အမျိုးသမီးများနဲ့ အခက်အခက်များ

Thursday, April 17, 2014

~
 


  - 

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်မြန်မာပြည်ဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ တပ်မတော်အစိုးရ အုပ်ချုပ်ထားတဲ့ ကာလမှာ အမျိုးသမီးအများစုဟာ ဒီ လူ့အဖွဲ့အစည်းကနေ နောက်ကျန်ခံခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။ အဲ့လိုကာလမှာ ဘယ်လိုမျိုး အခက်အခဲ စိန်ခေါ်မှုတွေ ဖြတ်သန်းပြီးတော့ အောင်မြင်တဲ့ စုမှူးလုပ်ငန်းရှင်တွေ ဖြစ်လာအောင် လုပ်ရလည်းဆိုတာကို ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တဲ့ Inle Princess Resort ရဲ့မန်းနေဂျင်းဒါရိုက်တာ မယဉ်မျိုးစု၊ သူဟာဆိုရင် ပြီးခဲ့တဲ့နှစ်က Global Women Leaders Award ဆုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ နောက်ထပ်တဦးကတော့ My Precious (Mon Precieux) ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီရဲ့  မမိုဟွမ် တို့က ကျနော်နဲ့ အတူ ၀င်ရောက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး ဖြစ်ပါတယ်ခင်ဗျာ။

ကိုကျော်စွာမိုး။ ။ မယဉ်မျိုးစု၊ မမိုဟွမ် ကျနော်တို့ program  မှ ကြိုဆိုပါတယ်။ မယဉ်မျိုးစု၊ မမိုဟွမ်တို့ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေဖြစ်ပြီးတော့ ကိုယ်အရပ်ကိုယ့်ဒေသမှာ ပြန်လည် ပံ့ပိုးကူညီမှုတွေလည်း လုပ်နေတဲ့ အမျိုးသမီးတွေဖြစ်တယ်ဆိုတော့ ပထမဆုံးမယဉ်မျိုးစု အဲ့လိုမျိုး အောင်မြင်တဲ့ အမျိုးသမီးစွန့်ဦး လုပ်ငန်းရှင်တယောက် ဖြစ်လာဖို့အတွက်ကို ဘယ်လောက်အခက်အခဲတွေရှိခဲ့သလဲ၊ အဲ့ဒါကို ဘယ်လိုပုံဖော် ချင်သလဲ။

မယဉ်မျိုးစု။ ။ ထူးထူးခြားခြားရယ်တော့ ကျမတို့မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အများစုက ကျမတို့ လိုမျိုးပဲဆိုတော့ ကိုယ့်ကတော့ သူများထက် ထူးခြားပြီးတော့မှ စွမ်းဆောင်မှုတွေ ပိုကောင်းတယ်လို့တော့ မထင်ပါဘူး။ ကျမရှင်းရှင်းပြောမယ်ဆိုရင် ၈၈ ခုနှစ် အရေးအခင်းပြီး ကာလမှာ ၁၀ တန်းအောင်တဲ့အချိန် ဆိုတော့ ကျောင်းဆက်တတ်လို့မရတဲ့ အချိန်ကာလမှာ သူ့လိုငါလိုပဲ အထက်တန်းကျောင်းလည်းပြီးတာနဲ့ တတ်စရာ ကျောင်းလည်းမရှိတော့ဘူး၊ ကံကောင်းချင်တော့ အမေအဖေတို့ နဂိုက လုပ်ငန်းစွဲရှိခဲ့တဲ့ ဟိုတယ်လုပ်ငန်းလေးကနေတဆင့် နောက်ထပ် နိုင်ငံခြားကိုသွားပြီးတော့ ဟိုတယ်သင်တန်းကျောင်းနဲ့ ပတ်သက်ပြီးတော့မှ  ၃၊ ၄ နှစ်လောက် လေ့လာခဲ့တာပဲရှိပါတယ်။ တကယ်တန်း  လုပ်ငန်းလုပ်ကိုင်လာတဲ့ အခါကျတော့ ကျမ အဖေရဲ့နောက်မှာ အများကြီးပဲ အဖေရဲ့အရိပ်ကို ခိုလှုံခဲ့ရပါတယ်။ နံပတ်(၁) ကျမလုပ်ငန်း စထောင်တဲ့အချိန်မှာ ကျမအမျိုးသားရယ်၊ ကျမအဖေရယ် မိသားစု လုပ်ငန်းစုလေးမှာစထောင်ခဲ့တာပါ၊ အဲ့ဒီအချိန်မှာ ကျမသည် အသက် ၂၄ နှစ်၊ ၂၅ နှစ်အရွယ်၊ အဲ့ဒီအချိန်မှာ ဘယ်အစည်းအဝေးပဲသွားသွား ဘယ်နေရာပဲသွားသွား အမျိုးသမီးဖြစ်တယ် ငယ်လည်းငယ်သေးတယ်လို့ သူတို့စိတ်ထဲမှာ ယူဆတဲ့အတွက် ကြောင့်မို့လို့ ကျမပြောချင်တဲ့ စကားကို ကျမမပြောရဲပါဘူး။  အစည်းအဝေးခန်းမဆိုရင်လည်း အမျိုးသမီးဦးရေနည်းပါတယ်။ တခုခုလောက် ကျမနားလည်ချင်လို့ သွားပြောတဲ့အခါကျရင် သိပ်ပြီးတော့မှ အလေးထားမခံရသလို ခံစားရပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အစည်းအဝေးဆိုရင် အဖေတို့ အမျိုးသား တွေပဲတက်၊ ဆုံးဖြတ် ချက်တွေဆိုရင်လည်းသူတို့ယူလာခဲ့၊ နောက်ပိုင်းမှာ လုပ်ရမယ့်မှန်သမျှ စလယ်ဆုံး မှန်သမျှ ကျမတို့လုပ်ရတယ်။

ကိုကျော်စွာမိုး။ ။ မမိုဟွမ်က ပြီးခဲ့တဲ့ ၇နှစ် ၈နှစ်ကတည်းက မြန်မာပြည်ကနေ ထွက်ပြီးတော့ အမေရိကားမှာ   Lotus Hom ဆိုတဲ့ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ အတိုင်းအတာတခုအထိ အောင်မြင်ခဲ့တယ်။ ဘာဖြစ်လို့ မြန်မာပြည်က ထွက်ပြီးတော့ အဲ့ဒီမှာ သွားလုပ်ဖြစ်ခဲ့တာလဲ။ မြန်မာပြည်မှာ လုပ်မယ်ဆိုရင် အဲ့ဒီလောက် အခွင့်အလမ်းတွေ အောင်မြင်မှုတွေ မရဘူးလို့ ထင်လို့်လား။

မမိုဟွမ်။  ။ ကျမသွားတဲ့ ရည်ရွယ်ချက်ကတော့နှစ်ခုရှိတယ်။ တခုက နိုင်ငံခြားမှာပညာသင်ဖို့၊ ဒုတိယ တချက်က ဟိုမှာသူများတွေဘာလုပ်လဲ ဟိုကပညာတွေယူပြီးတော့မှ တနေ့ ဒီကိုပြန်လာပြီး ပြန်ပွားပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ ကျမသွားခဲ့တာပါ။ ဟိုမှာ ကျောင်းပြီးတော့ အလုပ်တွေလည်း ကြိုးကြိုးစားစား လုပ်တယ်၊ အပင်ပန်းခံပြီးတော့လုပ်တယ်။ သူများတွေက နိုင်ငံခြားသွားရင် ပျော်ပျော်သွားတယ်လို့ ထင်ကြတယ်၊ ကိုယ့်မှာ အပင်ပန်းအများကြီးခံရတာ သူများတွေမသိဘူး။ ဒါပေမယ့် ကျမကြိုးစားပြီးတော့ အဲ့ဒီခါးသီးတဲ့ဒဏ်တွေကို ခံခဲ့ရပြီးတော့မှ ဒီနေရာ ဒီအခြေအနေရောက်လာတာ။ ဒါပေမယ့် ကျမ မလျော့တဲ့ ဇွဲလုံ့လနဲ့ သတ္တိရှိရှိနဲ့ သူများနဲ့ ရင်ဘောင်တန်းနိုင်အောင်  အမေရိကန်တွေရဲ့ ဌာနအုပ်ချုပ်သူတယောက် အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ခဲ့တဲ့အတွက် သူတို့ဆီက experience ( အတွေ့အကြုံ) တွေအများကြီးရခဲ့ တယ်။ ဒါပေမယ့် ကျမ အဲ့ဒါနဲ့ မရပ်ပါဘူး၊ ကုမ္ပဏီနှစ်ခုမှာ တခုကို သုံးနှစ်ဆီ လုပ်ခဲ့ပြီးတော့ ကျမကုမ္ပဏီ စထောင်ပါတယ်။ ကျမ သုံးနှစ်ပဲ လုပ်ရတဲ့အကြောင်းအရင်းကတော့ သုံးနှစ်နဲ့ အတွေ့အကြုံတခုက လုံလောက်တယ်လို့ထင်လို့ပါ။ ခြောက်နှစ် ဆိုတော့ တော်တော်လေးကို လုံလောက်သွားပြီ။ အဲတော့ Lotus Hom ကုမ္ပဏီကို တယောက်တည်း ကိုယ်ဆုထားတဲ့ ပိုက်ဆံနဲ့ တည်ထောင်ပြီးတော့မှ partnership ကိုခေါ်တာပါ။

ကိုကျော်စွာမိုး။ ။ အဲ့လိုမျိုး မြန်မာပြည်မှာလည်းတောက်လျှောက်နေခဲ့တယ်။ ပြီးတော့ ဟိုမှာသွားပြီး ကုမ္ပဏီ ထောင်တယ်ဆိုတော့ ဟိုမှာ အလုပ်လုပ်ရတဲ့ အနေအထားပုံသဏ္ဍာန်၊ နောက်ပြီးတော့ ဘေးပတ်ဝန်းကျင်က ယောက်ျားတွေပဲဖြစ်ဖြစ်၊ အာဏာပိုင်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ့်အပေါ်မှာ တုန့်ပြန်ချက်၊ ပြုမူဆက်ဆံမှုနဲ့ မြန်မာပြည်မှာတုန်းက ပြုမူဆက်ဆံခံရမှု ကွာခြားမှုတွေ တွေ့ရလား။

မမိုဟွမ်။  ။ ကွာတော့ကွာပါတယ်။ ကျမ ဒီမြန်မာပြည်ထဲမှာ မထွက်ခင်ကတည်းက 5 Star Hotel  ဆီဒိုးနားဟိုတယ်မှာ Marketing & Communication Executive အနေနဲ့ လုပ်လာတဲ့သူဆိုတော့ အဲ့ဒီတုန်းကတော့ မထီမဲ့မြင် လုပ်ကြတာပေါ့၊ မိန်းကလေးက ဟိုတယ်မှာလုပ်တာ Marketing & Communication Executive အဆင့်ဆိုတာကို သူတို့သေချာနားမလည်ကြဘူး။ ဒါပေမယ့် အဲ့ဒီပညာနဲ့ ကောင်းကောင်းဆက်ဆံခံခဲ့ဖူးရတယ်ဆိုတော့၊ ဟိုမှာရောက်လည်း ဒီလိုပါပဲ သိပ်တော့မထူးခြားပါဘူး  gender issue တွေဆိုတာလည်း ကမ္ဘာအနှံ့မှာရှိပါတယ်။ မြန်မာပြည်မှာလည်း ရှိသလို နယူးယောက် မှာလည်း ရှိပါတယ်။

ကိုကျော်စွာမိုး။ ။ မစု ဆိုလည်း အင်းသူပေါ့၊ အင်လေးမှာမွေး၊ အင်းလေးမှာကြီးပြီးတော့ အင်းလေးမှာပဲ အလုပ်လုပ်နေတဲ့သူ၊ မမိုဟွမ် ဆိုရင်လည်း ရှမ်းတိုင်းရင်းသူပေါ့၊ အများစုဖြစ်တဲ့ ဗမာတွေနဲ့ အနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကြားမှာ ခွဲခြားဆက်ဆံမှုရှိတယ်လို့ အမြဲအပြောခံရတယ် ဒါကိုလည်း ကျနော်တို့ တွေ့ရတာ အများကြီးပဲဆိုတော့  တိုင်းရင်းသူတွေအနေနဲ့ ကျန်တဲ့သူတွေနဲ့စာရင် ပိုပြီးတော့ ခွဲခြားဆက်ဆံခံရတယ် အဲ့ဒီကနေပြီးတော့ ဖောက်ထွက်ရတာ ပိုမခက်ဘူးလား၊ ထူးထူးခြားခြား ပိုခက်ခဲတဲ့အတွေ့အကြုံတွေ တွေ့ရလား။

မယဉ်မျိုးစု။ ။ ထူးထူးခြားခြားရယ်လို့ သိပ်မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျမထင်တယ် အဲ့လိုအမျိုးသမီး တွေကပိုပြီးတော့ ချောင်ရောက်တာက များသောအားဖြင့် Infrastructure နဲ့ဆိုင်တယ်လို့အောက်မေ့ပါတယ်၊ ဆိုလိုခြင်း အကြောင်းအရင်းက အရမ်းပဲ လမ်းပန်းဆက်သွယ်ရေးဝေးလွန်းတဲ့နေရာမှာ ပိုပြီးတော့ ဒုက္ခရောက် တယ်လို့ထင်ပါတယ်။ ကျမသူငယ်ချင်းတချို့ဆိုရင် ကယားတို့၊ ပအို့နယ်တို့ဘက်ကနေ လာပြီးတော့  ကျောင်းတတ်ရတဲ့ အမျိုးသမီးတွေရှိတယ်။ ကျမက ညောင်ရွှေကနေလာပြီးတော့ ကျောင်းတတ်ရတဲ့ သူဆိုတော့ တူတော့မတူဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကျတော့ တဝေးတလန်ကနေလာတဲ့ အမျိုးသမီးတွေကျတော့ ဒီလောက်အထိ ဝေးဝေးလန်လန်ကနေလာပြီးတော့ ကျောင်းတတ်ဖို့ဆိုတာ သူတို့အတွက် အင်မတန်မှ ခက်ခဲပါတယ်။ ဒါတောင်မှ အထက်တန်းကျောင်းပညာကိုပဲပြောတာနော် ကျမတို့ ညောင်ရွှေမြို့ကတော့ အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာဆိုတော့ အဲ့လောက်အထိ ခက်ခက်ခဲခဲတော့ မရှိပါဘူး။ ဒါပေမယ့် များသောအားဖြင့်တော့ အဲ့ဒီအချိန် အထက်တန်းကျောင်းဘ၀ထဲက ဘာကိုသတိထားမိလဲဆိုတော့ အိမ်မှာစီးပွားရေးအဆင်မပြေရင် ထိပ်ဆုံး ကျောင်းထွက်ရတဲ့သူဆိုရင် အကြီးဆုံး အမျိုးသမီးတွေပဲဖြစ်ပါတယ်။ များသောအားဖြင့် သမီးတွေ။ ပြီးတဲ့ အခါကျတော့ ခုနလို ဆက်ပန်းဆက်သွယ်ရေးတွေ ခက်ခဲတဲ့အခါကျတော့ ဘာလို့တတ်နေတော့မှာလဲ ခြံထဲမှာလည်းအလုပ်ရှိတာပဲ၊ ဘွဲ့ရတော့ရော ဘာရမှာလဲ  အစရှိသဖြင့် အဲ့လိုမျိုး ပိုများပါတယ်။

ကိုကျော်စွာမိုး ။ ။  မမိုဟွမ် ကျတော့ရော အဲ့လိုမျိုး အခက်အခဲမျိုးတွေ တွေ့ရသေးလား။

မမိုဟွမ် ။ ။ ရှိခဲ့ပါတယ်။ ကျမက မြို့သေးသေးလေးကနေလာတာ။ ပြင်ဦးလွင်က။ မြို့သေး သေးလေးကနေပြီးတော့မှ ကိုယ်တတ်တဲ့ ပညာနဲ့၊ အဖေတို့ပေးတဲ့ ပညာလေးနဲ့ အလုပ်လုပ်ချင်တယ်ဆိုပြီး အိမ်ကိုဆန့်ကျင်ပြီးတော့ အလုပ်လုပ်ခဲ့တာပါ။ ကျမတို့ မိသားစုဝင်တွေက သူများကုမ္ပဏီတွေမှာ အလုပ်လုပ်စားကြတဲ့သူတွေ မဟုတ်တဲ့အတွက် သူတို့က အဲ့ဒါတွေတော့ နည်းနည်းအမြင်ကျဉ်းတယ်။ အဲအချိန်တုန်းက ကျမ မရမက ကျမ ယုံကြည်ရာကိုပဲ ဦးတည်ချက်ထားပြီးတော့ အမေ့ကို သေချာပြောတယ်။ အမေတို့ တနေ့ကျရင် သမီး ဘာတွေလုပ်နေတယ်ဆိုတာ သိရစေမယ်ဆိုပြီးတော့ ကတိနဲ့ အမေက ရန်ကုန်မှာ တယောက်တည်း နေဖို့ အခန်းငှားပေးပါတယ်။ တိုင်းရင်းသူဖြစ်တော့ စကားကလည်း ၀ဲသေးတယ်။ ဒါပေမယ့် နှာတဖျားသာတာက ဘာလဲဆိုတော့ ဘာသာစကားတွေ သုံးလေးမျိုးလောက် တတ်တယ်၊ အလုပ်ကလည်း ကြိုးစားတယ်၊ သူများတွေက ကိုယ့်ကိုပိုနှိမ်လေ ကိုယ်က ပိုကြိုးစားချင်လေ။ အဲဒီစိတ်ဓာတ်ကလေးရှိတယ်။ မိဘတွေကိုလည်း မခံချင်စိတ်နဲ့၊ ကိုယ့်အမျိုးတွေလည်း မခံချင်စိတ်နဲ့ ကြိုးစားပြခဲ့ရတယ်။ အဲဒီချိန်မှာ ကိုယ်အများကြီးလုပ်မှ တနေရာကို ရောက်မယ်ဆိုတာ အဲဒီကတည်းက သိနေပြီးသား။ (အခက်အခဲတွေ) အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ကြိုးစားရင် ဖြစ်တယ်ဆိုတာ ပြောပြတာပါ။

ကိုကျော်စွာမိုး ။ ။ အခုဆို မမိုဟွမ်လည်း ပြန်လာတယ်။ မစုလည်း အတိုင်းအတာတခုထိ အောင်မြင်သွားပြီ။ အခုအခြေအနေမှာ မြန်မာပြည်က အမျိုးသမီးတွေရဲ့ အခြေအနေက ပိုပြီးတော့ အားရကျေနပ်စရာ ကောင်းလား။ ဒါမှမဟုတ်ရင် အရင်အတိုင်းပဲလား။

မယဉ်မျိုးစု။ ။ ကျမတော့ မကျေနပ်နိုင်သေးဘူး။ ဒီထက်ကို ပိုလုပ်နိုင်မယ်လို့ အောက်မေ့တယ်။ များသောအားဖြင့် ကျမဖြစ်စေချင်တာက မြန်မာပြည်မှာ အမျိုးသမီးတွေ အရမ်းလည်းတော်ပါတယ်။ တကယ်လည်း လုပ်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ယောက်ျားလေးတွေတောင်မှ အမေတွေက အရမ်း protect လုပ်တာခံရလွန်းလို့ chane (အခွင့်အလမ်း) သိပ်မရှိဘူးပေါ့။ ကျမတို့က ပိုပြီးတော့တောင်မှ မခံချင်စိတ် ရှိသေးတဲ့ အခါကျတော့ ပိုပြီးတော့ ဒီထက်တောင် ဖြစ်သင့်သေးတယ်။ အဲအတွက်ကြောင့်မို့လို့ အရင်ထက်စာရင် ပိုသာလားဆိုတော့ သာတယ်လို့တော့ မအောက်မေ့ဘူး။ ဒီထက် ပိုလုပ်လို့ ရနိုင်သေးတယ် လို့လည်း အောက်မေ့တယ်။ မြန်မာပြည်မှာ တော်တဲ့အမျိုးသမီးတွေ အများကြီးပါ။

ကိုကျော်စွာမိုး။ ။ ဒီနေရာမှာ မစုကော၊ မမိုဟွမ်ကော တူညီတဲ့ အချက်တချက်ကတော့ တိုင်းရင်းသူတွေ ဖြစ်တဲ့အပြင် ကိုယ်ကြိုးစား လေ့လာခဲ့တဲ့ အရာတွေနဲ့ မြန်မာပြည်ကို ပြန်ပြီးတော့ ပံ့ပိုးချင်တယ်။ နောက်ပြီး မြန်မာပြည် အမျိုးသမီးတွေအတွက်လည်း အလုပ်လုပ်ပေးနေတာရှိတယ်။ မမိုဟွမ် အခုဘာတွေ ရည်ရွယ်ပြီး လုပ်နေလဲ။

မမိုဟွမ် ။ ။ အဓိကတော့ ကိုယ်ကျိုးလည်းပါတယ်။ အများအကျိုးလည်းပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျမ ဟိုမှာ ပညာသင်ခဲ့သမျှ၊ သိသမျှ၊ တတ်သမျှ အကုန်လုံးကို ဒီမှာလာပြီးတော့မှ ပွားပေးတဲ့ သဘောပါပဲ။ ပညာဒါနလည်းပါမယ်၊ ပြီးတော့ ကိုယ်လည်းအဆင်ပြေတယ်။ သူများလည်း အဆင်ပြေတယ်။ community အနေနဲ့ မြောက်ဥက္ကလာက ကလေးတွေကို ဦးစားပေးပြီးတော့ ကျမ ခန့်ထားပါတယ်။ သူတို့လည်း သက်သက်သာသာရှိတယ်။ တပတ်ကို ငါးရက်ပဲလုပ်ရတယ်။ ပညာ လည်းရတယ်။ ၀မ်းလည်းဝတယ်။ သူတို့ရဲ့အိပ်မက်က ဘာလဲဆိုတော့ သမီး ဆိုင်လေးဖွင့်ချင်တယ်။ သမီး မန်နေဂျာဖြစ်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ အိပ်မက်လေးတွေကို အကောင်အထည် ဖော်ပေးချင်တယ်။ လမ်းမှား လည်း မရောက်အောင် ပါပါတယ်။

ကိုကျော်စွာမိုး။ ။ အဲဒီမှာ အခက်အခဲတွေ တွေ့ရလား။ အဓိက အခက်အခဲတွေက ဘာဖြစ်မလဲ။

မမိုဟွမ် ။ ။ မြန်မာပြည် ပြန်လာပြီးတော့ ကုမ္ပဏီထောင်တယ်ဆိုတဲ့နေရာမှာ အဓိ အခက်အခဲက ဘာလဲ ဆိုတော့ ငွေရေးကြေးရေး၊ ကိုယ်ရှိမှ ကိုယ်လုပ်လို့ရတာ။ မရှိရင် ဘာမှလုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ချေးငွေလုပ်လို့လည်း မရဘူး။ အမေ အဖေမှာရှိတာနဲ့ ကိုယ့်ရှိတာ ပေါင်းပြီးလုပ်ခဲ့ရတာ။ ရှိလွန်းလို့ လုပ်တာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် အခုချိန်မှာ တိုးပွားအောင် ကိုယ်ကလုပ်ရတယ်။ တရာရှိရင် တထောင်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စိတ်ကလေးတော့ရှိတယ်။ ဒါပေမယ့် ကလေးတွေကို သင်ပေးရတာ ကျမ ပီတိဖြစ်တယ်။

ကိုကျော်စွာမိုး။ ။ဒီနေရာမှာ မစုက ဟိုတယ် စီးပွားရေး အပြင်ကိုပဲ အင်းလေးမှာဆိုရင် ခုနကပြောတဲ့ Training မျိုးတွေ အင်းသားတွေကို အများကြီး လုပ်ပေးနေတယ်။ ပြီးတော့ ဘယ်လိုမျိုး အင်းလေးရဲ့ သဘာဝ ပတ်ဝန်း ကျင် ပျက်စီးယိုယွင်းမှုတွေကို ထိန်းသိမ်းမလဲဆိုတာ လုပ်နေတယ်။ အဲဒါလေး အကျဉ်းချုပ်လေး ရှင်းပြပါဦး။ ဘာတွေလုပ်နေလဲ။ ဘာအတွက်လဲ။

 မယဉ်မျိုးစု။ ။ အင်းသားတွေအတွက်လို့တော့ မပြောလိုပါဘူး။ အင်းလေး ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့ လူမျိုးစု အားလုံးအတွက်လို့ ပြောချင်ပါတယ်။ ခုနလိုမျိုး vocational training center အသက်မွေးဝမ်းကြောင်း ပညာသင်တန်းအနေနဲ့ ဟိုတယ် လုပ်ငန်းရဲ့ service လုပ်ငန်း၊ reception၊ food and beverage production၊ food beverage service၊ ပြီးတော့မှ ခုနကပြောတဲ့ house keeping ပါ့နော်။ ရှင်းရှင်းပြောမယ်ဆိုရင် ဧည့်သည် ဧည့်ခံမယ်။ ကျွေးမွေးမယ်၊ ချက်ပြုတ်မယ်၊ သန့်ရှင်းရေးလုပ်မယ် ဒီလို basic training လေးပါပဲ။ အခြားတော့ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒါပေမယ့် ၁၀ လ training ပြီးလို့ အလုပ်တခုရရုံနဲ့ အဆင်မပြေ ပါဘူး။ အဲဒီမှာ ဖြစ်စေချင်တာကတော့ ခုနကပြောတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေရော၊ နောက်တခုက ကိုယ့်ငွေ ကိုယ်ဘယ်လို စီမံခန့်ခွဲမယ်။ သုံးစွဲမယ်။ လှူဒါန်းမယ်။ နောက်ပြီး ရင်နှီးမြှပ်နှံမယ်။ အသုံးနဲ့ အဖြုန်းပေါ့ အဲ့ဒါလေး သိစေချင်တယ်။ ကိုယ်ရဲ့ ရပိုင်ခွင့်က ဘာလဲ။ ပေးဆပ်ရမယ့် တာဝန်ကရော ဘာလဲ။ right ဆိုတဲ့နောက်ကွယ်မှာ အမြဲတမ်း responsibility ရှိတယ်ဆိုတာ သိစေချင်တယ်။ နောက်တခုက ကျန်းမာရေးနဲ့ဆိုင်တဲ့ hygiene တကိုယ်ရေ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ သင်ခန်းစာမျိုးတို့၊ နောက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ general knowledge အနေနဲ့ တခါတခါကျရင် ကျမတို့ အစိုးရ၀န်ထမ်းတွေပဲ ဖြစ်ဖြစ်၊ NGO တွေပဲဖြစ်ဖြစ်၊ community leader တွေပဲဖြစ်ဖြစ်၊ နောက်တခုက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ် ကျောင်းသားတွေနဲ့ လာပြီးတော့ စကားပြောစေချင်ပါတယ်။ အဓိကကတော့ ကိုယ်ချင်းစာလို့ လုပ်တယ်လို့ပဲ ပြောချင်တယ်။ ဒီအလုပ်တွေပေါ်မှာ ဒါပေမယ့် ခြားနားချက်တွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ခုနကပြောသလို sample လေးအနေနဲ့ တခုစမ်းသပ်လုပ်လို့ ဒါလေးအောင်မြင်တယ်ဆိုရင် ဒါကို ကြီးပွားအောင် လုပ်လို့ရတယ်လေ။ ဒါမှမဟုတ် ဒီလိုကျောင်းလေးမျိုး နောက်တနေရာမှာ ဖြစ်စေချင်တယ်။ ကျမကတော့ ဒီကျောင်းမျိုးလေး နောက်တကျောင်း ထပ်မပေါ်သေးသရွှေ့ ကျမလုပ်နေတာတွေ အောင်မြင်တယ်လို့ မယူဆပါဘူး။

ကိုကျော်စွာမိုး။ ။ ဒါဆိုရင် နှစ်ယောက်စလုံးပေါ့နော်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ အမျိုးသမီးခေါင်းဆောင်၊ တနိုင်ငံလုံးကို ဦးဆောင်မယ့် အမျိုးသမီးတယောက် ဒါမှမဟုတ် အများစု ပေါ်ထွက်ခဲ့မယ်ဆိုရင် မြန်မာ့ လူ့အဖွဲ့အစည်းက ဒီနေ့နဲ့ ဘယ်လိုကွာခြားတဲ့ ပုံစံဖြစ်သွားမယ်ထင်လဲ။

မယဉ်မျိုးစု။ ။ ကျမထင်တာကတော့ လူတိုင်း လူတိုင်း ပိုပြီးတော့မှ စိတ်ချမ်းချမ်းသာသာနဲ့ လူ့ဘ၀ကြီးကို ဖြတ်သန်းလို့ရမယ်လို့တော့ အောက်မေ့တာပဲ။ အရှည်ကြီး ပြေရရင်တော့ အချိန်လောက်မှာ မဟုတ်တော့ဘူး။

ကိုကျော်စွာမိုး။ ။ မမိုဟွမ် ဘယ်လိုထင်လဲ။

မမိုဟွမ် ။ ။ ကျမအနေနဲ့ကတော့လေ အမျိုးသမီးတွေက negotiator ။ ဆွေးနွေးတဲ့ ညှိနှိုင်းတဲ့နေရာမှာ မိန်းကလေးတွေက ပိုပြီး ဖြတ်ထိုးဉာဏ်ကောင်းတယ်လို့ ကျမထင်တာနော်။ ဒါပေမယ့် အကုန်လုံး ဟုတ်ချင် မှဟုတ်မယ်။ အမျိုးသမီးက ခေါင်းဆောင်တဲ့ နိုင်ငံတခုလည်း များမကြာခင်မှာ တွေ့ရမယ်လို့ထင်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ စွမ်းဆောင်နိုင်ကြပါတယ်။

ကိုကျော်စွာမိုး။ ။ မယဉ်မျိုးစု၊ မမိုဟွမ် အခုလို ၀င်ရောက်ဆွေးနွေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါ တယ်ခင်ဗျာ။ ဒီစကားဝိုင်းကနေ ကျနော်တို့ သုံးသပ်ချက်၊ ကောက်ချက် ချကြည့်ရမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ ပိုပြီး ဒီထက်ပွင့်လင်းလာမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ် ၅၀ က နောက်ချန်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု၊ အောင်မြင်တဲ့ သူတွေကလည်း၊ မယဉ်မျိုးစုနဲ့ မမိုဟွမ်တို့လို ပိုမိုများပြားလာမယ်လို့ မျှော်လင့်လို့ ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။


Dateline Irrawaddy ဆွေးနွေးဝိုင်းတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး စသည့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို သုံးသပ် ဆွေးနွေးနေပြီး  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ရုပ်သံ)တွင် အပတ်စဉ် တင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ယခု အစီအစဉ်မှာ DVB ရုပ်သံ၏  ဖေဖော်ဝါရီ ၂၆  ရက်နေ့ ထုတ်လွှင့်ချက်ကို ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။ မတ်လ ၉ ရက်နေ့က ဖြန့်ချိသော The Irrawaddy ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။
 
ရုပ်သံဖိုင်လင့် - http://blog.irrawaddy.org/2014/02/dateline-irrawaddy.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved