ဧရာဝတီဒေသပညာရေးအတွက် သဘင်သည်တို့ သိန်းတထောင်ရှာပေး

Tuesday, July 29, 2014

-




 


    
ပညာတော်ပြီး ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ပညာရေး ဖောင်ဒေးရှင်းရန်ပုံငွေ အနုပညာဖျော်ဖြေပွဲကနေ အလှူငွေ ကျပ် သိန်း ၁,ဝဝဝ ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

 ရန်ပုံငွေအတွက် ပုသိမ် မြို့တော်ခန်းမမှာ ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့များက အနုပညာ ဖျော်ဖြေပွဲကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး
ဇာတ်သဘင်သည်တွေဖြစ်တဲ့ မန္တလေးက ရွှေမန်းချမ်းသာ ဇာတ်အဖွဲ့နဲ့ ရန်ကုန်စံပြသဘင်က ဇာတ်သဘင်ပညာရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက
ပါဝင်ကပြ ဖျော်ဖြေခဲ့ကြပါတယ်။


  •  ပါဝင်ဖျော်ဖြေတဲ့ အနုပညာရှင်၊ ဇာတ်သဘင်ပညာရှင်များ
 ချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊
နန်းခင်မွှေး၊ ဇံဟိန်း၊
ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊

 မေတင်မောင်ဆန်းမင်းဝင်း၊ သရုပ်ဆောင် မင်းသွေး၊

သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ သရုပ်ဆောင် ဝါဆိုမိုးဦး

 ဒီအနုပညာဖျော်ဖြေပွဲမှာ ဧရာဝတီတိုင်းသာမက ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကချင်၊ ကရင်၊ ရှမ်း၊ မွန်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက
အလှူရှင်ပေါင်း ၁၆၈ ဦး ပါဝင်လှူဒါန်းကြကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ပြောပါတယ်။

 “ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲပြီးသွားပေမယ့် အလှူရှင်တွေက အခုချိန်အထိ လှူဒါန်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိ ရထားတဲ့စာရင်းအရ ကျပ်သိန်း ၁,ဝဝဝ ခန့်
ရရှိနေပြီ ဖြစ်ပါတယ်”လို့ တိုင်းအစိုးရရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဇင်ထွဋ်က ဧရာဝတီကို ပြောပါတယ်။

 ဧရာဝတီတိုင်းဒေသကြီးမှာ ပညာတော်သော်လည်း ငွေကြေးချို့တဲ့လို့ တက္ကသိုလ်ပညာ ဆည်းပူးဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားကျောင်းသူတွေကို
ဦးတင်မောင်ပညာတော်သင်ဆုနဲ့ ပညာပါရမီ ဧရာဝတီ ပညာတော်သင်ဆုတွေနဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။

 ဒီပညာတော်သင်ဆု ၂ ခုကနေ တက္ကသိုလ်ပညာဆည်းပူးနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော်ကို ဆယ်စုနှစ်တခုကျော်အကြာ ထောက်ပံ့ပေးနေခဲ့ရာကနေ
အခုအချိန်မှာတော့ ပညာတော်သင်ဆုလျှောက်ထားသူ ကျောင်းသားကျောင်းသူတွေ ပိုမိုများပြားလာပြီး ပညာတော်သင်ဆု ရန်ပုံငွေကြေးကလည်း
ပေးအပ်ဖို့ မလောက်ငှတော့တဲ့အတွက် အခုလို ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲ ကျင်းပရတာဖြစ်တယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး
 ဒေါ်ခင်စောမူက ဧရာဝတီကို ရှင်းပြပါတယ်။

 "ပညာတော်ပြီး ကျောင်းဆက်တက်ဖို့ ငွေကြေးမတတ်နိုင်တဲ့ကလေးတွေကို ပညာတော်သင်ဆု ၂ ခုကနေ ထောက်ပံ့ပေးနေခဲ့တာ ကြာပါပြီ။ ထောက်ပံ့တာတော့

တက္ကသိုလ်ပညာ သင်ယူတဲ့ ကလေးတွေပေါ့။ ဆေးတက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာကနေအစ ပုသိမ်က ပညာရေးကောလိပ်အထိ တက္ကသိုလ်ကျောင်းသား၊
 ကျောင်းသူ ၅ဝဝ ကျော်ကို ထောက်ပံ့ပေးထားပါတယ်"

"အခုကျတော့ လျှောက်ထားလာတဲ့ ကျောင်းသားအရေအတွက်လည်း များလာတယ်။ ပညာတော်သင်ဆုပေးဖို့ ငွေကြေးကလည်း တဖြည်းဖြည်းလျှော့နည်းလာတဲ့အခြေအနေမှာ
ဒီလို ပညာရေးရန်ပုံငွေပွဲ စီစဉ်ဖြစ်တာပါ။
ဒီပွဲက ရသမျှငွေကြေးအားလုံးကို ဧရာဝတီတိုင်းက ကျောင်းသားတွေအတွက် အသုံးပြုသွားမှာပါ"လို့ ဝန်ကြီးဒေါ်ခင်စောမူက
ပြောပါတယ်။

ပုသိမ်မြို့တော်ခန်းမမှာ ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့ကကျင်းပခဲ့တဲ့ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကို ပုသိမ်မြို့သူ၊ မြို့သားအများအပြား လာရောက်အားပေးကြပါတယ်။

လက်မှတ်တွေကတော့ တစောင်ကို ၅,ဝဝဝ၊ ၇,ဝဝဝ နဲ့ ၁ဝ,ဝဝဝ ကျပ်စသဖြင့် အသီးသီး သတ်မှတ်ထားခဲ့ရာမှာ ပွဲကြည့်ရှုခွင့် လက်မှတ်ရောင်းရငွေတင် ၉၆ သိန်း ၇ သောင်းကျပ်
ရရှိခဲ့ကြောင်း
သိရပါတယ်။

ရွှေမန်းဇာတ်အဖွဲ့ခေါင်းဆောင်မင်းသား ချမ်းသာကတော့ အခုလို ပညာရေးဖောင်ဒေးရှင်းရန်ပုံငွေပွဲအတွက် သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ပါဝင်ဖျော်ဖြေရတာ
 ဝမ်းသာတယ်လို့ ပြောပါတယ်။

အနုပညာသည်တွေက အခကြေးငွေ မယူဘဲ တင်ဆက်ဖျော်ဖြေပေးခဲ့ကြတာပါ။ 
ဒီပွဲကိုတော့ ဧရာဝတီတိုင်းအစိုးရဝန်ကြီးချုပ် ဦးသိန်းအောင်ကိုယ်တိုင် ၂ ရက်စလုံး လာရောက်အားပေးကြည့်ရှုတာ တွေ့ရပါတယ်။

ဆက်စပ်


http://blog.irrawaddy.org/2014/07/blog-post_63.html

  • ဆလိုင်းသန့်စင်

1 comments :

  1. Anonymous said... :

    နိုင်ငံရေးအဖွဲ့အစည်းများ ဒီသဘင်သည်တွေလောက်ပြည်သူအကျိုးသည်းပိုးနိုင်ရင်ကောင်းမှာဘဲ။
    ထောင်ထည်းကထွက်ထွက်ချင်းကိုယ်ချမ်းသာဖို့ပထမ ခေတ်ကောင်းတုန်းပိုက်ဆံရှာရသေးတာကိုးလေ။
    နောက်ကြီးနေတဲ့နာမည်ကိုထိန်းဖို့ဦးစားပေးလုပ်ဆောင်ရသေးတာကိုး။ဒေါ်စုအကြိုက်လည်းမည်ကာမတ္တလိုက်လုပ်ရသေးတာကိုး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved