နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်

Sunday, December 29, 2013

~



သောကြာနေ့က ထိုင်းနိုင်ငံရှိအကြီးဆုံး မြန်မာဒုက္ခသည်စခန်းဖြစ်သည့်
မယ်လစခန်းတွင်မီးလောင်ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်သွားသဖြင့် ဒုက္ခသည် တထောင်ခန့်
ထပ်မံဒုက္ခရောက်သွားသည်။ 



မီးလောင်ကျွမ်းခဲ့သည့် မယ်လဒုက္ခသည်စခန်းဇုံ C ရပ်ကွက် ၃ (ဓာတ်ပုံများ - မန်းမျိုးမြင့်)
အဆိုပါမီးမှာ မယ်လစခန်း၏ ဇုံ C ရပ်ကွက် ၃ ရှိ ကစ်သလစ်ကျောင်းဘော်ဒါဆောင် မီးဖိုဆောင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်ထောင်စု ၉၉ စု အတိ ဒုက္ခရောက်သွားပြီး ဒုက္ခသည်နှစ်ဦး
ဒဏ်ရာရရှိခဲ့သည်ဟု စခန်းအုပ်ချုပ်ရေးမှုး ပရီဒါဖူးတကွန်းချိုင်းကပြောသည်။

တနာရီကျော်ကြာလောင်ကျွမ်းသည့်မီးကြောင့် မီးဘေးသင့်ခဲ့သူများအနက် အများစုမှာကလေးငယ်များဖြစ်ပြီး အလွန်ချမ်းအေးသည့်ရာသီဖြစ်သောကြောင့် ကယ်ဆယ်ရေးပစ္စည်းများ အထူး လိုအပ်နေသည်ဟု မီးဘေးသင့်ခံရသူစောကညောကပြော သည်။

စောကညောက "အဓိကကလေးတွေဘဲလေ အေးကလည်းအရမ်းအေးတော့ သူတို့အတွက်ဘဲစိတ်ပူရတယ် ကလေးတွေက ရာဂဏန်းကျော်တယ်လေ အချို့ဆိုရင် အ၀တ်တထည်ကိုယ်တခုဘဲကျန်တယ်" ဟုပြောသည်။

မယ်လမြန်မာဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့မြောက်ဘက် ၆၅ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိသည့်အနက် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ကာ မြန်မာဒုက္ခသည် ငါးသောင်းကျော်နေထိုင်လျက်ရှိသည်။

  မန်းမျိုးမြင့်

 

















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved