အမြန်လမ်း လုံခြုံရေး

Thursday, February 13, 2014

~

 



ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဓားပြတိုက်လုယက်မယ့် အခြေအနေတခုနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုပြီး အွန်လိုင်းတနေရာမှာ ရေးထားပါတယ်။


အမြန်လမ်းပေါ်က ယာဉ်အသွားအလာ သိပ်မနည်းတဲ့ နေရာတခု (ဓာတ်ပုံ - Steve Tickner / The Irrawaddy)


သူ ရေးထားတာကို အရင် ဖတ်ကြည့်ပါဦး - U Myat Nyein ရဲ့ facebook စာမျက်နှာမှာ တင်ထားတာပါ။

အမြန်လမ်းခရီး သတိရှိပါ

ရန်ကုန် မန္တလေး အမြန်လမ်းတွင် ကျွန်တော်၏ ညီလေးများ လက်တွေ့ ကြုံ ခဲ့ရသော ကြောက်စရာ အဖြစ်အပျက် ဖြစ်ပါသည်။

28. 1.2014 ည ပိုင်း တွင် (12နာရီခန့်) ရန်ကုန်မှနေပြည်တော်သို့အသွား မိုင်တိုင် ၉၆ အနီးတွင် လမ်းမကြီးပေါ် ၌ ကွန်ကရစ်တုံးများ ကန့်လန့်ဖြတ် ခင်းထားပါသည်။

ရုတ်တရက် အရှိန်ဖြင့်မောင်းလာသည်ဖြစ်၍ ဘရိတ် အုပ်မရပဲ ဘီးဖြင့် တိုက်မိက ကားဘီးကွဲ ၍ ကားမှောက်လိမ့်သွားမှာ စိုးသည့်အတွက် အလည်တည့်တည့်မှပဲ ဖြတ်နင်းလိုက်ပါသည်။

ကားမှာ ကွန်ကရစ်တုံး ဖြင့်မလွတ်ပဲ ကားအောက်ပိုင်းအင်္ဂျင် ကန်ပွင့် သွားရာ အရှိန်ထိန်း၍ထိုးရပ်လိုက်ပါသည်။

ထို အချိန်တွင်လမ်းဘေးမှ အဆင်သင့်ဒုတ်များနှင့်လူများ အဆင်သင့်စောင့်နေသည်ကို မြင်လိုက်ရာ ဒါဟာ လုယက်ဖို့လုပ်ကြံထားတာကို သိလိုက်ရပါသည်။

ကားကမှောက်မသွားသဖြင့် ၄င်းလူများကအခြေအနေကို အကဲခတ်နေပါသည်

ယောက်ကျားလေးများဖြစ်၍ ချက်ချင်းမကပ်နိုင်ခင် လမ်းမပေါ်ရှိ ကားများအား အကူအညီတောင်းရန် တားလိုက်ရာ အမျိုးသား ၅ ယောက်ပါသော ကားတစ်စီးမှ ရပ်တန့်သဖြင့် ရှင်းပြရာ အခြားကားများပါရပ်သဖြင့် ထိုလူများထွက်ခွါသွားကြပါသည်။

ကားအား၁၁၅ မိုင်ဝပ်ရှော့မှလာဆွဲစဉ် အခြားကားတစ်စီးလဲ ထိုသို့ပင်ဖြစ်သည်ဟု သိရပါသည်။

၁၁၅ မိုင်မှပြောပြသည်မှာ လုယက်သူများမှာယခင်က မိုင်တိုင် ၁၀၁ တွင် လုယက်နေရာမှ နေရာပြောင်း၍ လှုပ်ရှားနေမှန်းသိရပါသည်။

ခရီးသွားပြည်သူများသတိထားသွားလာရန် အသိပေးခြင်းဖြစ်ပါသည်။

တာဝန်ရှိသူများလဲ ကူညီဆောင်ရွက်ရန်မေတ္တာ ရပ်ခံအပ်ပါသည်။

အဲဒီစာ ဖတ်ပြီးရင် ဒီလိုဖြစ်ရပ်မျိုး အမြန်လမ်းမှာ ရှိနေပြီလား ဆိုတဲ့ မေးခွန်း ပေါ်လာပါလိမ့်မယ်။

သေချာတာကတော့ အမြန်လမ်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား သိပ်မလုံလောက်သေးဘူး ဆိုတာပါပဲ။ အမြန်လမ်းကို နေ့ဘက် သွားသူများ သတိထားမိပါလိမ့်မယ် - အဝေးပြေးလမ်းတာဝန်ကျ ရဲတပ်သား အရာရှိကို လမ်းတလျှောက်မှာ တွေ့ရခဲပါတယ်။ ရဲမရှိလို့ မိုင်ပိုမောင်းတတ်တာ သဘာဝပါ။

ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို ဒီထက် တိုးပြီး ချထားပြီး စောင့်ကြည့်ခြင်းအားဖြင့် ယာဉ်မတော်တဆဖြစ်မှု၊ ရာဇဝတ်မှု အရေအတွက်တို့ကို သေချာပေါက် လျှော့ချနိုင်မှာဖြစ်ပါတယ်။




.

1 comments :

  1. Anonymous said... :

    ဒီလိုခိုးဆိုးလုယက်တွေကိုနှိမ်နင်းဖို့ကြတော့နယ်လှည့်ပါးရိုက်အုန်းမြင့်ဘယ်ချောင်ဝင်ပုန်းနေလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved