အာဖဂန်ကို ရုတ်တရက်သွားခဲ့တဲ့ အိုဘားမား

Monday, May 26, 2014

 ~

 
သမ္မတ အိုဘားမားကို ဒီရက်ပိုင်း ထင်မှတ်မထားတဲ့နေရာတွေမှာ တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဝါရှင်တန်မြို့ထဲလျှောက်သွားပြီး လမ်းသွားလမ်းလာတချို့နဲ့ စကားပြောတယ်။
  
  (U.S. Air Force photos by Staff Sgt. Evelyn Chavez)
 .
တနင်္ဂနွေနေ့မှာတော့  အာဖဂန်မှာရှိတဲ့ အမေရိကန်စစ်သားတွေဆီကို ရုတ်တရက် ရောက်သွားပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day  (ကျဆုံးသွားတဲ့ စစ်သည်များ အောက်မေ့ဘွယ်နေ့) အထိမ်းအမှတ် အခါသမယမှာ အိုဘားမားက
အာဖဂန်နစ္စတန်ရောက်  အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ ရှိခဲ့တာပါ။

အမေရိကန်သမ္မတတဦးအတွက် အန္တရာယ်ရှိတဲ့ အာဖဂန်ကို ကြိုတင် ကြေညာထားခြင်း မရှိဘဲ ၄ နာရီကြာ သွားရောက်ခဲ့ခြင်းပါ။

အမေရိကန်ပါဝင်နေတဲ့စစ်ပွဲရှည်ကြီးဖြစ်နေတဲ့နေရာကနေ  အမေရိကန်တပ်ဖွဲ့တွေ မကြာခင်ရုပ်သိမ်းတော့မယ့်အချိန်မှာ အိုဘားမား ရောက်သွားတယ်၊ ဒီအချိန်ဟာ
ဒီနှစ်ကုန်ပိုင်း အမေရိကန်တပ်အင်အား ဘယ်ရွေ့ဘယ်မျှ ဆက်ထားမယ် ဆိုတာကိုလည်း နောက်ဆုံးပိတ် ဆွေးနွေးရတော့မယ့်အချိန်လည်း ဖြစ်ပါတယ် လို့ ၀ါရှင်တန်ပို့စ်အွန်လိုင်းမှာ ရေးထားပါတယ်။

အိုဘားမားက စစ်သည် ၃,ဝဝဝ ဝန်းကျင်နဲ့ တွေ့ဆုံရာမှာ ... အာဖဂန်မြေပေါ်က အမေရိကန်စစ်ပွဲဟာ တာဝန်သိသိ အဆုံးသတ်ပါတော့မယ်လို့ ပြောပါတယ်။
ဝါရှင်တန်ကနေ စနေညအမှောင်ကို အကာအကွယ်ယူပြီး ထွက်လာတယ်၊ အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်အပြင်ဘက် အမေရိကန်စစ်စခန်းကိုလည်း မှောင်နေချိန်မှာ ရောက်လာတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဒါဟာ သူ့အတွက် ၄ ကြိမ်မြောက်ခရီးစဉ်ပါ။

အာဖဂန်မှာ အိုဘားမား ပထမဆုံး တွေ့တာက အမေရိကန်နဲ့နိုင်ငံတကာပူးပေါင်းတပ်ဖွဲ့တို့ရဲ့အကြီးအကဲ ဗိုလ်ချုပ် Joseph F. Dunford နဲ့ အမေရိကန်သံအမတ်တို့ပါပဲ။

ဝါရှင်တန်ပို့စ်အွန်လိုင်းမှာ ရေးထားချက်အရ ဆိုရင် ... အာဖဂန်မှာရှိတဲ့ Bagram  စစ်ဆေးရုံကို ရောက်ခဲ့တယ်၊ ဒဏ်ရာရစစ်သည်တွေနဲ့ တွေ့တယ်လို့ ဆိုတယ်။

သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အီရတ် နဲ့ အာဖဂန်မှာ ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၇,ဝဝဝ ထက် မနည်း ရှိခဲ့တယ်၊ အသေအပျောက်ကတော့ ၂,ဝဝဝ နီးပါး ရှိတယ်လို့ အဲဒီမှာ ရေးထားပါတယ်။

 





 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved