ထိုင်း ရောက် မြန်မာအလုပ်သမားတွေနဲ့ မိုဘိုင်းဖုန်း၊ လူမှု ကွန်ရက်သုံးစွဲမှု

Wednesday, June 25, 2014

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့ကာလမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် အလုပ်သမား တွေကို ဖမ်းဆီးနေရပ်ပြန်ပို့နေတာကတော့ နေ့စဉ်လိုလို ပါ။ အနယ်နယ် အရပ်ရပ်က တရား မဝင်အလုပ်သမား
တွေ ရှိရာ နေရာတွေမှာ ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေနဲ့ အဖမ်းအဆီးတွေကလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါဘဲ။  



ဒါတွေကို မြန်မာအလုပ်သမားတွေကတော့ မြန်မာချင်း စည်းလုံးညီညွတ်စွာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး  အင်တာနက် အွန်လိုင်း ဖေ့စ်ဘုတ် Line ( လိုင်း ) စတဲ့ လူမှုကွန်ရက်တွေ ကနေ တယောက်ကို တယောက် သတင်းပေးကာ  ရှောင်ရှားနေ နိုင်ကြတယ်လို့ သိရပါတယ်။ ဒါတွေက ဒီအချိန်မှာ သူတို့အတွက် မရှိမဖြစ် အသုံးဝင်လာတာ ဖြစ်ပါတယ်။ 

“ ဒီအချိန်မှာ ကျတော်တို့ မစည်းရုံးရင် ဘယ်ဖြစ်မလဲ။ ဘယ်မှာ ဘာရှိတယ်။ ဘယ်နေရာ မှာ ရဲဝင်တယ်။ အဲလိုမျိုး တယောက်နဲ့ တယောက် သိနေရမယ်လေ။ ဒီနေ့ မလာကြနဲ့ ရဲဝင်နေတယ်။ သိတဲ့တယောက် က ပြောလာရင် ကျတော်တို့ မသွားတော့ဘူး။ အဲလိုမှ မလုပ်ဘူး၊ မပြောကြဘူး ဆိုရင် သွားပြီပေါ့။ အားလုံး
ထောင်ထဲ ရောက်ကုန်မှာ" ဆိုပြီး မြန်မာအလုပ်သမားခေါင်းဆောင် တဦးက ဧရာဝတီကို ရှင်းပြပါတယ်။ 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ လက်ကိုင်ဖုန်း၊ အိတ်ဆောင် လက်တော့ ကွန်ပြူတာတွေ နဲ့ အသားကြနေပြီသား ဖြစ်ကြပါတယ်။ 



အခုလို အဖမ်းအဆီးများတဲ့ ကာလမှာ အဓိက နေ့စဉ်ကြုံတွေ့နေတဲ့ ပြဿနာကတော့ သွားရေး လာရေး ပဲ ဖြစ်ပါတယ်။ တရားဝင် အလုပ်သမား လက်မှတ် ရှိသည်ဖြစ်စေ အလုပ်လုပ်ရမယ့် နေရာက သတ်မှတ် ထားတဲ့ နေရာမှာသာ လုပ်ကိုင်ခွင့် ရှိတာပါ။ 



အဲလိုမျိုး အလုပ်တွေကလည်း များသောအားဖြင့် အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ မှာ နေ၊ အဲဒီမှာ စား ဆိုတဲ့သဘောပေါ့။ 

ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဝင်ငွေပိုရတဲ့ အပြင်က ဆောက်လုပ်ရေး လုပ်ငန်းအပြင် တခြား နေ့စားအလုပ်မျိုးတွေ လုပ်ကြ တာပါ။ ဒီလို လုပ်ကြတဲ့အခါလည်း သူတို့ရဲ့ လုံခြုံရေးကို အင်တာနက်၊ လူမှု ကွန်ရက်တွေနဲ့ သတင်းမေးပြီး မှ  သွားသင့် မသွား သင့်ကို ဆုံးဖြတ်ကြတယ်။ 



ထိုင်း ရောက် မြန်မာအလုပ်သမားတွေကတော့ အင်တာနက် လူမှုကွန်ရက်တွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လက်ကိုင် ကွန်ပျူတာတွေကို အကျိုး ရှိရှိ သုံးရင်း မလိုလားအပ်တဲ့ ဖမ်းဆီးခံရမယ့် ဘဝတွေ ကို 
ကျော်လွှားနေနိုင်တာကတော့ လက်တွေ့ပါ။


ငြိမ်းဇော် ~










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved