သစ္စာဆိုဝံ့ပါသလား

Wednesday, May 28, 2014

 ~

 

"....၉၂ ရာခိုင်နှုန်းကျော် ဆိုတာကြီးကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခု ဖွဲ့စစ်သင့်တယ်..."

 



မြင့်သူရ ~

ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်ကထောက်ခံမဲပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်ဆိုရင် အဲဒီဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ပြင်ရမှာပေါ့ ဆိုသူတွေ အခုတလော တယောက်ပြီးတယောက်ပေါ်ထွက် လာတာတွေ့ရပါတယ်။ အဲဒီလိုလူတွေကများတော့ မများဘူး တယောက်စ နှစ်ယောက်စဆိုသလောက်ပါပဲ။

ထူးဆန်းတာကအဲဒီ ၉၂ ရာခိုင်နှုန်းကျော်လို့ ဆိုလိုက်တာနဲ့ ပြည်သူတွေကညှိမထားဘဲ “ဟက်”ခနဲ အသံထွက်တဲ့သူကထွက်၊ ပြုံးတဲ့သူတွေက ပြုံးကြတာ တညီတည်းပါပဲ။ လူလည်ကျ၊ ကလိန်ကျ၊ မျက်လှည့် ပြခဲ့တာတွေကိုခံထားခဲ့ရတဲ့ သူတွေချည်းဆိုတော့ ခံစားချက်ကိုယ်စီနဲ့ အဲဒီ ၉၂ ရာခိုင်နှုန်းကျော် ဆိုတာကြီးကိုလှောင်ရယ်တာတို့၊ လှောင်ပြုံးတာတို့ကညီကြသပေါ့ဗျာ။ ပြည်သူတွေကိုမျက်လှည့်တခါပြခဲ့ရုံနဲ့ တသက်လုံး လိမ့်လို့ရမယ်၊ ဒါမှမဟုတ်ရင် ပြည်သူတွေဆိုတာတို့ဘာလုပ်ခဲ့လုပ်ခဲ့ တို့ပြောတာကို ယုံကြည်လိမ့်မယ်လို့များ ထင်နေကြတယ်ဆိုရင်တော့ အတော့်ကိုအတွေးတိမ်ပြီး ညံ့ဖျင်းလွန်းသူတွေပဲလို့ သတ်မှတ်ရုံမှ တပါးအခြားမရှိပြီပဲ။

သမိုင်းဆိုတာလိမ်လို့ရတဲ့ အရာမှမဟုတ်ဘဲ။ သူတို့လုပ်ခဲ့ကြတာကို ပြန်ကြည့်လေ၊ ကမ္ဘာမှာအကြာဆုံး (၁၄ နှစ်ကြာ) အမျိုးသားညီလာခံ ဆိုတာ ပြုလုပ်ခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ကြသတဲ့။ နိုင်ငံတကာမှာ အမျိုးသားညီလာခံကို ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ကျင်းပကြပေမယ့် ဒီမှာကစစ်အာဏာရှင်တွေရဲ့ စိတ်ကြိုက် ခေါင်းခေါက်ပြီးရွေးခဲ့ကြတယ်။  နိုင်ငံရေးပါတီတွေကကိုယ်စားလှယ် တချို့ကို လူမြင်ကောင်းအောင် ထည့်ခဲ့ပေမယ့် သူတို့ကလူနည်းစုလေးဆိုတော့ ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာရှင်တွေရဲ့ စိတ်တိုင်းကျ ရေးဆွဲခဲ့ကြတာ အားလုံးအသိပဲလေ။

အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူတဲ့ မဲဆန္ဒပေးပွဲ လုပ်ခဲ့တာတွေကလည်းသင်းလှသဗျို့။ စာရေးသူကိုယ်တွေ့လေးပဲပြောပါမယ်။ အဲဒီမဲဆန္ဒပေးပွဲနေ့က ကျနော်မဲပေးဖို့ မဲရုံသွားခဲ့တယ်။ အဲဒီနေ့ကကျနော်တို့ ရပ်ကွက်ထဲ၊ လမ်းတွေထဲက ပြည်သူတွေဟာ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ မဲဆန္ဒပေးပွဲတုန်းကလို အုန်းအုန်းကျွက်ကျွက် မရှိကြဘူး။ အဲဒီနေ့မတိုင်ခင် အနေအထားမျိုး ခပ်အေးအေးပဲ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲဆန္ဒပေးဖို့ ကိစ္စကို ဘယ်သူမှ တက်တက်ကြွကြွပြောဆို လှုပ်ရှား သွားလာတာ မရှိသလောက်ပဲ။

ကျနော်က နံနက် ၁၀ နာရီလောက်မှာ ကျနော်မဲပေးရမယ့် မဲရုံကိုသွားပါတယ်။ မဲရုံရောက်တော့ ကွန်ပျူတာ စာစီရိုက်ထားတဲ့ မဲစာရင်းစာအုပ်မှာမဲရုံက အမျိုးသမီးလေးက ရှာပါတယ်။ နှစ်ခေါက် သုံးခေါက်ရှာပေမယ့် မတွေ့ပါဘူး။ ကျနော်တို့ မိသားစုထဲကပဲ မဲပေးခွင့်ရှိသူတွေလည်းဘယ်သူမှ မပါဘူးဗျာ။ မဲရုံကအမျိုးသမီးက “ဦးလေးတို့က မဲစာရင်းလာကောက်တုန်းက မရှိကြလို့ ထင်တယ်” ဟုပြော၍ ကျနော်က “ဘာဖြစ်လို့ မရှိရမှာလဲ ကျနောတို့အိမ်မှာ လူမပြတ်ဘူး၊ ကျနော်အလုပ်သွားနေချိန်မှာ မဲစာရင်းလာကောက်ရင်တောင်မှ အိမ်ကလူတွေရှိတယ်၊ ခင်ဗျားတို့မဲစာရင်းလည်း လုံးဝ လာမကောက်ဘူး၊ ကျနော်တို့ မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌတောင်မှ ခင်ဗျားတို့ မဲစာရင်းထဲမှာ မပါဘူးဆိုတော့ ခင်ဗျားတို့ မဲစာရင်းဟာ ဘာမဲစာရင်းလဲ လို့ပြောလိုက်တော့မှ မဲရုံထဲမှ တိုက်ပုံဝတ်ထားသူတဦးက ထလာပြီး “ကိစ္စမရှိပါဘူး၊ ကျနော်ရှင်းပေးပါမယ်” လို့ဆိုပါတယ်။

အဲဒီအချိန်မှာ ကော်မရှင်တွေလာတယ်လို့ ပြောသံကြားလိုက်ပြီး တိုက်အင်္ကျီဝတ်ထားသူ သုံးလေးယောက် ၀င်လာပါတယ်။ အဲဒီအထဲက တယောက်က “အခြေအနေ အေးအေးဆေးဆေးပဲလား” လို့မေးလို့ မဲရုံထဲကတယောက်က ဟုတ်ကဲ့ “အေးအေးဆေးဆေးပါပဲ” လို့ ပြန်ဖြေတယ်။ ကော်မရှင်ဆိုသူတွေထဲက တယောက်က “အေး ကောင်းတယ် ဆက်လုပ်ပါ။ ဒါနဲ့ ပြောရဦးမယ် မဲရုံထဲကို သတင်းထောက်တွေ မ၀င်စေနဲ့” လို့ မှာကြာပြီး ထွက်သွားပါတယ်။ ကျနော့်ကို သတင်းထောက်မှန်း သူတို့သိပုံမရပါဘူး။

ကော်မရှင်ဆိုသူတွေ ပြန်ထွက်သွားတော့မှ ကျနော်ရှင်းပေးပါ့မယ်ဆိုသူက သန်းခေါင်စာရင်း ပါသလား လို့ မေးတော့ ကျနော် သန်းခေါင်စာရင်း ထုတ်ပေးလိုက်ပါတယ်။ သူက သန်းခေါင်စာရင်းကို ကြည့်ပြီး “မဲပေးခွင့်ရှိသူက သုံးယောက်နော်” ဆိုတာနဲ့ ကျနော် ခေါင်းညိတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပုဂ္ဂိုလ်က မဲစာရင်းစာအုပ်ထဲက သုံးဦးကို ဘောပင်နဲ့ခြစ်လိုက်ပြီး အဲဒီသုံးနေရာမှာ ကျနော်တို့ မိသားစုသုံးဦး စာရင်းကို ရေးသွင်းလိုက်ပါတယ်။ ပြီးတော့မှ “ကဲ မဲပြားတွေထုတ်ပေးလိုက်” ပြောတော့ စောစောက အမျိုးသမီးက မဲသုံးပြား ထုတ်ပေးပါတယ်။

ကျနော်က “မဟုတ်ဘူးလေ ကျနော့်အတွက် ကျနော့်မဲပြားကိုပဲ ထုတ်ယူပါမယ်” ဆိုတော့ အမျိုးသမီးက “ရပါတယ် သုံးပြားစလုံး အန်ကယ်ထည့်သွင်းလို့ ရပါတယ်” ဆိုပြီး မဲပြားသုံးပြားရလို့ ကျနော် မဲပုံးထဲ ထည့်ခဲ့ပါတယ်။ စိတ်ထဲမှာတော့ “သြော် အသည်းကြားက မဲတပြားခေတ် မဟုတ်တော့ပါလား၊ မိသားစုတခုလုံးအတွက် တယောက် သို့မဟုတ် တရပ်ကွက်၊ တရွာလုံးအတွက် တယောက်တည်းကပဲ မဲတွေ ဗုံးဘောလဟော ပေးလို့ရတဲ့ ခေတ်ကာလပါလား၊ ကြုံ မကြုံဘူးပါဘူး” လို့ စဉ်းစားရင်း အိမ်ပြန်ခဲ့တယ်။

ကျနော်တို့လမ်းထဲ ပြန်ရောက်တော့ လမ်းမှူး (ရာအိမ်မှူး) က “ဆရာ ဘယ်ကပြန်လာတာလဲ” မေးလို့ “မဲသွားပေးတာလေ” ဆိုပြီး မဲစာရင်း မပါလို့ ပြောဆိုရတဲ့အကြောင်း ပြောပြတော့ လမ်းမှူးက “ဆရာပဲ အလုပ်ရှုပ်ခံပြီး မဲသွားပေးတာ၊ ကျနော်တို့မိသားစုလည်း မဲစာရင်းမှာ မပါလို့ ကျနော်တို့ မဲရုံကိုမသွားဘူး၊ ကျနော်တို့လမ်းထဲမှာပဲ မဲစာရင်းမပါတဲ့သူတွေ တော်တော်များများ ရှိတယ်။ မဲစာရင်းမပါလို့ မဲသွားမပေးရလည်း သက်သာတာပေါ့၊ မဲသွားပေးရင်လည်း ဘာမဲပေးပေး အားလုံးထောက်ခံမဲဖြစ်သွားမယ့်ဥစ္စာ ဘာထူးမှာလဲ” တဲ့ဗျ။

ကျနော်တို့ လမ်းထဲမှ တခြားမိတ်ဆွေတဦးကတော့ “ကျနော်တို့အိမ်က ကျနော်တို့ ဇနီးမောင်နှံတော့ မဲစာရင်းမှာပါတယ်။ ဒါပေမဲ့ ကျနော့်ဇနီး ဒေါ်တင်က ဦးတင်ဖြစ်နေတယ်။ ကျနော်ကျတော့ နာမည်မှန်ပေမယ့် မှတ်ပုံတင်နံပါတ် မှားနေတယ်လေ။ ကပေါက်တိ ကပေါက်ချာပါပဲဗျာ” လို့ ပြောပါတယ်။ အဲဒီလိုနဲ့ မဲစာရင်းတွေလည်း မမှန်ကန်၊ မဲပေးပုံကလည်း မမှန်ကန်၊ မဲရေတွက်ပုံကျတော့ကော ကုလသမဂ္ဂက လာလေ့လာပါရစေဆိုတာတောင် လက်မခံခဲ့ဘူး၊ မဲကို ဘယ်နည်း ဘယ်ပုံ ဘယ်လိုရေတွက်တယ်ဆိုတာ မသိရ၊ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ နောက်ဆုံးတော့ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိလေသတည်းပေါ့ဗျာ။ ဒါကြောင့် ၉၂ ရာခိုင်နှုန်းကျော် ဆိုတာကြီးကို ပွင့်ပွင့် လင်းလင်း ပြောရရင် တရားမျှတမှု မရှိ၊ ရိုးသားမှုမရှိ၊ မှန်ကန်မှု မရှိဘူးဆိုတာ ကျနော်အပါအ၀င် ပြည်သူအများစုကြီးက သိထားတဲ့ကိစ္စ၊ ဘ၀နဲ့ရင်းပြီး သိထားတဲ့ကိစ္စပေါ့ဗျာ။ ဒါကြောင့် ကာတွန်းဆရာတယောက်က ၉၂ ရာခိုင်နှုန်းကျော် ဆိုတာကြီးကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခု ဖွဲ့စစ်သင့်တယ်လို့ ရေးသားခဲ့တာ တွေ့ရပါတယ်။

အဲဒါကိုပဲ ဒီ ၉၂ ရာခိုင်နှုန်း ထောက်ခံမဲဆိုတာကြီး ထပ်ပြီး ပွဲထုတ်လာဦးမယ်ဆိုရင် ကျနော် ရဲရဲကြီး သစ္စာဆိုရဲပါတယ်။ အဲဒါ အမှားကြီးကို အမှန်လုပ်ပြောနေတာဖြစ်တယ်။ ကျနော်ပြောတဲ့စကား မှန်ပါက ကျနော် ကြီးပွားတိုးတက်၊ အသက်ရှည်ပါစေ၊ မမှန်ဘူးဆိုပါက ရှိပြီးသား ကျနော့် ရာထူးစည်းစိမ် ဥစ္စာ အားလုံး ပျက်စီးဆုံးရှုံးပါစေလို့ ရဲရဲကြီး သစ္စာဆိုဝံ့ပါတယ်။ ၉၂ ရာခိုင်နှုန်းကျော် ရတာမှန်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကျနော့်လို သစ္စာဆိုဝံ့ပါသလား၊ ကဲ . . . စိန်လိုက်ကြရအောင်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved