စိတ်ဝင်စားဖွယ် ချင်းဒေါင်း ဂူ

Friday, December 6, 2013


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့အနီး ချင်းဒေါင်းဆိုတဲ့ မြို့ကလေးမှာ သဘာဝ ကျောက်ဂူကြီးတခုရှိပါတယ်။ ချင်းမိုင်မြို့ကနေ မြောက်ဘက် ၇၅ ကီလိုမီတာကျော် ဝေးပြီး ကားနဲ့ မောင်းသွားရရင် ၁ နာရီ မိနစ် ၂၀ လောက် ဝေးတဲ့ ချင်းဒေါင်းခရိုင်၊ ချင်းဒေါင်းမြို့ကလေးကို ရောက်ပါတယ်။ 



မြို့ကို မရောက်ခင်ကတည်းက လှပတဲ့ တိမ်တွေကို အဝတ်တန်ဆာလို ဆင်မြန်းထားတဲ့ တောင်ကြီးတခုက ငုံ့ပြီးဆီးကြို နေသလိုပါပဲ။ လမ်းတလျှောက် စိမ်းလမ်းတဲ့ ကျွန်းပင်တွေ၊ ထင်းရှုးပင်တွေ၊ အခြား သစ်ပင် ကြီးတွေနဲ့ သဘာဝ ရနံ့ကို အပြည့်အဝ ရှုရှိုက်ခွင့် ရပါတယ်။ 



ချင်းဒေါင်းမြို့ကို ဝင်လာပြီး နောက်ထပ် ၅ ကီလို မီတာလောက် ဝေးတဲ့ ချင်းဒေါင်းဂူကို ရောက်တဲ့အခါ သဘာဝ ကျောက်ရေ ကန်၊ ငါးကန်တွေနဲ့ ခရီးသွားဧည့်သည်တွေလည်း အတော်စည်ကားတာတွေ့ရ ပါတယ်။ 


ဂူရဲ့ အ၀င်ဝမှာတော့ လျှပ်စစ်မီး အတွက်ဆိုပြီး ထိုင်းလူမျိုး ၁ ဦးအတွက် ဘတ် ၂၀ ( ၆၀၀ -ကျပ် ၀န်းကျင်) နဲ့ နိုင်ငံခြား သား တဦးအတွက် ဘတ် ငွေ ၄၀ ပေးရပါတယ်။ 

ချင်းဒေါင်းဂူ အဝင်မှာတွေ့ရတဲ့ နတ်ရုပ်တချို့

သဘာဝဂူကြီးထဲကို ရောက်တာနဲ့ တနေရာ မှာတော့ အောက်လင်းဓာတ်မီးတွေနဲ့အတူ တူညီဝတ်စုံတွေ ဝတ်ထားတဲ့ ဒေသခံတွေက ဧည့်သည်တွေကို ဆီးကြိုနေကြပြီး ဂူထဲကို သွားတာမှာ တဦးတည်း မီးအိမ်မပါဘဲ သွားခွင့် မရှိဘူးလို့ ပြောပါတယ်။ 

ချင်းဒေါင်းဂူအတွင်း မီးအိမ်ရှင် ဒေသခံ လမ်းပြများ

အကယ်၍ သွားခဲ့လို့ အန္တရာယ် တစုံတရာ ဖြစ်ခဲ့ရင် တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ရှင်းပြပါတယ်။ စာတွေလည်း အင်္ဂလိပ်၊ ထိုင်း ၂ ဘာသာနဲ့လည်း သတိပေး ရေးသားထားပါတယ်။ 


ဂူထဲကို အောက်လင်းဓာတ်မီးနဲ့ လူတဦးအတွက် ဘတ် ၁၀၀ နဲ့ လမ်းပြတဦးအတွက်ကတော့ စေတနာ ရှိသလို ပေးရပြီး ဂူ အတွင်း စတင်ဝင်ကြပါတယ်။ 


ထူးခြားတာက မှောင်ပိန်းနေတဲ့ ဂူထဲ ဝင်လိုက်တာနဲ့ နွေးထွေးသလို ခံစားရပြီး လမ်းပြနဲ့ အောက်လင်း ဓာတ်မီး ( မီးအိမ်) ဆွဲသူက ဂူထဲက ကျောက် ပန်းဆွဲတွေနဲ့ ဂူကြီးအကြောင်း ရှင်းပြတယ်။ 

ရဟန်းတပါး လဲလျောင်းနေတဲ့ ပုံသဏ္ဍန် ကျောက်သား

ဒီ ဂူကြီးဟာ နှစ်ပေါင်း တထောင်ကျော်ရှိပြီး နတ်တွေ၊ ဘီလူးတွေ စောင့်ရှောက်နေထိုင်တဲ့ ဂူလို့ လည်း 
ဒေသခံတွေက ယုံ ကြည်ကြတယ်လို့ သိရပါတယ်။ 



တနေရာအရောက်မှာ ကျယ်ဝန်းတဲ့ နေရာတခုကို လမ်းပြက ညွှန်ပြပြီး အဲဒီနေရာက နတ်တွေ ပျော်မြူး ကစားတဲ့ နေရာလို့ ရှင်းပြပါသေးတယ်။ တချို့ကျောက်ပန်းဆွဲတွေက ဖျံနဲ့ တူတာ၊ ရေမြင်းနဲ့ တူတာ၊ ဆင်နဲ့တူတာ စသဖြင့် ရှင်းပြကြပါတယ်။ 



တချို့နေရာတွေမှာ ဂူပေါက်က သိပ်ကျဉ်းလွန်းပြီး လူတကိုယ် ခေါင်းငုံ့ ဝင်ထွက်သွားရတဲ့နေရာတွေလည်း ရှိပါတယ်။ ဂူအတွင်း တချို့မတ်စောက်တဲ့ လှေကားတွေလည်း ရှိပြီး တွင်းပေါက်ကြီးတွေလည်း ရှိတာတွေ့ ရပါတယ်။ 

မိုးတွင်းဆိုရင် တော့ ဒီ ဂူထဲမှာ ရေတွေလည်း များတတ်ပါတယ်။ တခါတခါ မိုးသိပ်ရွာရင် ဂူရဲ့နေရာတချို့ ကို သွားဖို့ တားမြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဂူအတွင်းနေရာ တချို့မှာ ရေတွေနဲ့ ပြည့်သွားလို့ပါ တဲ့။ 



ဒီ ဂူကြီးထဲမှာ ကျောက်ကလပ်တခုအပေါ်မှာ ရဟန်းပုံ သဏ္ဍန် သဘာဝ ကျောက်သားကိုလည်း သင်္ကန်း
တွေ ဝတ်ဆင်မြန်းကာ ပူဇော်ထားတာ တွေ့ရပါတယ်။ တခြား ဂူအတွင်း ကျောက်နံရံ အခြေတချို့မှာလည်း အလားတူ ရဟန်းပုံသဏ္ဍန် ကျောက်သားတွေကို တွေ့ရပါတယ်။ 

ရဟန်း ကျောက်သား ရုပ်တုတွေကို ပူဇော်ပြီး ဆုတောင်းရင် လိုရာ ဆုပြည့်တယ်လို့ အယူရှိကြတဲ့ အကြောင်းလည်း သိရပါတယ်။ 


တခါ ကျောက်ဂူထဲက အပေါ် ကျောက်နံရံတွေမှာ လင်းနို့တွေလည်း တွေ့ရသလို ကျောက်ပန်းဆွဲကို လက်နဲ့ ထုလိုက်ရင် မောင်းသံလို တူရိယာသံတွေလည်း ပေါ်ထွက်လာပါတယ်။ 

ဂူအတွင်း ၁ နာရီဝန်းကျင်လောက် သွားခဲ့တာမှာ တချို့နေရာတွေက ခက်ခက်ခဲခဲ လမ်းလျှောက်ရ တဲ့ နေရာတွေလည်း ရှိပေမယ့် မီးအိမ်ကိုင် လမ်းပြက တလမ်းလုံး သတိပေးပြောဆိုပေးပါတယ်။ 

ဂူအတွင်း အတော် မှောင်တဲ့နေရာတခုရဲ့ ကျောက်ကလပ်ပေါ်မှာတော့ ချင်းဒေါင်းဂူရှိရာ တောင်ကြီးကို 
စောင့်ရှောက်တဲ့ ရသေ့ကြီးရဲ့ ရုပ်တုကိုလည်း တွေ့ရပါတယ်။ 

ဂူထဲက ပြန်ထွက်လာတဲ့အခါ ဒီ ဂူနဲ့ပတ်သက်တဲ့ ပြခန်းကိုလည်း လေ့လာဖြစ်ခဲ့တယ်။ ဂူထဲက တွေ့ရှိခဲ့တယ် ဆိုတဲ့ အရိုးစုတွေလည်းပြတိုက်မှာ တွေ့ခဲ့ရပါတယ်။

နောက်ထပ်ထူးခြားတာကတော့ ဒီပြခန်းမှာ ပြသထားတဲ့ ပစ္စည်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ မြန်မာပိုက်ဆံ ၁၀ ကျပ်တန် အနီရောင် တရွက်ကိုလည်း အခြား ဂျပန်ခေတ် ပိုက်ဆံစက္ကူတွေနဲ့ အတူ တွေ့ရတာပါပဲ။ 

ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံနဲ့ မြန်မာပိုက်ဆံ ၁၀ တန်

ပြခန်းက ပစ္စည်းတွေအားလုံး လိုလိုဟာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသားတွေရဲ့ လက်ရာပစ္စည်းအများစု
ဖြစ်သလို ပရပိုက်တခုကတော့ မြန်မာပြည်က ပရပိုက်ဖြစ်နေတာလည်း အံ့သြစွာတွေ့ခဲ့ရပါတယ်။


ချင်းဒေါင်းဂူပြတိုက်ထဲက တွေ့ရတဲ့ စာမျက်နှာ ၁ ထောင်ကျော်ပါ မြန်မာပြည်က ပရပိုက်တခု

ထိုင်းနိုင်ငံက ချင်းဒေါင်းသဘာဝ ဂူဟာ မြန်မာနိုင်ငံက ပိတ်ချင်းမြောင်၊ ထန်ဆန်းဂူ၊ ပင်းတယ ဂူတို့လို သဘာဝ လိုဏ်ဂူမျိုး ဖြစ်ပြီး အခုလို မြန်မာ အငွေ့အသက်တွေများစွာ တွေ့ရတာကလည်း ထူးခြားမှုပါ။ 

ချင်းဒေါင်း သဘာဝ ဂူအတွင်း အဆင့်အဆင့် သွားခဲ့ရာ မှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။ 

ချင်းဒေါင်းဂူအဝင်။ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

 လေ့လာသူများအတွက် သတိပေးရေးသားထားချက်တချို့

 ဒီလိုလူတကိုယ်စား အပေါက်ထဲကလည်း ဝင်သွားရပါသေးတယ်

 ဖျံနဲ့ တူတဲ့ ကျောက်သားတခု

 ဆင်နဲ့ တူတဲ့ ကျောက်သား 




 ဒါက နောက်ထပ် အပေါက်ကျဉ်းလေးတခုဖြစ်ပြီး အဲဒီ ဝင်ပေါက်က ခေါင်းငုံပြီးလည်း ခရီးဆက်ရတယ်



 ချင်းဒေါင်းဂူတည်ရှိရာ တောင်ကြီးကို စောင့်ရှောက်တယ်ဆိုတဲ့ ရသေ့ကြီး ရုပ်တု


 ရေမြင်းနဲ့ တူတဲ့ သဘာဝ ကျောက်သား

 လဲလျောင်းနေတဲ့ ရဟန်းတပါးအသွင် ကျောက်သားနောက်တခု 



 ရေတစက်စက်ကျနေတဲ့ ကျောက်ပန်းဆွဲ တခု


 ဂူထဲက တွေ့ရတယ်ဆိုတဲ့ အရိုးစုတခု

အိမ့်သံစဉ် ~





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved