ငိုက်ရင် မမောင်းနဲ့၊ မောင်းရင် မငိုက်နဲ့

Friday, December 27, 2013


ထိုင်းနိုင်ငံ မြောက်ပိုင်း ဖက်ချဘွန်ခရိုင်တွင်းမှာ ခရီးသွားဘတ်စ်ကား တစီး ဟာ ချောက်ထဲ ကျသွားလို့ လူပေါင်း ၂၉ ဦး သေဆုံးသွားပါတယ်။ 

 မနေ့ညက ချောက်ထဲကျသွားတဲ့ ဘတ်စ်ကားတစီး၊ ဓာတ်ပုံ-ထိုင်းဘာသာ မန်နေဂျာ အွန်လိုင်း

မနေ့က ည သန်းခေါင်းကျော် ယနေ့ နံနက် ၁၂ နာရီ ခွဲလောက်က ဖြစ်ပွားခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါ တယ်။ 

“ဘတ်စ်ကားမောင်းသူ အိပ်ငိုက်သွားတယ်လို့ ကျနော်တို့ သံသယဖြစ်တယ်” လို့ ဖက်ချဘွန် ခရိုင် ရဲဋ္ဌာန အကြီးအကဲ စခွတ် ဆမ်မန်နာက အေအက်ဖ်ပီကို ပြောထားပါတယ်။ 

အခုတော့ ပေ ၁ဝဝ လောက်နက်တဲ့ ချောက်ထဲကနေ အလောင်း ၂၈ လောင်းကို တွေ့ခဲ့ပြီလို့ သူက
ပြောပြီး ၁ ဦးကတော့ ဆေးရုံရောက်မှ ဆုံးသွားတာလို့ သူက ဆက်ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ အပြောအရ ဘတ်စ်ကားဟာ အတော်မြန်မြန်မောင်းခဲ့တယ်လို့ ဆိုပြီး ကားပေါ်မှာ ခရီးသည် ၄ဝ တင်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်မှာခရီးသွားတွေလို့သာ ဖော်ပြထားပြီး နိုင်ငံခြားသားတွေ ပါ၊ မပါ၊ဆိုတာနဲ့ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ သေချာ ဖော်ပြမထားသေးပါဘူး။ 

အခု နှစ်သစ်ကူး ရာသီမှာ ထိုင်နိုင်ငံမှာ နိုင်ငံခြား ခရီးသွားတွေဟာ သန်းနဲ့ချီပြီး ရှိတာပါ။ အခုလို ယာဉ် မတော်တဆ ဖြစ် တာကြောင့် ထိုင်းခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် သက်ကြီးဘုရားဖူးယာဉ် တစီး ချောက်ထဲ ကျသွားလို့ အနည်းဆုံး လူ ၂၀ သေဆုံး ခဲ့ရပါသေးတယ်။ 

အခုလို လူသေမှုတွေဖြစ်တဲ့ ယာဉ်မတော်တဆဖြစ်ရပ်တွေက ထိုင်းနိုင်ငံမှာတော့ မကြာခဏ ဖြစ်လေ့ရှိ တယ် လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ မကြာသေးခင်က အစီရင်ခံစာ အရ လူ ၁ သိန်းမှာ ယာဉ်မတော်တဆဖြစ်မှုကြောင့် လူ ၃၈.၁ ဦး သေဆုံးရတယ်လို့ ဆု ထားပြီး ဒါဟာ အရှေ့တောင်အာရှမှာ ဖြစ်ပွားမှုက ၁၈.၅ ရာခိုင်နှုန်းတောင်ပါဝင်တယ်လို့ သိရပါတယ်။ 

အခုလို မော်တော်ကား ချောက်ထဲ ကျသွားတဲ့ လူသေဆုံးမှုများတဲ့ သတင်းဟာ ရဲက သံသယဖြစ်သလို ယာဉ်မောင်းတွေအနေနဲ့ အိပ်မငိုက်ဖို့ သတိပေးနေတာပါ။ 

ဒါကြောင့်  ငိုက်ရင် မမောင်းနဲ့ မောင်းရင် မငိုက်နဲ့ လို့ ပြောရမှာပါ။ 



အိမ့်သံစဉ် ~ 




.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved