ယင်းဝိုင်းခြင်း အနုပညာ

Tuesday, April 8, 2014

ကျနော်တို့ ကရင်ပြည်နယ်အထက်ပိုင်း အရပ်မှာတော့ ယင်းဝိုင်း (ဒါမှမဟုတ်) ခြုံဝိုင်းတယ်လို့ ခေါ်လေ့ပါတယ်။ အကြမ်းအားဖြင့် သစ်ကိုင်းတွေ သစ်နွယ်တွေကို ခုတ်ယူပြီး ရေမှာမြှုပ်ထားပါတယ်။

အဲဒီနောက် ခြုံနွယ်တွေရဲ့ ပတ်ပတ်လည်မှာဝါးတိုင်တွေစိုက်ပြီး ယင်း ဒါမှမဟုတ်ရင် ပိုက်ကွန်တွေနဲ့ ၀ိုင်းဝန်းပိတ်ဆို့ရပါတယ်။ ပိတ်ဆို့ပြီးတော့မှ အဲဒီခြုံနွယ်တွေကို ကုန်ပေါ်ကို အားလုံးဆွဲတင် ပစ်တင်ရပါတယ်။ အဲ … ပြီးပြီဆိုရင်တော့ စိတ်ကြိုက်လက်ကြိုက်သာ ရေထဲခုန်ဆင်းပြီး ငါးပုဇွန်တွေကို ဖမ်း။ အင်း … ကံမကောင်းရင်တော့ ငါးကျည်းတို့ ငါးသံချိတ်တို့နဲ့ မိလိုက်လို့ကတော့ အမေရေလို့အော်၊ ကုန်ပေါ်တက်ပြီး စူးသွားတဲ့လက်ကို ပါးစပ်ထဲထည့်ပြီး စုပ်နေပေရော့။

ယင်းဝိုင်းခြင်းရဲ့ လိုအပ်ချက်တွေကတော့ …

ပထမဆုံး ချောင်းတွေ အင်းတွေမှာ နေရာကောင်းကောင်း လိုက်ရှာရပါမယ်။ လူမရှုပ်တဲ့နေရာ၊ မြေ စောက်မနက်တဲ့နေရာ (မြေပြန့်ဖြစ်ရင်ပိုကောင်းတယ်)။ ရေအနက် ရှစ်တောင်ထက် မပိုရင်ကောင်းတယ်။ ရေနက်ရင် ကြာကြာငုတ်မနိုင်ကြလို့။

နေရာရပြီဆိုရင် သစ်နွယ်တွေခုတ်ဖို့ ပြင်ရပြန်ပြီ။ နွယ်တွေ၊ အခက်အလက်များတဲ့ အပင်တွေ၊ သစ်ခေါင်းပေါက်တွေကို သွားရှာပေရော။ လှည်းတစ်ပြန် လှေတစ်ပြန်ပေါ့။ ရပြီဆိုရင် စောစောကနေရာမှာ သွားပစ်ချရပါတယ်။ ပထမဆုံး သစ်ခေါင်းတွေ သစ်ကိုင်းကြီးတွေကို အရင်ဆုံး အောက်ခြေမှာမြှုပ်ရပါတယ်။ ပြီးရင် အခက်အလက်များတဲ့ သစ်ပင် သစ်ကိုင်းတွေကို ဒုတိယအထပ်မှာထားရမှာပါ။ အပေါ်ဆုံးမှာတော့ နွယ်ပင်တွေ အခြားအပင်သေးလေးတွေ ထပ်ထည့်ရပါသေးတယ်။ အားလုံးစီပြီးပြီဆိုရင် အဲဒီခြုံကြီးရဲ့ အလယ်ခေါင်တည့်တည့်မှာ ၀ါးခပ်ကြီးကြီးတစ်ချောင်း စိုက်ထည့်ထားရတယ်။ ခြုံတွေက ရေရှင်တွေမှာဆို မျောတတ်လို့။ ခြုံအကျယ်က ပေ ၂၀ ကနေ ပေ ၄၀ - ၅၀ အထိ ရှိတတ်ပါတယ်။ ၀ါးတိုင်စိုက်ပြီးရင် ငါးတွေ ပုဇွန်တွေ ကြိုက်တတ်တဲ့ အစားအစာတွေကို ခြုံထဲကို ပစ်ထည့်ပေးထားရပါတယ်။ ဥပမာ - ဖွဲနုတို့ အခြား အသားပုပ်တစ်ခုခုပေါ့။ ပြီးရင် အိမ်ပြန်ပြီး အေးဆေးပြန်နှပ်နေပေရော့။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ခြုံချပြီးရင် ယင်းဝိုင်းဖို့ ၁၅ ရက်ကနေ ၁ လလောက်ထိ ကြာတတ်လို့ပါပဲ။ ကြားထဲမှာ အစာလဲတစ်ပတ်တစ်ခါလောက် ကြွေးရသေးတယ်။ ငါးပုဇွန်တွေ အခြေအနေကောင်းမကောင်းလဲ ကြည့်ရသေးတာပေါ့။

ယင်းဝိုင်းချိန်ရောက်သော် …

ကဲ … စပါပြီ။ ယင်းလိပ်၊ ကွန်၊ ပိုက်၊ ၀ါးတိုင်တွေနဲ့ ချည်ဖို့နှီးတွေပါ ပြင်ဆင်ပြီး လှေတွေနဲ့ ချီတက်ရပြီ။ ဟိုမှာရောက်ရင် ဆူဆူပူပူလုပ်လို့မရပါဘူး။ ငါးတွေ ပုဇွန်တွေ ထွက်ပြေးသွားမှာမို့လို့ပါ။

အဲဒီ ခြုံဝိုင်းကြီးနားကို လှေနှစ်စီးနဲ့ လူလေးယောက်လောက် ခြုံပတ်ပတ်လည်ကို ၀ါးတိုင်စိုက်ဖို့ အရင်သွားရပါတယ်။ ၀ါးတိုင်တွေကို ခိုင်အောင်စိုက်ပြီးသွားပြီဆိုရင် ယင်းလိပ်တွေကို နှီးတွေနဲ့ချည်ပြီးကာ၊ နောက်ပြီး ငါးတွေ ခုန်မထွက်နိုင်အောင် အဲဒီ ယင်းတွေရဲ့ အထက်ပိုင်း ထိပ်ပိုင်းတွေမှာ ပိုက်တွေ ကွန်တွေထပ်ပြီး ကာရပါသေးတယ်။ ယင်းက နိမ့်နေရင် တော်ရုံ ငါးခပ်လတ်လတ်တွေကအစ ခုန်ကျော်နိုင်လို့ပါ။ ကာလို့ ပိတ်ဆို့လို့ ပြီးသွားပြီဆိုရင် ခြုံနွယ်တွေ သစ်ပင်တွေကို ဆွဲတင်ကြရတယ်။ ဆွဲတင်နေရင်း ပစ်တင်နေရင်းနဲ့လဲ ငါးတွေ ပုဇွန်တွေရတတ်ပါတယ်။ ပုလိုင်း ကိုယ်စီနဲ့ပေါ့။ အဲလို သစ်ကိုင်းတွေ ဆွဲတင်နေတဲ့အချိန်ဆိုရင် ယင်းထောင့်တွေမှာ ငါးတွေ ပုဇွန်တွေ ယောက်ယက်ခတ်နေပြီပေါ့။ ယင်းထောင့်ဆိုတာ ယင်းရဲ့အောက်ခြေနဲ့ မြေကြီးကိုစိုက်ထားတဲ့နေရာပါ။ အဓိက ငါးတွေ ပုဇွန်တွေဖမ်းမယ်ဆိုရင် အဲဒီ ယင်းထောင့်တွေမှာပဲ ဖမ်းကြရတာ။ ပြီးမှာ ကွန်တွေ ပိုက်တွေနဲ့ အုပ်ပြီး နောက်ဆုံးပိတ်ဆွဲတင်ရတာပါ။

ခြုံတွေ ဆွဲတင်ပြီးပြီဆိုရင် ကလေးတွေရော လူကြီးတွေပါ ရေထဲခုန်ဆင်းပြီး ဖမ်းပေရော့ … ခုန်ဆင်းလိုက်ရင် ရေတွေကို နောက်သွားတာပဲ။ အဉ္ဇလီကတော့ ရေထဲမငုပ်ခင် ကုန်ပေါ်မှာ အရင်ဆုတောင်းသွားတယ် (ငါးကျည်းတို့ ငါးသံချိတ်တို့နဲ့ ဝေးပါစေပေါ့)။ ရေထဲဆင်းကြပြီးပြီဆိုရင် သူ့နေရာ ကိုယ့်နေရာ လုကြရသေးတယ်။ ပြီးရင် ကိုယ့်နေရာကိုယ် ပုလိုင်းလေးတွေ နှီးနဲ့ချည်ပြီး ၀ါးတိုင်မှာချိတ်ထားရတယ်။ ပြီးရင် ဖျံတွေလို ငုပ်ကြပြီ။ လက်မြန်တဲ့လူ ရေငုပ်ကြာတဲ့လူကတော့ ပုလိုင်းအရင်ပြည့်တာပဲ။ အဉ္ဇလီတို့ဖက်မှာက ကလေးကအစ ရေငုပ်တတ်ကြတယ်။

ငါးနဲ့ ပုဇွန်ကို အကြောင်းနားမလည်ဘဲ လက်နဲ့လိုက်ဖမ်းရတာ မလွယ်ဘူးနော်။ ငါးဆိုရင် မြန်မြန်ဖမ်းနိုင်လေ ကောင်းလေးပဲ။ ပုဇွန်ကျတော့ လိပ်လိုနှေးနိုင်လေ ကောင်းလေပဲ။ ပုဇွန်ကို ဘယ်လိုဖမ်းသလဲဆိုတော့ ပုဇွန်က ယင်းထောင့်တွေမှာ ဆိုရင် နောက်ပြန် ဆုတ်ပြီးတော့ပဲ ပြေးတာ။ တော်ရုံလဲဖမ်းမရဘူး … မြန်သလားမမေးနဲ့။ ရေထဲမှာ ကိုယ်ကငြိမ်ငြိမ်နေရင် သူ့နဲ့တွေ့ရင် အလိုလိုသိတယ်။ သူ့ရဲ့ နှုတ်ခမ်းမွေးက လက်ကိုလာထိနေတာ မထိတထိဆိုရင် ပုဇွန်ဆိုတာသေချာပြီ။ သူ့ကို ဘယ်လိုဖမ်းမလဲ … ဒီလိုဖမ်းရပါတယ်။ လက်ကို သူ့ရဲ့နှုတ်ခမ်းမွေး လာထိနေပြီဆိုရင် သူရဲ့နှုတ်ခမ်းမွေးတွေကို လက်ညှိုးနဲ့ ဖြည်းဖြည်းလေး ရစ်ပတ်ပြီးဆွဲယူရတယ်။ ကျန်တဲ့လက်က ပုဇွန် အနောက်ဘက်မှာ ကာထားရတယ်၊ နောက်ပြန်ဆုတ်ပြေးရင် လက်ဖဝါးထဲမှာ ကွိခနဲ့ပဲ။ သူ့ရဲ့ နှုတ်ခေါင်းဆူးချွန် လက်ကိုလာထိပြီဆိုရင်တော့ သေချာပြီ၊ ခပ်ကြမ်းကြမ်းသာ ဖမ်းပေတော့။ သူ့ကိုဖမ်းလို့ရတဲ့ အခါလဲရှိတယ်။ ကိုယ်ခံရတဲ့အခါတွေလဲရှိတယ်။ ကိုယ်က နှုတ်ခမ်းမွေးကိုဆွဲနေရင် အခြားတစ်ယောက်က ကိုယ့်ဘေးမှာ လာဆူညံနေလို့ကတော့ သွားပြီ။ အသေကိုရုန်းတာ။ ရုန်းတော့ ဆူးချွန်နဲ့ထိ အမြီးနဲ့ခတ်ပစ်တာ အတော့်ကို အီသွားတာပဲ။ ရေထဲမှာ အဲဒီလောက်နာတာ။ ဖမ်းပြီးလို့ ရေပေါ်တင်ရင်လဲ သတိထားရတယ်။ သူ့ရဲ့ တစ်ကိုယ်လုံးကို ချုပ်ထားရတယ်။ အမြီးနဲ့ထပ်ခတ်မှာစိုးလို့။ ပုဇွန်အကောင်ကြီးတွေ ခတ်ရင် လက်ချောင်းတွေ ကွဲတယ်။ ပြီးရင် ပုလိုင်းထဲကိုသာ စိတ်ရှိလက်ရှိ ပစ်ထည့်လိုက်ပေရော့။ ခုပြောတဲ့ ပုဇွန်ဖမ်းနည်းက ပုဇွန်ထုပ်တွေကိုပြောတာနော်။ ပုဇွန်အသေးတွေကို အဲလိုဖမ်းလို့မရဘူး၊ ဖမ်းလို့လဲ မလွယ်ဘူး။

စိတ်ကျေနပ်သလောက် ဖမ်းလို့ပြီးပြီဆိုရင် ကုန်းပေါ်ကိုတက်ကြ၊ လူကြီးတွေက ပိုက်တွေကွန်တွေနဲ့ အုပ်ဖမ်း။

ဆယ်ကြိမ်လောက် အုပ်ဖမ်းပြီးပြီဆိုရင် အဲဒီယင်းဝိုင်းကြီးထဲမှာ ငါးပုဇွန်တွေ ကုန်သလောက်ဖြစ်သွားပြီ။ ဖမ်းပြီးရင် အမောဖြေကြ၊ အဖိုးတို့လို လူကြီးတွေကတော့ ထုံးစံအတိုင်း တောအရက်နဲ့ပေါ့။ ပုဇွန်တွေ ဖုတ်စားကြ၊ ငါးတွေကင်စားကြနဲ့ အတော့်ကိုပျော်ဖို့ကောင်းပါတယ်။ အားလုံးပြီးရင် အိမ်ပြန်ကြပြီ။ စောစောက ယင်းတို့ ၀ါးတို့ကိုတော့ ဒီအတိုင်းထားပစ်ခဲ့တယ်။ မနက်ဖြန်မှလာယူမှာလေ။ လူတွေက ပင်ပမ်းနေကြတော့ မသယ်နိုင်ကြတော့ဘူး။

ဒါက အဉ္ဇလီတို့ ကလေးတုန်းက ပျော်စရာကောင်းတဲ့ ယင်းဝိုင်းခြင်းပါ … ခု … အဲလို ပျော်စရာကောင်းတဲ့ ယင်းဝိုင်းခြင်းမျိုးလို ဘ၀မျိုး … မရနိုင်တော့ပါ … ရနိုင်မည်လဲ မထင်တော့ပါ … ။ တံငါသည် မဟုတ်တဲ့ လောဘကြီးတဲ့ လူတွေရဲ့ ဆေးခပ်ပြီး ဖမ်းတာတွေ၊ ယမ်းခွဲပြီး ဖမ်းတာတွေ လုပ်ကြတယ်၊ မျက်မြင်ကိုယ်တွေ့ လက်ပစ်ဗုံးနဲ့ ထုတာလဲ ပါလေရဲ့။ တံငါသည်တွေမှာ ရှိတဲ့ စည်းကမ်းဆိုတာတွေကို သူတို့ နားမလည်ကြဘူး၊ တံငါသည် အခြင်းခြင်းတောင် သစ္စာဖောက်ရင် ဝိုင်းပယ်ထား တတ်ကြတယ်။ မြစ် ချောင်း အင်းအိုင်တွေလည်း တဖြည်းဖြည်းနဲ့ ကောကုန်ပြီ။     ။


အဉ္ဇလီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved