ဖွဲ့စည်းပုံပြင်ဖို့ ဧရာဝတီတိုင်းလွှတ်တော်မှာ ပထမဆုံးဆွေးနွေးမယ်

Monday, November 25, 2013

~


 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ကိစ္စကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။

 
ဒီလဆန်းပိုင်းက တိုင်းလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်း (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်းလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီက အစီရင်ခံစာ တင်သွင်းထားပါတယ်။

အဲဒီအစီရင်ခံစာနဲ့ပတ်သက်လို့ လာမယ့် ကြာသပတေးနေ့မှာ ပြန်လည်ကျင်းပမယ့် ပထမအကြိမ် ဧရာဝတီတိုင်းလွှတ်တော် အဋ္ဌမမြောက်ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ၀ိုင်းဝန်းဆွေးနွေးသွားဖို့ရှိကြောင်း သိရပါတယ်။

“လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ လေ့လာရေးကော်မတီက ဒီလ ၇ ရက်နေ့က အစီရင်ခံစာ တင်သွင်းထားတယ်။ ပြင်ဆင်ဖို့ အချက် ၉ ချက် အဆိုပြုထားတာတွေက အရမ်းကောင်းပါတယ်။ အဲဒါတွေကို မကြာခင်ပြန်စမယ့် အစည်းအဝေးမှာ ၀ိုင်းပြီး ဆွေးနွေးကြမှာပေါ့” ဟု ငပုတောမြို့နယ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ဧရာဝတီကိုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီကို တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ခန့်အပ်ဖွဲ့စည်းပေးခြဲ့ခင်းဖြစ်ပြီးတော့ ကော်မတီဥက္ကဋ္ဌအဖြစ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

အဖွဲ့ဝင်များအဖြစ် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်တွေအပြင်
ဗိုလ်မှူးမြင့်နိုင်၊ ဗိုလ်မှူး အောင်ဇော်သင်း၊ ဗိုလ်မှူး အောင်ကျော်ထက်စတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်းဥပဒေအရာရှိ၊ တိုင်းတရားရေးဦးစီးမှူးစတဲ့ ဥပဒေပညာရှင်များ အပါအ၀င် အဖွဲ့ဝင် ၂၀ နဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။

အဲဒီကော်မတီဝင်တွေစုပေါင်းပြီး ဖွဲ့စည်းပုံကိုလေ့လာသုံးသပ်ပြီးတဲ့အခါမှာ အများသဘော တူညီချက်နဲ့ ရရှိလာတဲ့ ပြင်ဆင်ရန် အဆိုပြုချက် ၉ ချက်ကို အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ပြင်ဆင်ရန်အဆိုပြုထားတဲ့အချက်တွေထဲမှာ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်နိုင်တဲ့  အခန်း ၁၂ (ဖွဲ့စည်းပုံပြင်ဆင်ခြင်း) ပြဌာန်းချက်ဟာ အလွန်တင်းကျပ်လွန်းတဲ့အတွက် ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း  အဆိုပြုထားပါတယ်။

ဒါ့အ့ပြင် အခြေခံဥပဒေ ပုဒ်မ ၈ မှာ ဖော်ပြထားတဲ့ “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဆိုတဲ့ စကားရပ်အစား “နိုင်ငံတော်ကို ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဆိုပြီး ပြင်ဆင်ဖို့ အဆိုပြုထားတာပါ။

ပြင်ဆင်ရန်အကြောင်းပြချက်ကတော့ လက်ရှိဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ညွှန်ပြနေကြောင်း၊ ဖက်ဒရယ်စကားရပ်ကို တရားဝင်ပြင်ဆင်ထည့်သွင်းခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း၊ သိမ်မွေ့စွာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အချိန်ယူစဉ်းစားသင့်ကြောင်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေနဲ့ပတ်သက်လို့ကတော့  ၀န်ကြီး၊ ဒုဝန်ကြီးခန့်အပ်ခံရရင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ရတဲ့ပြဌာန်းချက်အစား ပြည်သူတွေရဲ့ ရွေးကောက် တင်မြှောက်မှုကို လေးစားသောအားဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ရန် မလိုကြောင်းနဲ့ ပါတီလုပ်ငန်းစဉ်များကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ရှိုကြောင်း ပြင်ဆင်ပေးဖို့ အဆိုပြုထားပါတယ်။

နောက်ထပ်အဆိုပြုချက်တခုကတော့ ဖွဲ့စည်းပုံမှာ တိုင်းနဲ့ပြည်နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးဌာန (ထွေ/အုပ်) အကြီးအကဲတွေကို သက်ဆိုင်ရာဒေသအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးနဲ့ အစိုးရရုံးအဖွဲ့ အကြီးအမှူးအဖြစ်ခန့်အပ်ဖို့ ပြဌာန်းထားတဲ့ကိစ္စကို ပြင်ဆင်ပေးဖို့ပါ။

ပြင်ဆင်ဖို့ကတော့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကို ဒေသအစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ်ခန့်အပ်ဖို့၊ အဲဒီပုဂ္ဂိုလ်ကို အစိုးရရုံးအဖွဲ့ အကြီးအမှူး အဖြစ်ထားရှိဖို့နဲ့ တိုင်းနဲ့ပြည်နယ် ထွေ/အုပ် အကြီးအကဲတွေကို အစိုးရရုံးအဖွဲ့ ဒုတိယ အကြီးအမှူးအဖြစ်ထားရှိဖို့ အဆိုပြုထားပါတယ်။

“တိုင်းနဲ့ပြည်နယ် အစိုးရကက်ဘိနက်အဖွဲ့ဝင်တွေဟာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်သင့်ပါတယ်။
တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးမှူးတွေဟာ အစိုးရ၀န်ထမ်းတွေ ဖြစ်နေတော့ အစိုးရ၀န်ထမ်းဟာ ဒေသအစိုးရရဲ့အတွင်းရေးမှူးဖြစ်လို့ မရပါဘူး။
အခုဖြစ်နေတာက ၀န်ကြီးချုပ်က အစိုးရအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး၊ ကျန်တဲ့ဒေသဆိုင်ရာဝန်ကြီးတွေက အစိုးရအဖွဲ့ဝင် ဖြစ်နေတော့ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ဝန်ကြီးတွေက တိုင်းအုပ်ချုပ်ရေးမှူးထက် တဆင့်နိမ့်တဲ့ အနေအထားဖြစ်နေတယ်။
ဒါကိုပြင်ဖို့လိုပါတယ်”လို့ အမည်မဖော်လိုတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒါ့အပြင် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးဌာနတွေမှာ အုပ်ချုပ်ရေးမှူး ဆိုတဲ့အသုံးအနှုန်းအစား စီမံခန့်ခွဲရေးမှူး ဆိုတဲ့ အသုံးအနှုန်းပြောင်းလဲပစ်ဖို့ နောက်ဆက်တွဲ အဆိုပြုချက်အဖြစ် ထည့်သွင်းနိုင်အောင် ဆွေးနွေးသွားမယ်လို့ ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးဆိုတဲ့အသုံးအနှုန်းက စကားလုံးအရကို တင်စီးနေတယ်။
လွှမ်းမိုးနေတယ်။ သူကအုပ်ချုပ်သူ၊ ပြည်သူက အုပ်ချုပ်ခံဆိုတဲ့သဘော သက်ရောက်နေတယ်။ အဲဒီအစား စီမံခန့်ခွဲရေးမှူးလို့ပြောင်းရင် ပိုသင့်တော်မယ် ထင်မိတယ်။ အဲ့လိုပြောင်းလဲဖို့ကိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်တခုအဖြစ် ထည့်သွင်းနိုင်အောင် ဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်”လို့ သူက ပြောပါတယ်။

အဲဒီအဆိုပြုချက် ၉ ချက်ကို လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြုတဲ့အချက်တွေကို တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၇၂ ဦးရှိတဲ့အနက်
ကြံ့ခိုင်ရေးပါတီက ၄၇ ဦး၊
တစညပါတီက ၆ ဦး၊
NLD ပါတီက ၁ ဦးနဲ့
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ပါဝင်ပါတယ်။

ရာခိုင်နှုန်းအားဖြင့်တော့
ကြံ့ခိုင်ရေးပါတီက ၆၅.၂၈ ရာခိုင်နှုန်း၊
တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊
တစညပါတီက ၈.၃၃ ရာခိုင်နှုန်းနဲ့
NLD ပါတီက ၁.၃၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved