တပို့တွဲလ ထမနဲပွဲ

Sunday, March 2, 2014

~



 -
 
“ဇူးလူး ဒီနေ့ အလုပ်မသွားဘူးလား”
“ဒီနေ့ နားတယ် ဦးပီ”

“ဒါဆို အတော်ပဲ ရာသီစာ ထမနဲ ထိုးစားမလို့ လုပ်နေတာ”
“ဟာ ထမနဲများ ဦးပီရယ် ဘယ်ပွဲဈေးသွား ဝယ်ဝယ် ရတာကို၊ အလကား အပင်ပန်းခံလို့”

ဇူးလူးရဲ့  ထုံးစံအတိုင်း  အထွန့်လေးတော့ နည်းနည်းတက်ရမှဆိုပေမယ့် ဦးပီကိုယ်တိုင် ထိုးမယ့် ထမနဲကို စားချင်နေမိတယ်။
ဘာကြောင့်ဆို ပွဲဈေးတန်းတွေမှာ ထမနဲ ဝယ်စားလို့ရတယ် ဆိုပေမယ့် ဖုန်တထောင်း ထောင်းထနေတဲ့ အလယ်မှာ ဒယ်အိုး ပက်လက်ထဲက ထမနဲကို မြင်ရတာနဲ့တင် ဝယ်စားဖို့ တွန့်ဆုတ်ခဲ့ တာအမှန်ပါ။
ဘယ်လောက် ကောင်းတယ်ပဲပြောပြော ကိုယ်တိုင်လုပ်တဲ့ သန့်ရှင်းမှုကိုတော့ ဘယ်မီပါ့မလဲလေ။

တပို့တွဲလဆိုတာ ထမနဲရာသီဖြစ်ကြောင်း ဘယ်မြန်မာကိုမှ ရှင်းပြစရာမလိုဘူးထင်ပါရဲ့။
 ငယ်ငယ်က ၁၂ လရာသီပွဲတော်အကြောင်း စာကျက်တဲ့အခါ ဇူးလူးတို့ “တပို့တွဲလ ထမနဲပွဲ” ဆိုပြီး အော်ကျက်ခဲ့ တာတောင် မှတ်မိသေးတယ်။
 

 
ကောက်ညှင်းဆန်နဲ့ အုန်သီးဆန်၊ မြေပဲ၊ နှမ်း နိုင်းချင်းထည့်ထိုးထားတဲ့ ထမနဲဟာ ချင်းနံ့ လေး သင်းနေတော့ အနံ့ရတာနဲ့ ဘယ်မြန်မာပြည်သားမဆို သွားရည်ယိုရတဲ့ အစားအစာ တမျိုးမဟုတ်လား။
အုန်းသီဆန် ဖြူဖြူလေးတွေ၊ မြေပဲဆန်တွေ၊ နှမ်းတွေကို ဦးပီက အသင့်ပြင်ထားတယ်။
 ကောက်ညှင်းဆန် ကိုတော့ ရေစင်အောင်ဆေးပြီး ဆန်ခါနဲ့ ပြန်စစ်ထားလေရဲ့။
အုန်းသီးဆန်ရဖို့က အုန်းသီးရင့်ရင့် တခြမ်းကို ဓားမအနှောင့်နဲ့ ထုပြီး အဆန်ရအောင်ထုတ်၊ ပြီးတော့ အာလူးခြစ်တဲ့ ဂျစ်နဲ့ ပါးပါး လွှာလွှာလေးတွေ ခြစ် ထားရပါတယ်။
မိုးပြဲဒယ်ကြီးနဲ့ ကောက်ညှင်းဆန် နှစ်ပြည်၊ သုံးပြည်လောက်ကို ထမနဲထိုးမယ်ဆိုရင်တော့ လူတွေ အများကြီး ဝန်းဝိုင်းရမှာပါ။
ဒါပေမယ့် အိမ်မှာ ကိုယ့်ဘာသာလုပ်စားတဲ့ ပုံစံဆိုတော့ တယောက်တည်းနဲ့ အလုပ်ဖြစ်တယ် ပြောရမှာပေါ့။

ကဲ ဦးပီရဲ့ ထမနဲ အော်ပရေးရှင်း စတင်ပါပြီ။

မီးဖိုပေါ်မှာ ဒယ်အိုးခပ်ရွယ်ရွယ်ကိုတင်ပြီး ဆီ ထည့်၊ ဆီပူလာရင် နုပ်နုပ်လှီးထားတဲ့ ချင်းကို ထည့်၊ ချင်းနံ့ မွှေး လာတဲ့အခါ အုန်းသီးဆန်တွေ ထည့်ကြော်ပါတယ်။
အုန်းသီးဆန်နဲ့ ချင်းအရောင်ညိုပြီးြွကပ်ရွလာပြီဆိုရင်တော့ ဆီစစ်ပြီး ဆယ်ထားလိုက်ပါ။
အိုးထဲမှာကျန်တဲ့ ဆီထဲကို ဆေးပြီးစစ်ထားတဲ့ ကောက်ညှင်းဆန်နဲ့ ရေလောင်း ထည့်၊ ပြီးရင် ဆူပွက်ပြီး ရေခန်းခါနီးအထိ အဖုံးခဏ အုပ်ထားလိုက်ပေါ့။
ဒီအချိန်အထိကတော့ မီးပြင်း ပြင်းပေးရမယ်။

ရေခန်းခါနီးမှာတော့ ကောက်ညှင်းဆန်ကို မွှေပေးရပါမယ်။
ရေလုံးဝခန်းထားပြီး ဆီပြန်ထွက်လာတဲ့အထိ မွှေရမှာနော်။ အိုးမကပ်အောင်လည်း အား ထည့်မွှေပေါ့။
ဒါကြောင့် မိုးပြဲဒယ်ကြီးတွေနဲ့ ထိုးတဲ့အခါ ယောကျာ်း ကြီး ၄၊ ၅ ယောက်အားနဲ့ ထိုးကြ တာပါ။
အိုးသေးသေးလေးကတော့ တယောက် တည်းအားနဲ့ မွှေနိုင်ပါတယ်။
ဆီပြန်ထွက်လာတဲ့ အထိ မွှေတယ်ဆိုတာက ကြာရှည်အထားခံ အောင်၊  ကောက်ညှင်းနပ်အောင် ဖြစ်ပါတယ်။
အဲဒီလို ဆီပြန်ထွက်လာပြီဆိုရင် မြေပဲဆန်လှော်နဲ့ နှမ်းနဲ့ ဖြူးထည့်ပြီး ဆက်မွှေပေးပါ။
 ဒီအချိန်မှာတော့ မီးပြင်း စရာ မလိုတော့ပါဘူး။ ဆားနဲ့ သကြားလည်း ထည့်ရဦးမယ်။ နှမ်းကတော့ များလေကောင်းလေပဲပေါ့။
ထမနဲ ဆိုပေမယ့် ရှေးတုန်းက နှမ်းမနဲလို့ ရေးကြတယ် မဟုတ်လား။


 
ခဏလောက် ဆက်မွှေပြီးချိန်မှာ အုန်းသီးဆန် နဲ့ ချင်း ရောကြော်ထားတာ ဖြူးထည့်ပြီး မွှေလိုက်ရင်တော့ မွှေးပျံ့တဲ့ ထမနဲနံ့ကို ရပါပြီ။
 ဇူးလူးလည်း သွားရည်ယိုပါပြီ။ ထမနဲနံ့ဆိုတာက သိကြတဲ့အတိုင်း အုန်းသီး ဆန်ကြော်၊ ချင်း၊ နှမ်းနဲ့ မြေပဲရောပြီး ထွက်လာတဲ့အနံ့ပါ။
အနံ့က မွှေးပျံ့သလို စားရတာလည်း လျှာလည် ကြမှာပါ။ ကိုယ်တိုင် လုပ်ထားတာဖြစ်တဲ့ အတွက် မသန့်ရှင်းမှာလည်း ပူစရာမလိုဘူးလေ။

ပွဲဈေးမှာ ရောင်းတဲ့ ထမနဲ ကတော့ ရွှေညိုရောင် မသမ်းဘဲ မီးခိုရောင်သမ်းနေတာ တွေ့ရပါလိမ့်မယ်။ ကောက်ညှင်းဆန်ထဲမှာ ငချိတ် နည်း နည်း ရောထားလို့ ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရွှေညိုရောင်သမ်းနေတဲ့ ချင်းနံ့မွှေးမွှေး ထမနဲလေးကို ရေနွေးပူပူလေး မှုတ်သောက်ပြီး စား လိုက်ရတဲ့အတွက် ဇူးလူးရဲ့ အားလပ်ရက်က အရသာရှိတဲ့နေ့တနေ့ ဖြစ်သွားပါပြီ။

 
ဇူးလူး


.

2 comments :

  1. minsoe said... :

    တစ်ကယ်ချစ်စရာကောင်းတဲ့မြန်မာတိုံရဲ့ချစ်စရာကောင်းတဲ့ဓလေ့နဲ့အစားအစာပါ..တစ်ချိန်မှာဒီယဉ်ကျေးမူ့တွေပျောက်ပျက်သွားမှာတောင်စိုးတယ်..

  1. TunTun said... :

    အိမ်မှာ လွယ်လွယ်ကူကူ ချက်ချင်ရင် ရင် ဒီနည်း နဲ့ လုပ် ဖြစ် တယ်

    http://youtu.be/ZFHYmVrvTfA

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved