မန္တလေး အာဇာနည် ၁၇ ဦး အထိမ်းအမှတ် ကျင်းပမယ်

Thursday, November 7, 2013

~
 




 
၁၃၀၀ ပြည့် အရေးတော်ပုံ မန္တလေး အာဇာနည် ၁၇ ဦး ၊ ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မန္တလေး မြို့ခံ ရပ်မိ ရပ်ဖတွေနဲ့ လေးပြင် လေးရပ်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေ စုပေါင်းပြီး မန္တလေးမြို့မှာ ကြီးကျယ် ခမ်းနားစွာ ကျင်းပသွားဖို့ စီစဉ်ထားကြောင်းနဲ့ အမှတ်တရ ထုတ်ဝေမယ့် မဂ္ဂဇင်း စာစောင်များ အတွက်ကိုလည်း စာမူများ ဖိတ်ခေါ်ထားကြောင်း ဖြစ်မြောက်ရေး ကြိုးပမ်းနေသူ တဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်း ရဲ့ ပြောပြချက် အရ သိရပါတယ်။

မဂ္ဂဇင်းအတွက် ၀တ္ထုတို ၊ ဆောင်းပါး ၊ ကာတွန်း အစရှိသဖြင့် ပေးပို့ဖို့ စာမူတွေ ဖိတ်ခေါ်ထား ပါတယ်။ စာမူတွေကို ဖိတ်ခေါ်ထား ပါတယ်။ စာမူတွေကို  စာရေးဆရာ ဆူးငှက်ဆီကို ပေးပို့ရမှာပါ။ ဗြဟ္မစိုရ် အသင်းရုံးခန်းကိုလည်း ပေးပို့လိုက် ရပါတယ်လို့ အလင်းတန်း ဂျာနယ်ကို ပြောပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံ ကာလက မန္တလေး အာဇာနည် ၁၇ ဦးတို့ဟာ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့တာ လာမယ့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ . . .  ရက် ၊ မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်မှာ ၇၅ နှစ် ပြည့်မြောက်ပြီ ဖြစ်ရာ ၇၅ နှစ်ပြည့်နဲ့ တိုက်ဆိုင်ကာ ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ဖြစ်ပါတယ်။

အခမ်းအနား ကျင်းပနိုင်ရေး အတွက်ကိုလည်း အောက်တိုဘာ ၂၉ ရက် ၊ မွန်းလွဲပိုင်းက မန္တလေး မြို့ခံ ရပ်မိ ရပ်ဖတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက မန္တလေးမြို့ ၆၂ လမ်းက ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းရုံးခန်းမှာ  တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

တွေ့ဆုံ ဆွေးနွေးပွဲမှာ ဖြစ်မြောက်ရေး ကြိုးပမ်းသူ ကိုမင်းထက်ငြိမ်းချမ်းက ရှားပါး ဓာတ်ပုံတွေကိုလည်း ရမယ်ဆိုရင် လိုချင်ပါတယ်။ ၇၅ နှစ်မြောက် အထိမ်းအမှတ်မှာ မဂ္ဂဇင်း တစောင်ကိုလည်း အကျိုးအမြတ် အတွက် မဟုတ်ဘဲ သမိုင်းကြောင်း အထောက်အထား တခုအနေနဲ့  အမှတ်တရ ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။ ဖျောက်ထားချင်တဲ့ သမိုင်းကြောင်း တခုကို ပြန်ဖော်ထုတ် ကြတာပါ။ ကျနော်တို့ ခေတ်မှာ ပြန်ဖော်ထုတ်ပြီး နောင်လာ နောင်သားတွေကို လက်ဆင့်ကမ်း တာပါလို့ ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့ စီစဉ်ဖြစ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပြောသွားပါသေးတယ်။

ဒါ့အပြင် ဆွေးနွေးပွဲမှာ တက်ရောက်လာသူ တဦးကလည်း အထိမ်းအမှတ် အခမ်းအနားမှ သမိုင်းကြောင်း အမှန်သိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သရုပ်ပြ တင်ဆက်မှုတွေကိုလည်း ထည့်သွင်းဖို့ အကြံပြု ဆွေးနွေးရာ ကဏ္ဍတခုချင်း အလိုက် ရန်ပုံငွေများလည်း အသီးသီး ဖွဲ့စည်းပြီး ရန်ပုံငွေ ရှာဖွေသွားကြ မယ်လို့ သိရပါသေးတယ်။ ခရစ်သက္ကရာဇ် ၁၉၃၉ ခုနှစ် ၊ မြန်မာ သက္ကရာဇ် ၁၃၀၀ ပြည့်နှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်က နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ရင်း စစ်တပ် လက်နက်နဲ့ ပစ်သတ်ခံခဲ့ ရတဲ့ မန္တလေး အာဇာနည် ၁၇ ဦးတို့နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေဟာ ခေတ်အဆက်ဆက် အထူးသဖြင့် အရင် တပ်မတော် အစိုးရ သက်တမ်း တလျှောက်လုံး ဖျောက်ဖျတ် ခံခဲ့ရပြီး အာဇာနည် ၁၇ ဦး တို့ထားရှိရာ ဂူဗိမာန်ဟာလည်း ချုံနွယ် ပိတ်ပေါင်းများနဲ့ ဖုံးလွှမ်း ဖျောက်ဖျတ် ခံခဲ့ရကာမှ အရပ်သား အစိုးရ လက်ထက် အနည်းငယ် ပြန်လည် ရှင်းလင်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ကော်မတီ အနေနဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ် ကာလမှ စတင်ကာ အာဇာနည် ၁၇ ဦးတို့ရဲ့ သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သွားမှ ဖြစ်သလို အာဇာနည် ၁၇ ဦးတို့ရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကိုလည်း အရပ်သားပိုင် သမိုင်းဝင် ဗိမာန်ကြီး တခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်သွားတော့မှာ ဖြစ်တဲ့အတွက် သမိုင်း အချက်အလက် မှန်တွေ ပါဝင်တဲ့ ၀တ္ထု ဆောင်းပါး ကာတွန်းများနဲ့ ရှားပါး ဓာတ်ပုံများ ပေးပို့ကြဖို့နဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ဖို့အတွက် ရန်ပုံငွေများ လှူဒါန်း ပေးကြဖို့ မေတ္တာရပ်ခံ ထားတယ်လို့ အဲဒီနေ့က လုပ်တဲ့ ဆွေးနွေးပွဲ အရ သိရပါတယ်။

နန္ဒ (မန္တလေး)

   
(မှတ်ချက် -   ဒီသတင်းကို နိုဝင်ဘာ ၄  ရက်နေ့ထုတ်  အလင်းတန်းဂျာနယ်မှာ  ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်)

ဆက်စပ် -
 မန္တလေး အာဇာနည်နေ့ အစီအစဉ်
http://blog.irrawaddy.org/2013/03/blog-post_2327.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved