင်းရန် သဘောတူ သတ်မှတ် ထားသည့် နိုင်ငံတကာ စံချိန်စံနှုန်းများထဲတွင် တခုအပါအ၀င်ဖြစ်ပါသည်။ 

မရှိမဖြစ် အနိမ့်ဆုံး နိုင်ငံတကာ စံချိန်စံနှုန်းများ ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် ဆန္ဒပြချင်သူများအတွက် ၄င်းတို့အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်အား အကာအကွယ်ပေး အာမခံထားသည့် မူဝါဒများ၊ သဘောတူညီချက်များ ချမှတ်ပြဌာန်းထားပါသည်။ 

ဆန္ဒပြချင်သူများ အနေဖြင့် မည်သည့်အတွက် ဆန္ဒပြသည်ဆိုသည့် ရည်ရွယ်ချက်အား အာဏာပိုင်များ သိစေရန် အလေးထားလာစေရန် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြချင်သူများအနေဖြင့် စုဝေးခွင့် ဆန္ဒပြခွင့်အတွက် ခွင့်တောင်းရန် မလိုအပ်ကြောင်း တွေ့ရပါသည်။ 

မြန်မာနိုင်ငံတွင်မူ အကျိုးအကြောင်းညီညွတ်စွာ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တောင်းခံမှုများအား ငြင်းပယ်ရန်နှင့် ခွင့်ပြုချက်တောင်းသော်လည်း မရသည့်အတွက် ခွင့်ပြချက်မရှိပဲဆန္ဒပြကြသည့် ဆန္ဒပြသူများအား ဖမ်းဆီးအရေးယူရန် ပုဒ်မ ၁၈ အား များသောအားဖြင့် အသုံးချမှုများ မကြာခဏဖြစ်ပွားနေပါသည်။ 

ဥရောပသမဂ္ဂ လူ့အခွင့်အရေး သဘောတူညီချက် အခန်း ၁၁ တွင် အစိုးရများအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား ချောချောမွေ့မွေ့ဖြစ်စေရေးအတွက် ပံ့ပိုးပေးရမည်ဟု အောက်ပါအတိုင်း ပြဌာန်းထားပါ သည်။ 

၁။ လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေး၊ စုရုံးပိုင်ခွင့်နှင့် အလုပ်သမားသမဂ္ဂများဖွဲ့စည်းခြင်းအပါအ၀င် မိမိအခွင့် အရေးနှင့် အကျိုးစီးပွားတို့အား ကာကွယ်ရန် အခြားသူများနှင့်စုပေါင်းကာ အဖွဲ့အစည်း အသင်းပင်းများ ဖွဲ့စည်းပိုင်ခွင့်ရှိသည်။ 

၂။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏ လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများအား ကာကွယ်ရန်အတွက်၊ ရာဇ၀တ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများအား ဟန့်တားရန်အတွက်၊ ပြည်သူလူထု လုံခြုံရေး သို့မဟုတ် နိုင်ငံတော် လုံခြုံရေး တို့အား ကာကွယ်ရန်အတွက် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေးများအား ကျင့်သုံးသည်ကို ပိတ်ပင် ဟန့်တားမှုများ မရှိစေရ။ 

ထိုဆန္ဒပြခွင့်အခွင့်အရေးများအား အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများ သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ကျင့်သုံးခြင်းမရှိစေရန် ဥပဒေအရ တားဆီးစည်းကြပ်ထားခြင်းများအား ယခုသဘောတူညီချက်မှ ဟန့်တားပိတ်ပင်ခြင်းမရှိစေရ

[1]။ ၁၉၄၈ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နှင့် ၂၀ တို့တွင် လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ပတ်သက်သည့် အခွင့်အရေးများအား အောက်ပါအတိုင်း ထည့်သွင်းပြဌာန်း ထားပါသည်။ 

အပိုဒ် ၁၉။ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။ 

အပိုဒ် ၂၀။ 

၁။ လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။ 
၂။ မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ

[2]။ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights-ICCPR) အပိုဒ် ၂၁ တွင်လည်း “လွတ်လပ်စွာ စုရုံးပိုင်ခွင့်အား အသိအမှတ်ပြုရမည်။ 

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုတွင်း အခြားသူများ၏ လွတ်လပ်ခွင့်များ သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများအား ကာကွယ်ရန်အတွက်၊ ရာဇ၀တ်မှုများ သို့မဟုတ် ဆူပူရမ်းကားမှုများ အား ဟန့်တားရန်အတွက်၊ ပြည်သူလူထု လုံခြုံရေးရေး သို့မဟုတ် နိုင်ငံတော် လုံခြုံရေးတို့အား ကာကွယ် ရန် အတွက် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဥပဒေမှပြဌာန်းဟန့်တားထားသည်များမှလွဲ၍ ထိုအခွင့်အရေးများအား ကျင့်သုံးသည်ကို ပိတ်ပင် ဟန့်တားမှုများ မရှိစေရ။


[3]” ဟု အတိအလင်း ထည့်သွင်းပြဌာန်းထားပါသည်။ 

မြန်မာနိုင်ငံအနေဖြင့် ထိုသဘောတူစာချုပ်အား လက်မှတ်ရေးထိုး အတည်ပြုထားသည့် နိုင်ငံပေါင်း ၁၆၇ နိုင်ငံတွင် မပါဝင်သော်လည်း လွတ်လပ်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုအတွက် ငြိမ်းချမ်းစွာစုဝေးခွင့် အားခွင့်ပြုရန် မည်မျှအရေးပါကြောင်း သဘောတူစာချုပ်တွင် ရှင်းရှင်း လင်းလင်း ဖော်ပြထားပါသည်။ 

အဆိုပါ နိုင်ငံတကာ ကြေညာစာတမ်းများ သဘောတူညီချက်များနှင့် စာချုပ်စာတမ်းများအားလုံးအနေဖြင့် ပြည်သူလူထု၏ ဆန္ဒပြခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများ တည်ရှိနေသည်ဆိုသည်နှင့် ၄င်းအခွင့်အရေး များအား မြှင့်တင် ကာကွယ်ပေးရန် လိုအပ်ချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ လုပ်ဆောင်ရမည့် အခြေခံလိုအပ်ချက်ပင်ဖြစ်ကြောင်း ဖော်ပြနေကြပါသည်။ 

ပြည်သူလူထု၏ အခြေခံအခွင့်အရေးများအား ကာကွယ်ရန် လိုအပ်ကြောင်း မည်သို့ပင် ဖော်ပြ အတည်ပြု ထားသည်ဖြစ်စေ မြန်မာနိုင်ငံတွင်မူ ပုဒ်မ ၁၈ သည် ၄င်းတို့၏ လူ့အခွင့်အရေးများအား လက်တွေ့ကျင့်သုံး ရန် ကြိုးပမ်းသည့် တက်ကြွလှုပ်ရှားသူများအား အရေးယူအပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့်သာ တည်ရှိနေ ခြင်း ဖြစ်ပါသည်။ 

မြန်မာအစိုးရအနေဖြင့် လွတ်လပ်မျှတသည့် ဒီမိုကရေစီအစိုးရဖြစ်လာစေရန် အမှန်တကယ် စစ်မှန်သည့် စိတ်ဆန္ဒ ရှိသည်ဆိုပါက ပုဒ်မ ၁၈ ကို သာမက ၄င်း ပုဒ်မကို အသုံးပြုသည့်နည်းလမ်းများကိုပါ ပြုပြင် ပြောင်း လဲရန် လိုအပ်ပါသည်။ 

စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံများအနေဖြင့် လက်ရှိအုပ်ချုပ်သူများအား ဆန့်ကျင်သူများ၊ သို့မဟုတ် စိတ် သဘော မတိုက်ဆိုင်သူများအား ခြိမ်းခြောက်အကျပ်ကိုင် ဟန့်တားနှောက်ယှက်ရန် သို့မဟုတ် အပြစ်ပေး အရေးယူရန် ရည်ရွယ်ချက်ဖြင့် ဥပဒေများအား ပြဌာန်းခြင်း၊ အသုံးပြုခြင်းမျိုး မရှိသင့်ပါ။ 

ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး အကျဉ်းချရန်၊ ၄င်းတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာစုရုံးခွင့်အား ငြင်းပယ်ကန့်သတ်ရန် ပုဒ်မ ၁၈ ကို အသုံးချနေခြင်းအား ကြည့်ခြင်းအားဖြင့် လွတ်လပ်ပြီး ပြည်သူတို့၏အခွင့်အရေးများအား အာမခံပေးထားသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ ရောက်ရှိရန် မြန်မာအစိုးရအနေဖြင့် များစွာအလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်ပါသည်။ 

ပုဒ်မ ၁၈ အား လိုသလိုအသုံးချမှုတွင် ဓားစာခံဖြစ်ရသူတို့၏ ဥပမာများ အောက်ဖော်ပြပါဖြစ်ရပ်များသည် ပုဒ်မ ၁၈ အားအသုံးပြုကာ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးအကျဉ်းချခြင်းများမှ ထင်ရှားသည့် ဥပမာ အချို့ဖြစ်ပါသည်။ 

အငြင်းပွားနေဆဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ မှု တရပ် စီစဉ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဦးမြင့်အောင်သည် ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အမိန့်ချအပြစ်ပေး ခံရပါသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သော်ငြားလည်း ဦးမြင့်အောင်အနေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၈ ချမှတ် အပြစ်ပေးခံခဲ့ရပါသည်။ ဦးမြင့်အောင်၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးမှာလည်း ကျပ် ၃၀၀၀၀ စီ ဒဏ်ငွေချမှတ် ခံခဲ့ရပါသည်။ 

ဒေါ်နော်အုန်းလှအနေဖြင့် လက်ပံတောင်း ကြေးနီစီမံကိန်းအား ကန့်ကွက်သည့် လူထုဆန္ဒပြပွဲတခုအတွက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပါ။ 

ခွင့်ပြုချက်တောင်းခံသည်ကို ငြင်းပယ် ခံရရုံသာမက ဒေါ်နော်အုန်းလှသည် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ကို ကျူးလွန်သည် ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။ 

ဒေါ်နော်အုန်းလှအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အတင်းအကျပ် အကြမ်းဖက်ဖမ်းဆီးရာတွင် အ၀တ်အစား များ စုတ်ပြဲကုန်သည်အထိ တွန်းထိုးဆွဲယမ်း ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ 

ဒေါ်နော်အုန်းလှသည် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရပြီး ပုဒ်မ ၁၈ ဖြင့် စွဲဆိုထား သည့် အမှုအား ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ကိုမိုးသွေးသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်ချီတက်သည့်အတွက် ပုဒ်မ ၁၈ အရ စွဲဆိုထားသည့် အမှုအား ရင်ဆိုင်နေရပါသည်။ 

ကိုမိုးသွေးသည် ၂၀၁၂ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်နော်အုန်းလှ နှင့် အတူ ပုဒ်မ ၁၈ အရ ထပ်မံ တရားစွဲဆိုခံခဲ့ရကာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုအောင်စိုးနှင့်အတူ ဖမ်းဆီး ထိန်း သိမ်း ခြင်း ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ 

ထို့နောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကိုဒီငြိမ်းလင်းနှင့်အတူ ထပ်မံစွဲဆိုကြားနာခံခဲ့ရ ပါသည်။ ကိုမိုးသွေးသည် ပုဒ်မ ၁၈ အရ အမှုပေါင်း ၃ မှု စွဲဆိုခံထားရပါသည်။ 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကော်မီတီမှ ကိုထင်ကျော်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူများအား အာဏာပိုင်များမှ အကြမ်းဖက်ဖြိုခွဲရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော် များ အရေးအား ဖြေရှင်းပေးရန်အတွက် အာဏာပိုင်များအား တောင်းဆိုဆန္ဒပြသည့်အနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်ကြီးဈေးမှ ဆူးလေဘုရားလမ်းအထိ တကိုယ်တော်လမ်းလျှောက် ဆန္ဒပြခဲ့ သည့်အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။ 

ကိုထင်ကျော်နှင့် လုပ်ဖော်ကိုင်ဖက် ၃ ဦးမှာ အင်းစိန်အကျဉ်းထောင် တွင် အချုပ်အဖြစ် ထိန်းသိမ်းခြင်း ခံနေကြရပြီး ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ (ခ) တို့အရ စွဲဆိုထားသည့် နောက်ထပ်အမှုများ ရင်ဆိုင်နေကြရ ပါသည်။ 

မျိးဆက်လှိုင်းနှင့် လူငယ်မျိုးဆက် အဖွဲ့ဝင်များဖြစ်ကြသည့် တင်ထွဋ်ပိုင်၊ လှိုင်မင်းဦး၊ စည်သူ၊ ကျော်သူ၊ နီလာဟန် နှင့် ကျော်နေလင်းတို့သည် ခွင့်ပြုချက်မရှိပဲ ဆန္ဒပြသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေကြရပြီး ၄င်းတို့ ဆန္ဒပြရာတွင် ဖြတ်သန်းခဲ့သည့် မြို့နယ် ၇ မြို့နယ် တရားရုံး တခုချင်းစီတို့မှ စွဲဆိုမည့် ပုဒ်မ ၁၈ စွဲဆိုချက်များအား ရင်ဆိုင်ကြရဖွယ်ရှိပါသည်။ 

၎င်းတို့ဆန္ဒပြခဲ့သည်မှာ ပုဒ်မ ၁၈ အား လိုသလိုအသုံးချနေခြင်းအား ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ ၄င်းတို့ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပုဒ်မ ၁၈ အရ ထိန်းသိမ်းခံနေကြရခြင်းဖြစ်ပါသည်။ 

တနေ့ထဲတွင်ပင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် အမှတ်တရအထိမ်းအမှတ်အဖြစ် လူရာ ပေါင်း များစွာအား ဦးဆောင်ချီတက် ဆန္ဒပြသည့်အတွက်ကြောင့် အခြားတက်ကြွလှုပ်ရှားသူ နှစ်ဦးမှာလဲ ပုဒ်မ ၁၈ အရ တရားစွဲဆိုခံခဲ့ရပါသည်။ 

၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်းတို့သည် လူ ၂၀၀ ခန့်အား ဦးဆောင် ကာ ဆန္ဒပြသည့်အတွက်ကြောင့် ပုဒ်မ ၁၈ အရ စွဲဆိုခံခဲ့ရပါသည်။ ၄င်းတို့အနေဖြင့် ဆန္ဒပြခွင့်ရရှိရန် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် တင်ပြတောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ခွင့်ပြုချက်မဲ့ ဆန္ဒပြသည်ဟူသည့် အကြောင်းပြချက်ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပါသည်။ 

အထက်ဖော်ပြပါ ဥပမာများသည် တရားဝင်ခွင့်ပြုထားသည့် ဆန္ဒပြခွင့်အား လက်တွေ့အကောင် အထည်ဖော် ကျင့်သုံးရန်ကြိုးစားရင်း တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးထိန်းသိမ်းခံရ သို့မဟုတ် အမှုစွဲဆိုခံရသည့် ဖြစ်ရပ်များထဲမှ ဥပမာ အချို့ပင်ဖြစ်ပါသည်။ 

လက်ရှိကာလတွင် ပုဒ်မ ၁၈ အရ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရသူပေါင်း ၁၂၈ ဦး ရှိပါသည်။ ထိုကဲ့သို့ တရားစီရင်ရေးအား ဖိနှိပ်အုပ်ချုပ်ရန်အတွက် လိုသလိုအသုံးချနေခြင်းသည် မြန်မာနိုင်ငံတွင် တရားစီရင်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတရပ် လုပ်ဆောင်ရန်နှင့် ဥပဒေစိုးမိုးမှုတရပ် ထူထောင်ရန် အမှန်တကယ် အရေးတကြီး လိုအပ်နေကြောင်း သိသာထင်ရှားစေသည့် အချက်ပင်ဖြစ်ပါသည်။ 

 “ဒါဟာ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှုပါ။ အာဏာပိုင်တွေကိုအလုပ်အကျွေးပြုဖို့ အတွက်ပဲ အလုပ်ဖြစ်တဲ့ ဥပဒေစိုးမိုးမှုပါ။ ပြည်သူလူထုကို ကာကွယ်ဖို့ ဒါမှမဟုတ် ကျမတို့အားလုံးရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဥပဒေစိုးမိုးမှုမဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုမရှိသမျှ လူ့အခွင့်အရေးအတွက် အာမခံ ချက်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။” 
 ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၂၀၁၂

[4] အနိမ့်ဆုံးမရှိမဖြစ် လူ့အခွင့်အရေး စံချိန်စံနှုန်းများအား အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲသည် ဥပဒေစိုးမိုးရေးဆိုသည်မှာ အုပ်ချုပ်သူများ အကျိုးစီးပွားအတွက် ဦးတည်လုပ်ဆောင် သည့် လုပ်ဆောင်မှုများဖြစ်သည်ဟု အစိုးရအာဏာပိုင်များမှ ယူဆနေသည့်အချက်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများအား ကာကွယ်ပေးခြင်း ကင်းမဲ့နေပါသည်။ 

ပြည်သူလူထု၏ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးရန် သို့မဟုတ် ကာကွယ်ပေးရန် ဖန်တီးထားသည့် တရားစီရင်ရေးစံနစ်တရပ်မရှိလျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ အကျိုးရှိမည့် အပြောင်းအလဲ အစစ် အမှန် များအားလည်း ဖော်ဆောင်ရန်ခဲယဉ်းပါလိမ့်မည်။ 

ထို့အတွက် တရားစီရင်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခြင်းမှစတင်ကာ ဥပဒေစိုးမိုးရေးတရပ် တည်ထောင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ဆောင်ဆောင်ရမည့် လုပ်ငန်းတရပ် ဖြစ်ပါသည်။ ပြည်သူလူထု၏ လူ့အခွင့်အရေးအား ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှုဖြစ်ရပါမည်။ 

ပုဒ်မ ၁၈ ကဲ့သို့ မျှတမှုမရှိ ရည်ရွယ်ချက် မမှန်သည့် ဥပဒေများအား ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်ရန် အစိုးရမှ အသုံးချခွင့်ရနေသမျှကာလပတ်လုံး ပြည်သူလူထု တရပ်လုံးသည်လည်း တရားမမျှတသည့် အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။ 

ဥပဒေစိုးမိုးမှုသည် ပြည်သူလူထု အခွင့်အရေးများအား ကာကွယ်ပေးသည့် ဥပဒေစိုးမိုးမှု ဖြစ်ရပါမည်။ ပြည်သူလူထု ရင်ဆိုင်နေရသည့် အပြစ်ပေးအရေးယူခံရခြင်းအား စိုးရွံ့မှုကို ဖယ်ရှားပေးရန် ရည်ရွယ် ချက်ဖြင့် ဖော်ဆောင်သည့် ဥပဒေစိုးမိုးမှု ဖြစ်ရပါမည်။ 

တရားစီရင်ရေးအား အုပ်ချုပ်ရေးပိုင်းမှ လွှမ်းမိုးစွက်ဖက်နေသည်ကို ဖယ်ရှားကာ တရားစီရင်ရေးအား သီးသန့်ဖြစ်စေရန် သီးခြားရပ်တည်နိုင်စေရန် ဖယ်ထုတ်လိုက်ခြင်းအားဖြင့် ဥပဒေစိုးမိုးမှုသည် နိုင်ငံရေး အရအသုံးချခံ သို့မဟုတ် အစိုးရ အာဏာပိုင်များ၏ အကျိုးစီးပွားအတွက် အသုံးချခံအဖြစ်မှ လျော့နည်း ကင်းလွတ်သွားမည်ဖြစ်သည်။ 

အထက်တွင် ဖော်ပြခဲ့သည့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ စံချိန်စံနှုန်းများ၊ သဘောတူ ညီချက်များ၊ စာချုပ်စာတမ်း များအား ပါဝင်အတည်ပြု လက်မှတ်ရေးထိုးခြင်းအားဖြင့်လည်း မြန်မာနိုင်ငံ တွင် အမှန်တကယ် လွတ်လပ်တရားမျှတသည့် တရားစီရင်ရေး မဏ္ဍိုင်တခု တည်ထောင်နိုင်ကြောင်း ဖော်ပြရာရောက်ပါသည်။ 

လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ မရှိတော့သည့် ဥပဒေဟောင်းများအား ပယ်ဖျက်လိုက်သော်ငြား အသစ်ပြဌာန်းသည့် ဥပဒေများသည် ဖိနှိပ်အုပ်ချုပ်ရေးကို ဆက်လက် အထောက်အကူပြုနေသည့် ဥပဒေများဖြစ်နေပါသည်။ 

အမှန်တကယ် အမှီအခိုကင်း လွတ်လပ်မျှတသည့် တရားစီရင်ရေးမဏ္ဍိုင်တရပ် တည်ရှိခြင်းအားဖြင့် ရေးဆွဲပြဌာန်းသော ဥပဒေများသည် အစိုးရအကျိုးစီးပွားအတွက် မဟုတ်ပဲ ပြည်သူလူထုအခွင့်အရေး များအား မြှင့်တင်ပေးရန် ကာကွယ်ပေးရန် ပိုမိုအာမခံချက်ပေးနိုင်ပါလိမ့်မည်။ 

ဆန္ဒပြခွင့်ဥပဒေသည် အပေါ်ယံအားဖြင့် ပြည်သူလူထု၏ လွတ်လပ်စွာဆန္ဒပြခွင့်အား အသိအမှတ်ပြု ကာကွယ်ပေးရန် ပြဌာန်းထားသည့် အသွင်ဆောင်သော်လည်း အတွင်းအနှစ်သာရတွင်မူ တက်ကြွ လှုပ်ရှားသူများအား ချုပ်ချယ် ကန့်သတ်ရန် အပြစ်ပေး အရေးယူရန် ဇောင်းပေးထားသည့်အတွက် ထိုအချက်များအား ဖယ်ရှားပြုပြင်ရပါမည်။ 

ထိုဥပဒေအား လက်ရှိအသုံးပြုနေသည့်ပုံစံအား ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ခြိမ်းခြောက် ဟန့်တား နှောက်ယှက် ဖိနှိပ် အပြစ်ပေးခြင်းများအား ဥပေဒမှခွင့်ပြုနေပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်လုပ်ကိုင်နေသည့် ပြုပြင်ပြောင်းလဲရေးများသည် ပြည်သူလူထုနှင့် ၄င်းတို့၏အခွင့်အရေးများ အား ကာကွယ်ပေးရန် လုံလောက်သည့် လုပ်ဆောင်မှုများမဟုတ်ကြောင်း ဖော်ပြနေသည့် တိုက်ရိုက် ဥပမာပင်ဖြစ်ပါသည်။ 

ထို့ကြောင့် ပုဒ်မ ၁၈ ကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်နေသည့် တရားစီရင်ရေးမဏ္ဍိုင် ပြုပြင် ပြောင်းလဲ ရေး၏ အစိတ်အပိုင်းတခုအဖြစ် လုပ်ဆောင်ရပါမည်။ 

အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့် တရား စီရင်ရေး မဏ္ဍိုင်တရပ် ဖော်ဆောင်ခြင်းနှင့် တရားမျှတ ဘက်မလိုက်သည့် ဥပဒေစိုးမိုးမှုတရပ် တည်ထောင်ခြင်းတို့သည် ဒီမိုကရေစီစံနစ်ဆီသို့ချီတက်ရာတွင် အဓိကလုပ်ဆောင်ရမည့် အချက်များ ဖြစ်ကြပါသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) 


ဆက်သွယ်ရန်- 
ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁ 
 ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှုး) ၀၉၄ ၂၅၃၀ ၈၈၄၀

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved