မိုးတွင်းမှာ ချေ၊ ဆတ်၊ ယုန်သားတွေ ရနိုင်တဲ့ သန်လျင်ကထမင်းဆိုင်

Monday, June 2, 2014

 ~

 


လူတွေကားတွေ ရှုပ်ထွေးစည်ကားလှတဲ့ ရန်ကုန်မြို့နဲ့ မလှမ်းမကမ်းမှာ နယ်မြို့လေးတမြို့ရဲ့ ကျယ်ပြောလွတ်လပ်ခြင်းနဲ့ သန့်စင်တဲ့လေထုကို ရရှိနိုင်တဲ့နေရာကို ပြောပါဆိုရင်တော့ သန်လျင်မြို့လို့ပဲ ဆိုရမယ်ထင်ပါတယ်။



  ဓာတ်ပုံ - စိုင်းစိုင်း/ဧရာဝတီ

ရန်ကုန်မြို့ထဲကနေ မိနစ် အနည်းငယ်လောက် ကားမောင်းသွားလိုက်ရင် ပဲခူးမြစ်ရေပြင်ကျယ်ကို ကန့်လန်ဖြတ် သွယ်တန်းထားတဲ့ သန်လျင် တံတားကြီးကို ဖြတ်ကျော်ရပြီး ရန်ကုန်မြို့ပြ မြင်ကွင်းတွေကနေ အနည်းငယ်ကွဲသွားတဲ့ ရှုမျှော်ခင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရှင်မွေ့နွန်း၊ မင်းနန္ဒာလို ဒဏ္ဍာရီတွေ ပြည့်နှက်နေတဲ့၊ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့ ပေါ်တူဂီလူမျိုး ငဇင်ကာတို့ ဇာတ်သိမ်းရာ ရှေးခေတ် မြို့ဟောင်း သန်လျင်ရဲ့ နာမည်ကျော် ရှေးဟောင်း စေတီတဆူဖြစ်တဲ့ ကျိုက်ခေါက်စေတီ၊ ဆက်သွားမယ်ဆိုရင် တချိန်က နာမည်ကြီးခဲ့တဲ့ ပါဒမြို့ဟောင်းက ပါဒကြီးစေတီ၊ ကျောက်တန်း မြို့က ရေလယ် ကျောက်တန်း စေတီတွေကလည်း ဘုရားဖူးကြသူ မြန်မာလူမျိုးတွေအတွက် သန်လျင်မြို့ရဲ့ ဆွဲဆောင်မှု တွေပါပဲ။
ဒီလို ဘုရားတွေဖူးအပြီး အနီးအပါးက လည်စရာပတ်စရာ နေရာတွေလည်း စုံတဲ့အခါ ဗိုက်ဆာဆာနဲ့ စားသောက်စရာ ဆိုင်ကောင်းကောင်း တဆိုင်ကို ရှာပြီဆိုရင်တော့ သန်လျင်မြို့ရဲ့ နာမည်ကျော် “ပွင့်” မြန်မာ ထမင်းဆိုင်ကို သတိရမိကြဖို့ လိုပါတယ်။

သန်လျင် တံတားကနေ ဆင်းလို့ ရှင်မွေ့နွန်း မျှော်ကုန်းကို ကျော်ပြီး ကျိုက်ခေါက်ဘုရား လမ်းမကြီးပေါ်ကို ချိုးဝင်လိုက်ပြီးတာနဲ့ သိပ်မကြာလှခင်မှာပဲ သန်လျင် က.ည.န အနီးမှာရှိတဲ့ “ပွင့်” မြန်မာထမင်းဆိုင်ကို တွေ့မြင်နိုင်ပါပြီ။
အဲဒီဆိုင်ကို နေ့ခင်းနေ့လယ် ထမင်းစားချိန် မျိုးမှာ ရောက်သွားခဲ့မယ် ဆိုရင်တော့ အဝင်ဝ မှန်တံခါးကို တွန်းဖွင့် ဝင်လိုက်တာနဲ့ အဲကွန်းတပ်ထားတဲ့ ဆိုင်ထဲမှာ အလှူအိမ်တခုရဲ့ မြင်ကွင်းလိုမျိုး စည်ကားပြည့်နှက် နေတဲ့ စားသုံးသူ ဧည့်သည်တွေကို တွေ့ရမှာဖြစ်ပါတယ်။

 


သန်လျင်လို နယ်မြို့လေး တမြို့နဲ့တူတဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ် မြို့ကလေးမှာ ဒီဆိုင်ရဲ့ အဓိက ဖောက်သည်တွေကတော့ ရန်ကုန်ဘက်က တကူးတက လာစားကြတဲ့ ဧည့်သည်တွေ၊ ဘုရားဖူးဧည့်သည်တွေ၊ သန်လျင် သီလဝါ ဆိပ်ကမ်း ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ဆဲ အထူး စက်မှုဇုန်ဆီကို လာရောက်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေဖြစ်တယ်လို့ ဆိုင်ရှင်ဖြစ်သူ ဦးသန်းဆွေက ပြောပြပါတယ်။

အခုအချိန်မှာ တနေ့ကို စားသောက်သူ ဖောက်သည် သုံး၊ လေးရာလောက် ရှိတယ်ဆိုတဲ့ ပွင့် မြန်မာထမင်းဆိုင်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်ကတော့ မနက်ခင်းရောင်းတဲ့ ထမင်းကြော်ဆိုင်ကလေး တဆိုင်ကနေ တိုးချဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အစက ဗိုလ်ချုပ်နေဝင်းလမ်းပေါ်က သန်လျင် လျှပ်စစ်ဝင်းအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ထမင်းဆိုင်ကလေး အဖြစ်ကနေ အခုအခါမှာ ကျိုက်ခေါက်ဘုရား လမ်းမကြီးပေါ်က စားပွဲဝိုင်းပေါင်း နှစ်ဆယ်ကျော်နဲ့ လူပေါင်း ၁၅၀ လောက် တပြိုင်တည်း စားသောက်နိုင်တဲ့ ဆိုင်ကြီးတဆိုင် အဖြစ်ကို ရောက်ရှိနေပါပြီ။

မြန်မာ ထမင်းဆိုင်တွေထုံးစံ ကြက်သား၊ ဝက်သား၊ ပုစွန်တုပ်၊ ဆိတ်သား၊ ဆိတ်ကလီစာ၊ ငါးသလောက်ပေါင်း၊ ငါးရံ့အူ စတဲ့ ထုံးတမ်းစဉ်လာ ဟင်းတွေအပြင် ချေသား၊ ဆတ်သား၊ ယုန်သားနဲ့ ငှက်သားလို တောကောင်သား ဟင်းလျာတွေ ကိုလည်း အခုလို မိုးတွင်းကာလမှာ နေ့စဉ်လိုလို ရရှိနိုင်တယ်လို့ ဆိုင်ရှင် ဦးသန်းဆွေက ဆိုပါတယ်။
အဲဒီ တောကောင် သားတွေကို ပဲခူးဘက်က ကျေးရွာတွေဆီက မှာယူရရှိတယ်လို့လည်း သိရပါတယ်။

“ပွင့်” မြန်မာထမင်းဆိုင်ရဲ့ ဟင်းလျာတွေဟာ မြန်မာဆန်တဲ့ အိမ်ချက် မြန်မာထမင်းဟင်း အရသာစစ်စစ်တွေကို ရရှိခံစားနိုင်မှာဖြစ်ပြီး အမေထွားနဲ့ ရန်ကုန်ပဲဆီသန့်တို့နဲ့ ချက်ပြုတ်ထားကြောင်းနဲ့ အချိုမှုန့်ကို အနည်းဆုံး လျှော့သုံးထားကြောင်းလည်း သိရပါတယ်။

 


မြန်မာထမင်းဟင်းကိုပဲ ကိုယ့်အိမ်မှာ စားရတဲ့ ခံစားချက်နဲ့ ကွဲပြားအောင် ခံစားရတဲ့ အချက်ကတော့ ဆိုင်က တည်ခင်းပေးတဲ့ ငပိ၊ တို့စရာ ပွဲပါပဲ။ ၁၀ မျိုးထက် မလျော့တဲ့ စိမ်းစိမ်းစိုစို အတို့အမြှုပ်တွေအပြင်၊ လက်လုပ် ချဉ်ဖတ်တချို့ရဲ့ အလယ်က အစပ်အဟပ် ကောင်းမွန်တဲ့ ငပိရေကျို တခွက်ကတော့ ဒီဆိုင်ရဲ့ထူးခြားမှုလို့ ဆိုရပါမယ်။
ငပိရေကျိုမပါရင် မပြည့်စုံဘူးလို့ ဆိုရမယ့် မြန်မာထမင်းဝိုင်းမှာပါတဲ့ အဲဒီရေကျိုငပိကို  သူတို့ကိုယ်တိုင်ပဲ ငါးကြီးသားတွေ ဝယ်ပြီး အိုးကြီးအိုးငယ်တွေနဲ့ ကိုယ်တိုင်သိပ်တာမို့ ယူရီးယား အန္တရာယ်ကိုလည်း ပူစရာမလိုပါဘူးတဲ့။

ဝန်ထမ်းပေါင်း နှစ်ဆယ်ကျော်နဲ့ အောင်မြင်စွာ လည်ပတ်နေတဲ့ ပွင့် မြန်မာထမင်းဆိုင်ကို ထူးထူးခြားခြား ကြော်ငြာခြင်းလည်း မရှိခဲ့ဘဲ အစားအသောက်ရဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှု ပိုင်းကိုသာ အဓိက  ထားခဲ့တယ်လို့လည်း ဆိုင်ရှင်ဖြစ်သူက ဆိုပါတယ်။
လာရောက်စားသောက် သူတွေထဲမှာလည်း လူအမျိုးမျိုး စိတ်အထွေထွေရှိပေမယ့် ဖောက်သည်ဘက်က အမှန်ဆိုတဲ့မူနဲ့ပဲ စားသုံးသူတွေ ကျေနပ်မှုရှိအောင် ဝန်ဆောင်မှုပေးတယ်လို့ ဆိုပါတယ်။

စာဖတ်သူ အနေနဲ့ အိမ်ထမင်း အိမ်ဟင်းတွေ စားရတာငြီးငွေ့လိုပဲဖြစ်ဖြစ်၊ မွန်းကျပ်တဲ့ မြို့ပြပတ်ဝန်းကျင်ကနေ ရှောင်ပုန်းရင်း ကွဲပြားတဲ့ရသနဲ့ မြန်မာ ထမင်းဟင်းတွေကို စားသောက်လိုလို့ပဲဖြစ်ဖြစ်၊ အခုလို  မိုးတွင်းကာလမှာ တောကောင်သား ဟင်းလျာလေးတွေ မြည်းစမ်း စားသောက်ချင်လို့ပဲဖြစ်ဖြစ် သန်လျင်မြို့အဝင်က “ပွင့်” မြန်မာ ထမင်းဆိုင်ကို တခေါက်လောက်သွားပြီး မြည်းစမ်း ကြည့်စေလိုပါတယ်။

  • သီ
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved