ဘယ်လ်ဂျီယန် အနုပညာရှင် ၃ ဦး၏ ပန်းချီပြပွဲ

Tuesday, December 31, 2013

~



ဘယ်လ်ဂျီယန် သံရုံးက ဦးစီးပြီး ဘယ်လ်ဂျီယန်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းတွင် ခင်းကျင်း ပြသပါသည်။
 

 Three Colours of Belgium ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီလက်ရာများ (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
ယင်း ပန်းချီပြပွဲ အကြောင်း မတင်ပြမီ ဘယ်လ်ဂျီယန် နိုင်ငံအကြောင်း အနည်းငယ် တင်ပြပါမည်။

ဘယ်လ်ဂျီယန် နိုင်ငံ သည် ဥရောပ အနောက်ပိုင်းတွင် တည်ရှိသည့် federal monarchy ဖယ်ဒရယ်စနစ်ကို ကျင့်သုံးသော ဘုရင့်နိုင်ငံ ဖြစ်သည်။ ဥရောပ သမဂ္ဂ အဖွဲ့ကို ထူထောင်ရာတွင် ဦးဆောင်အခန်းကဏ္ဍက ပါဝင်သည့် နိုင်ငံဖြစ်ပြီး၊ မြို့တော်မှာ ဘရပ်ဆဲလ် (Grussel) ဖြစ်သည်။ ဘယ်လ်ဂျီယန် နိုင်ငံတွင် ပြင်သစ်၊ ဒတ်ခ်ျ၊ ဂျာမန် စသည့် ဘာသာစကားများကို ရုံးသုံးအဖြစ် သတ်မှတ်ထားသည်။ ဧရိယာ အကျယ်အ၀န်း ၃၀,၅၂၈  စကွဲယား ကီလိုမီတာ (၁၁,၇၈၇ စကွဲယားမိုင်) ကျယ်ဝန်းသည့် ဘယ်လ်ဂျီယန် နိုင်ငံတွင် ၂၀၁၂ ခုနှစ် အထိ လူဦးရေ ၁၁,၀၃၅,၉၄၈ ဦး ရှိသည်။ ဘယ်လ်ဂျီယန်၏ ဘုရင်မှာ King Phillippe ဖြစ်ပြီး ၀န်ကြီးချုပ်မှာ Elio Di Rupo ဖြစ်ကြောင်း သိရသည်။

ဘယ်လ်ဂျီယန် နိုင်ငံသည် ဥရောပ နိုင်ငံတခု ဖြစ်ပြီး၊ မြန်မာနိုင်ငံက အာရှနိုင်ငံ တခုဖြစ်သည်။ ဘယ်လ်ဂျီယန် နိုင်ငံ၏ အလံသည် အနီ၊ အ၀ါ၊ အနက် သုံးရောင်ခြယ် ဖြစ်ပြီး၊ ပြောင်းလဲထားသည့် မြန်မာနိုင်ငံ အလံသည်လည်း အ၀ါ၊ အနီ၊ အစိမ်း သုံးရောင်ခြယ် အလံဖြစ် သည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် ဘယ်လ်ဂျီယန် အနုပညာရှင် သုံးဦး၏ အနုပညာ လက်ရာများကို Three Clolurs of Belgium အမည်ဖြင့် နေပြည်တော်နှင့် ရန်ကုန်တွင် ပန်းချီပြပွဲများ ပြသခဲ့သည်။ ရန်ကုန်တွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ မှ ၁၃ ရက်နေ့အထိ လောကနတ် အနုပညာ ပြခန်း၌ ခင်းကျင်း ပြသပါသည်။

ပြပွဲ ဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယန် သံအမတ်ကြီး မာ့ခ် မီခေးလ်ဆန် (Marc Michielsen, Ambassador of the Kingdom of Belgium) က ပြပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြော ပါသည်။ ဘယ်လ်ဂျီယန်တွင် မွေးဖွားပြီး ဘယ်လ်ဂျီယန် အနုပညာ အကဲဒမစ် ကျောင်းအမျိုးမျိုးမှ ဘွဲ့ရရှိခဲ့ကြသည့် အနုပညာရှင် ၃ ၏ မတူခြားနားသည့် ပုံဖော်ဖန်တီးမှုကို မြန်မာပရိတ်သတ်အား မျှဝေတင်ဆက်ခြင်း ဖြစ်ကြောင်း၊ ၂၁ ရာစု၏ မီဒီယာ၊ စတိုင်၊ သီအိုရီနောက်ခံ အမျိုးမျိုးဖြင့် ဖန်တီးမှုများကို နှစ်သက်ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောသည်။

ပြပွဲတွင် Artist Christian Develter (ခရစ္စတီယန် ဒီဗဲလ်တာ) ၏ လက်ရာ ၆ ခု၊ Artist Hugo Besard (ဟူဂိုဘီဆာ့ထ်) ၏ လက်ရာ ၁၉ ခု၊ Artist Niki Kokkinos (နိကိကော့ကိနော့စ်) ၏ လက်ရာ ၁၂  ခု၊ စုစုပေါင်း ၃၇ ခု ခင်းကျင်း ပြထားပါသည်။

ခရစ္စတီယန် ဒီဗဲလ်တာကို ၁၉၆၈ ခုနှစ်တွင် ဘယ်လ်ဂျီယန်နိုင်ငံ ၀က်စ်ဖဲစ်ဒါးစ်၊ ဘလဲကင်န်ဘာ့ဂ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်များ ကတည်းက အာရှ (ထိုင်းနိုင်ငံ) တွင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ သူ၏ အနုပညာ ဖန်တီးမှုသည် ရုပ်ပိုင်းဆိုင်ရာ အလှအပကို သာမက ထင်ပေါ်ကျော်ကြားသူများ၏ တဦးချင်း စိတ်ဝိဉာဉ်ကို ရှာဖွေခြင်း ဖြစ်သည် ဟု အာရှအနုပညာသတင်း အယ်ဒီတာချုပ် အီယန်ဖင်ဒလေက မှတ်ချက်ပြုသည်။ ပြပွဲတွင် ပြသထားသည့် သူ၏ လက်ရာများတွင် မြန်မာတိုင်းရင်းသား ချင်းလူမျိုးတို့၏ ပါးရဲထိုးသည့် အနေအထားအတိုင်း အခြား ထင်ရှားသည့် အာရှအမျိုးသမီးများ၊ အမျိုးသားများ ပုံတူပန်းချီကားများ ရေးဆွဲထားသည်ကို တွေ့ရသည်။

သူ၏ ရေးဆွဲပုံကို သုံးသပ်ရရင် Contrast ဖြစ်သည့် ပကတိ အရောင်များကို အသုံးပြုပြီး Portrait ၏ Character ကို ပေးလွင်အောင် ရေးဆွဲနိုင်သည်ဟု သုံးသပ်ရရှိသည်။

ဟူဂိုဘီဆာ့ထ် ကို ၁၉၅၅ ခုနှစ်တွင် ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲ၌ မွေးဖွားသည်။ သူသည် ဂရပ်ဖစ် အနုပညာရှင် ဖြစ်သည်။ ဖိနှိပ်ဖောင်းကြွ ဖန်တီးသည့် Etching ဘာသာရပ် ပါမောက္ခ တဦးလည်းဖြစ်သည်။ Etching ဆိုသည်မှာ စာရွက်၊ ကြေးပြား၊ သံပြားများ အပေါ်တွင် ဖိနှိပ် ဖောင်းယူ ပုံဖော်ဖန်တီးယူသည့် အနုပညာရပ် ဖြစ်သည်။ သူ၏ လက်ရာ ပန်းချီကားများသည် လူသား၊ သဘာဝတရား၊ ရှင်သန်ရပ်တည်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ အတွန်းအထိုး၊ အတွန်းအတိုက်နှင့် ၀ိရောဓိများကို အဖိအဖော့ အပျော့အမာတို့နှင့် ပေါင်းစပ် ဖန်တီးတင်ပြသည်ကို တွေ့ရသည်။ ယင်းတွင် သဘာဝန်းကျင်ရေးရာ Issue လည်း ပါဝင်နေသည်။

နိကိကိုကီနော့စ် သည် စက္ကူ ပန်းချီဆရာမ တဦးဟု ဆိုနိုင်သည်။ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ် တွင်နေထိုင်သည်။ သူမသည် ပိုလီအက်စတာ ရုပ်ရှင်ဖလင်များ၊ သင်္ဘောသားသုံး ကင်းဗတ်များ ပေါ်တွင်လည်း ပန်းချီရေးဆွဲသည်။ တဖန် ဂျပန်စက္ကူအချပ်ကြီးပေါ်တွင် ခေါက်ယူ ပုံစံချပြီး ဖန်တီးတင်ပြသည်။ ယခု ပြပွဲတင် ပြသထားသည့် သူမ၏ အနုပညာ လက်ရာများတွင်  အထပ်ထပ် အတွန့်တွန့် ထပ်ပြီး ဖောက်ထွင်း မြင်ရသည့်နည်းတူ ပုံသဏ္ဍာန် ၀ိုးတ၀ါးနှင့် တိကျမှုကြားက လွဲချော်မှုများ၊ မရေရာမှုများ ကိုလည်း တွေ့မြင်စေသည်ဟု သုံးသပ်ရပါသည်။

ဓလေ့ထုံးတမ်း အစဉ်အလာများ၊ စိတ်ကူးများ၊ အတွေးအခေါ်များ၊ အတွေးအကြံများ၊ အတွေ့အကြုံများ၊ ခံစားမှုများ  အပေါ် အခြေတည်၍ အနုပညာဖန်တီးမှုများ ပြုလုပ်ကြခြင်း ဖြစ်ရာ အနုပညာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူ့အဖွဲ့အစည်း ၏ ရင့်ကျက်မှုကို ပြသခြင်း ဖြစ်သကဲ့သို့ ထို အနုပညာကို မျှဝေခြင်းသည် အနာဂတ် လူ့အဖွဲ့အစည်းကို အားပေး မြှင့်တင်ရာလည်း မည်ပါသည်။ တနည်းအားဖြင့် အားကောင်းသော အနုပညာ ဖန်တီးမှု၊ အားကောင်းသော လက်ခံ အားပေးမှု များဖြင့် ရင့်ကျက်တည်ငြိမ်သော လူ့အဖွဲ့အစည်းကို ထူထောင်စေနိုင်မည် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပေါ်ပေါက်နေသည့် ပဋိပက္ခ (Conflict) များတွင် “We hate them because we don't know them.” အစား “We love each other because we know each other.” အဖြစ် ပြောင်းယူ ပေါင်းဆင့် ပေးနိုင်သည်မှာ အနုပညာသာ ဖြစ်ပါသည်။

ဘယ်လ်ဂျီယန် သံရုံးက ကြီးမှူးကျင်းပသည့် Three Colours of Belgium ပြပွဲကို ခြုံ၍ သုံးသပ်ရလျှင် နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်မှု အတွက် အရေးပါပြီး၊ အခြေခံကျသည့် ပေါင်းကူးတခု ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အနုပညာရှင်များနှင့် ပြည်သူများကြား အပြန်အလှန်နားလည်မှုနှင့် အားပေးခံစားနိုင်မှု များကို အားပေးမြှင့်တင်ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း။    ။

နိုင်စွမ်း


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved