တံငါသည် မြေးအဖိုးနဲ့ ထန်းတော

Monday, April 28, 2014

ဓာတ်ပုံ - အောင်အောင် / ဧရာဝတီ
မြေးအဖိုးနှစ်ယောက် အလုပ်လည်းပြီးပြီ၊ ရေလည်း ချိုးပြီးပြီမို့ နံနက်ပိုင်းလျှင်ပင် အိမ်ပြန်၍ထမင်းစားကာ ထမင်းလုံးစီပြီး အိပ်ပျော်သွားကြလေသည်။ အဖိုးမှာ အရပ်အနည်းငယ် ပုသယောင်ရှိသော်လည်း ဗလတောင့်ကာ သန်မာသည့် လူမျိုးဖြစ်သည်။ ကျနော့်မှာ အဖေဘက်လိုက်သည်လား မပြောတတ်၊ အရပ်ရှည်သော်လည်း ဗလ မပြောနှင့် ဗလံလည်း မရှိ၊ ပိန်၍ ရှည်သည်ဟုထင်သည်။

မြေးအဖိုးနှစ်ယောက် ကုတင်တစ်ခုတည်းပေါ်တင် အိပ်ကြရသည်ဖြစ်ကာ အဖိုးမှာ အိပ်မက်ယောင်၍ ကန်လိုက်သည်ဖြစ်ဖြစ်၊ ယောင်၍ တံတောင်နှင့် တွက်လိုက်သည်ဖြစ်ဖြစ် ကျနော့် ဗလံလေးမှာ မခံနိုင်ရှာ။ အကြိမ်ကြိမ်ပင် အဖိုး၏ ကုတင်အောက်သို့ ခွေးကျ ၀က်ကျ ကျရရှာသည်။ ကျနော်လည်း ချစ်ရသည့် အဖိုးဖြစ်ပေမယ့် သည်အတိုင်းတော့ သည်းမခံနိုင်။ လှုပ်နှိုး၍မရလျှင် အဖိုး၏ သန်မာသောလက်ကို လက်နှစ်ဖက်နှင့်ချုပ်၍ ဖမ်းကိုက်ပစ်လိုက်သည်။ ထိုအခါကျမှပင် အဖိုးမှာ အိပ်မက်ထဲနိုးထလာကာ ကျနော့်အား ပြန်တောင်းပန်လေသည်။

သို့နှင့် … ညနေပိုင်း ၃ နာရီခွဲလောက်မှပင် မြေးအဖိုးနှစ်ယောက် အိပ်ယာထကြတော့သည်။ ထုံးစံကြီးအတိုင်း သွားများကို မီးသွေးနှင့်တိုက်၊ မကျေနပ်နပ်လျှင် ဆားနှင့်ပြန်တိုက်ပြီးမှ အိပ်ယာနိုးခြင်း ပြီးပြည့်စုံတော့သည်။

သို့နှင့် ကျနော်နှင့်အဖိုး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လှော်တက် တစ်ယောက် တစ်ချောင်းစီကိုင်၊ အဖိုး၏လက်ချက်ဖြင့် ဇိဝိန်ကြွေသွားသော မြွေပြွေးနှင့် ငါးမြွေကျားထည့်ထားသော ပလိုင်းကိုဆွဲကာ လှေဆိပ်သို့ အိမ်နေ အိမ်ရှင်မများ အရင်မသိအောင် မနက်က အဖွား၏ စေတနာ ဗလဗွဖြင့် ပစ်ချပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံငါးကျပ်ကိုင်၍ မြေးအဖိုးနှစ်ယောက် လှေဆိပ်သို့ ပြေးလေတော့သည်။

လှေကြိုးကိုဖြုတ်၍ တစ်မိုင်ကျော်ခန့်တွင်ရှိသော ဘကြီးမောင်လုံး၏ ထန်းတောသို့ လှော်ခတ်ရပေဦးမည်။ တစ်မိုင်ဆိုသည်မှာ အပြေးသမားများ မော မမောမသိ၊ ကျနော်တို့ မြေးအဖိုးကတော့ နာရီဝက်ခန့်သာ လှော်ခတ်ရသည်ဖြစ်ရာ ကျောက်ရုပ်ကို ပန်းနှင့်ပေါက်သည့်ပမာပင် … (လှေလှော်တာ အကျင့်အရှိတဲ့ အကြောင်း ကြွားတာပါ)။

ထန်းတောရှိ လှေဆိပ်ကိုရောက်ပြီ၊ လှေချည်တိုင်တွင် လှေကိုချည်ကာ ကမ်းနဖူးပေါ်ရှိ ဘကြီးပိုင်ဆိုင်ရာ အမိန့်ရ ထန်းတောဆီသို့ တက်ရန် ဖြူဖွေးနေသော သဲသောင်ပြင်ပေါ်သို့ ခြေချမိကြသည်။

ကမ်းနဖူးပေါ်တွင် ဘကြီးဖြစ်သူ မောင်လုံးမှာ ခါးထောက်ပြီး တဟားဟားရယ်လျှက် ကျနော်တို့အား ဆီးကြိုလေသည်။

ဘကြီးဖြစ်သူက `အစ်ကိုတို့ မြေးအဖိုးလာတာကို ကျနော် ထန်းပင်ပေါ်ကနေ မြင်နေရတယ် … အဲဒါကြောင့် အစ်ကို့အတွက် ထန်းရည်မှာ တန်ဖိုးကြီးပါ့ဆိုတဲ့ အခါးရည်ချည်းသက်သက် ချန်ထားတယ် …´ သူကပင်ဆက်၍ ကျနော့်အား `ဟဲ့ ငအောင် … မင်းပလိုင်းထဲမှာ ဘာပါလဲဟေ့´

ကျနော်လည်း ဘကြီးဖြစ်သူ အမြည်းကောင်းကောင်း လုပ်တတ်သည်ကို သိထားသည်ဖြစ်ရာ ဘာမှပြန်မပြောတော့ဘဲ ပလိုင်းကိုသာ ကမ်းပေးလိုက်လေသည်။

`အိုး ဟို … ကောင်းလိုက်တဲ့ အမြည်းတွေ …´ဟု ဆိုကာ သူအမြဲတမ်း ချက်ပြုတ်နေကျ ထန်းပင်များနှင့် မနီးမဝေးတွင်ရှိသည့် သူအမြည်းရောင်းရာ သူ၏ ယာယီတဲအိမ်သို့
ဝင်သွားကာ ကျနော့်အား ပြဿနာရှာသည့် မွေးပြွေးနှင့် အဖိုး၏မြုံးများအား ပြဿနာပေးတတ်သည့် ငါးမြွေကျားများအား ခုတ်ထစ်လေတော့သည်။

အတန်ကြာသော် ပြန်ထွက်လာပြီး …

`အစ်ကိုရေ ကျနော်တော့ ခုတ်ထစ်ပြီးပြီ … အဲဒါ ကျနော့်မိန်းမ (မသေး) က ကြော်ချက်ဖို့လုပ်နေပြီ … ကျနော် အစ်ကို့အတွက် ထန်းရည် သွားယူလိုက်ဦးမယ်´ဟု ဆိုကာ ထန်းတောနှင့် မလှမ်းမကမ်းရှိပြီး သိပ်မဝေးသည့် မြစ်ကမ်းနဖူးနားတွင်ရှိသော ခြုံငယ်တစ်ခုထဲသို့ တိုးဝင်သွားကာ အဖိုးကြိုက်တတ်ပါသည်ဆိုသည့် ထန်းရည်အခါး
ဝါးကျည်တောက်နှစ်လုံးအား ယူချလာလေသည်။

ပြီးလျှင် ၀ါပိုးဝါးအဆစ်များကို ခုတ်ထစ်ပြုလုပ်ထားပြီး ငါးကျင်းကိုင်းခွက်သဏ္ဍာန် ဖန်တီးပြုလုပ်ထားသော ခွက်ကြီးနှစ်ခွက်အား ယူလာကာ ထန်းရည်အခါးများအား ပြည့်အောင်ထည့်၍ ညီအစ်ကိုနှစ်ယောက် စကားဖောင်ဖွဲ့စ ပြုလေပြီ။ ကျနော့်မှာ ကလေးဖြစ်ရကာ ဒေါင့်ကပ်နေရရှာသည်။ အမြည်းလည်း မလားသေး။

မကြာလိုက် … မြွေပွေးသားနှင့် ငါးမြွေးကျားများအား ကြော်ထားသော အင်ဖက်နှင့် ထုပ်ထားသည့် အမြည်းထုပ်ကြီးကိုကိုင်ကာ ကြီးတော် (ဂျီးတော်) ဖြစ်သူ ဒေါ်မသေး တဲထဲမှယူလာ၍ လာချပေးလေသည်။

`ကဲ … ငါ့မြေးရေ … ဆာနေပြီ မဟုတ်လား … ၀ါးပေတော့ …´ဟုဆိုကာ အမြည်းပွဲ စတင်
ဝါးကြလေပြီ။

နာရီဝက်ခန့်သာ ကြာမည်ထင်သည်၊ အမြည်းများအားလုံးကို ဗိုက်ဆာဆာနှင့် လူဆိုးသုံးယောက်သား စားချလိုက်သည်။

သို့သော် … ၎င်းတို့မှာ ထန်းရည်အခါးများနှင့် မြည်း၍ ကျနော့်မှာ ရေလည်းမရ ထန်းရေလည်းမလာဖြစ်ရာ ဒေါပွလာပြီး အရှေ့တွင်ချထားသော ဘကြီးဖြစ်သူ၏ အပြည့်ငှဲ့ထားသည့် ထန်းရည်ခွက်ကြီးအား ဆတ်ခနဲကိုင်၍ ဂလု ဂလု ဂလုနှင့် အကုန်မော့ချလိုက်လေရာ အဖိုးနှင့် ဘကြီးဖြစ်သူမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ မည်သို့လုပ်ရမှန်း မသိသည့် အကြည့်နှင့် ကျနော့်အား ပြန်လည်ငေးကြည့်နေကာ သတိဝင်လာပြီးမှ …

သူတို့ နှစ်ယောက် ကျနော့်အား ပြန်လည်စကားပြောဖော် ရတော့သည်။ ဆိုးလိုက်သည့် အဖိုးကြီးတွေများ …

သို့နှင့် သူတို့နှစ်ယောက် ထန်းလက်ခြောက်များဖြစ်ပင် ငါးနှပ်ခြောက်များအား မီးဖုတ်ကာ ကျနော့်အား ချော့လေသည်။ သို့သော် ကျနော် လက်မခံ၊ ဤမျှလောက်နှင့်မရ။ ငါးနှပ်ခြောက် ငံငံနှင့် ထန်းရည် ခွက်ကြီး နှစ်ခွက်ရမှ ကျေနပ်မည်ဟု ထန်းရည်သမား ကြက်သမား ကိုကြီးကျော်စတိုင်လ်ဖြင့် သောင်းကြမ်းလေရာ …

သို့နှင့် အဖိုးဖြစ်သူနှင့် ဘကြီးဖြစ်သူမှာ မနေနိုင်တော့ … သူတို့ အရေးကြီးသည့် ကိစ္စများကို ခဏထားကာ တံငါသည်အပိုင်းတွင် လှေသူကြီးဖြစ်သူ ကျနော့်အား ပြုစုရတော့သည်။ ကျနော် ရေငတ်သည့် အမှုမှစ၍ အမြည်းငတ်သည်အထိ ရစ်သမျှအား သူတို့ခမျာ ခံရရှာတော့သည်။

ထန်းရည်ခွက်ကြီးများအား မည်မျှသောက်လိုက်သည်မသိ၊ ကျနော် သတိပြန်ရသည့်အချိန်သည် မြုံးဖော်ရန် ဝေလီဝေလင်းအချိန် ရောက်နေပြန်ပြီဖြစ်သည်။ မနေ့ညက ကျနော်နှင့်အဖိုး မည်မျှသောက်လိုက်သည်မသိ။ တော်ကြာ အဖွားဖြစ်သူ၏ ငှက်ဆိုးထိုးသံကြီးအား ကြားရပေဦးမည်။

အဉ္ဇလီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved