CNG ကားများအတွက် အစိုးရမှာ တိကျတဲ့မူဝါဒမရှိ

Tuesday, March 11, 2014

~


မော်တော်ယာဉ်များတွင် CNG သဘာဝဓာတ်ငွေ့သုံးစနစ် တပ်ဆင်အသုံးပြုခွင့် ထုတ်ပေးရေးနှင့် ပတ်သက်၍ အစိုးရတွင် တိကျသော မူဝါဒ ရှိမနေကြောင်း ရန်ကုန်မှ ယာဉ်ပိုင်ရှင် အများအပြားက ပြောကြသည်။
 

 

ရန်ကုန်မြို့ တနေရာတွင် တွေ့ရသော CNG ဓာတ်ငွေ့သုံးတက္ကစီတစီး  (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

 -

မော်တော်ယာဉ်ပိုင်ရှင် ၁၅၀ ခန့်မှာ CNG ပြောင်းလဲရန်အတွက် သက်ဆိုင်သော အခွန်အခများ ပေးသွင်းပြီးသော်လည်း တနှစ်ခန့်ကြာသည့်တိုင် ထူးခြားမှုမရှိဟု ဆိုသည်။
 

    “အထက်ကမကျသေးလို့ဆိုပြီး ဆိုင်းငံထားတယ်လို့ အမျိုးမျိုးပြောနေတယ်”ဟု ယာဉ်ပိုင်ရှင်တဦးဖြစ်သည့် ကိုကျော်နိုင်စိုးက ဆိုသည်။

လိုင်းကား/ခရီးသည်တင်ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံသူထံမှ သဘာဝဓာတ်ငွေ့ သုံးစွဲခွင့် ပါမစ် တရားဝင် ဝယ်ယူ၍ တက္ကစီများတွင် ပြန်လည် တပ်ဆင်ရန်အတွက် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်သည်  ၃၅သိန်းမှ  ၄၀ ဝန်းကျင်ခန့်အထိ ကုန်ကျကြောင်း သိရသည်။

    “သက်ဆိုင်ရာရုံးကို သွားတွေ့ရင် အမျိုးမျိုး ပြောတယ်။ မထသ ထောက်ခံစာလိုတယ်လို့ ပြောတယ်။ မထသက ဥက္ကဋ္ဌဆီက သွားတောင်းတယ်။ ဥက္ကဋ္ဌက မလိုဘူးပြောတယ်။ အဲ့ဒါနဲ့ ဟိုဌာနလွဲချ ဒီဌာနလွဲချ လုပ်နေတယ်” ဟု  ယာဉ်ပိုင်ရှင် တဦးဖြစ်သည့် ဦးတိုးလွင်က ပြောသည်။
မထသ(ဗဟို)ဥက္ကဋ္ဌရဲ့ ပြောဆိုချက် -     ထိုကိစ္စရပ်များနှင့် ပတ်သက်၍ မထသ(ဗဟို)အနေဖြင့် ဆောင်ရွက်ခွင့် မရှိကြောင်း  ဥက္ကဋ္ဌ ဦးလှအောင်က ဧရာဝတီသို့ ဆိုသည်။

    “ကျွန်တော်တို့က ခရီးသည်တင်ယာဉ်အပ်ပြီး တက္ကစီမှာ သဘာဝဓါတ်ငွေ့ တပ်ဆင်တာကို မော်တော်ယာဉ် ၁၄စီးက ထောက်ခံစာ လာတောင်းလို့ ထောက်ခံခဲ့ဘူးတယ်။ နောက်ပိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေငြာချက်ထုတ်လိုက်တော့ ကျွန်တော်တို့ ထောက်ခံမှု မလုပ်ပေးတော့ဘူး။ ခရီးသည်တင်ယာဉ်အပ်ပြီး ခရီးသည်တင်ယာဉ်မှာ ပြန်တပ်မယ်ဆိုရင် ထောက်ခံပေးပါတယ်” ဟု မထသ(ဗဟို)မှ ဥက္ကဌ ဦးလှအောင်က ဧရာဝတီသို့ ပြောသည်။

ဘော်လီဘောပွဲ -

   သို့ပေမယ့်လည်း မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း အထွေထွေ မန်နေဂျာဦးကိုလေးကမူ ယာဉ်ပိုင်ရှင်များမှ သွားရောက်စုံစမ်းမှု ပြုလုပ်ရာတွင် မိမိနှင့် မသက်ဆိုင်ကြောင်းနှင့် နေပြည်တော် ရုံးမှ တရားဝင် စာမကျသေးခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ယာဉ်ပိုင်ရှင်တဦးက ရှင်းပြသည်။

    “သူ့ကိုယ်သူ စာတိုက်ပုံးအဆင့်ပါပဲလို့ GMလို ပုဂ္ဂိုလ်က ပြောတယ်။ မင်းတို့ တင်သမျှတွေကို ငါကအထက်ကို တင်ပေးရတာပဲလို့ ပြောတယ်။ မကျေနပ်ရင် တိုင်ချင်ရာတိုင်လို့လဲပြောတယ်။ ကျွန်တော်တို့တွေက အစိုးရဆီက အလကားတောင်းနေတာ မဟုတ်ဘူး တင်ပါဆိုလို့ တင်တာ။ တရားဝင်အခွန်ငွေပေးသွင်းပြီးကြောင်း သူတို့လက်မှတ်တွေတောင် ပါသေးတယ်။ လျောက်လွှာတွေကို သူတို့ လက်ခံခဲ့တာပဲ။ အခွန်တွေ ဆောင်ခဲ့ရတယ်။ မရတာတွေကို ပေးပါဆိုပြီး အတင်းတောင်းနေတာ မဟုတ်ပါဘူး။ သူတို့က ခွင့်ပြုပေးခဲ့တဲ့ယာဉ်တွေ ရှိခဲ့တယ်။ အဲ့ဒီလိုပဲ နိုင်ငံသားတဦးဖြစ်တဲ့အတွက် အခွင့်အရေးအရ အများနည်းတူ ရရှိပိုင်ခွင့်ရှိရင် ရသင့်တယ်ထင်လို့ တောင်းတာပါ”ဟု ယာဉ်ပိုင်ရှင်တဦးဖြစ်သည့် ဦးတင်မောင်ရီက ဆိုသည်။

    အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းရန်အတွက် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အထွေထွေ မန်နေဂျာနှင့် အဆက်အသွယ် မရရှိသေးပါ။

 တိကျသော ဖြေရှင်းဆောင်ရွက်ပေးမှုများ မရှိပါက သမ္မတရုံးထံသို့ စာဖြင့်တိုင်ကြားမည့်အပြင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆန္ဒပြတောင်းဆိုမည်ဟု ယာဉ်ပိုင်ရှင်များက ဆိုသည်။
 

မင်းဗညား  
   

ဆက်စပ်

 http://burma.irrawaddy.org/%E1%81%80_car/2012/11/06/24734.html

 http://burma.irrawaddy.org/%E1%81%80_cng/2013/08/16/46473.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved