မြန်မာပြည်လာတဲ့အမေရိကန်ဒုဝန်ကြီးဟောင်း ဒေါ်လာ ၇၅,ဝဝဝ ရရှိ

Wednesday, July 23, 2014

 ~



ဟောင်ကောင်လုပ်ငန်းရှင်ကြီးတယောက်က မြန်မာပြည်ကစီမံကိန်းတွေကို အကူအညီပေးခဲ့တဲ့ အမေရိကန် ဒုတိယ ကာကွယ်ရေး ဝန်ကြီးဟောင်း   Paul Wolfowitz ကို  ဒေါ်လာ ၇၅,ဝဝဝ ပေးအပ်ခဲ့တယ်ဆိုပြီး ပေါက်ကြားထားတဲ့အထောက်အထားတခုမှာ တွေ့ရကြောင်း
South China Morning Post သတင်းစာ အွန်လိုင်းသတင်းတပုဒ်မှာ ရေးသားထားတာ ဒီကနေ့ တွေ့ရပါတယ်။

 "မြန်မာပြည်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေအတွက်"  အဲဒီငွေပမာဏကို ဒုဝန်ကြီးဟောင်းက လက်ခံရရှိခဲ့တာဖြစ်ကြောင်း ဇူလိုင် ၂၂၊ ၂၀၁၃ ရက်စွဲတပ် Shanghai Commercial and Savings Bank ရဲ့ ဘဏ်စာရင်းတခုမှာ  ရေးထားပါတယ် တဲ့။

ဒီအကြောင်း မှတ်ချက်ပေးဖို့အတွက် Jimmy Lai Chee-ying ဆိုတဲ့ လုပ်ငန်းရှင်ရော၊ ဒုဝန်ကြီးဟောင်းကိုရော မနေ
့က ဆက်သွယ်လို့ မရပါ။
သို့သော်လည်း  ဒီလုပ်ငန်းရှင်က သူ့လုပ်ငန်းတွေအတွက် ဘယ် အမေရိကန်အစိုးရအရာရှိကိုမှ အားမကိုးခဲ့ဘူးလို့ ရေဒီယိုအစီအစဉ်တခုမှာ ပြောခဲ့ပါတယ်။

ဒုဝန်ကြီးဟောင်းက ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။

သူတို့ရင်းနှီးမှု အစပြုခဲ့တာက ဒီလုပ်ငန်းရှင် ၂၀၀၈ မှာ US Taiwan Business Council  ဥက္ကဋ္ဌ တာဝန်ယူစဉ်ကတည်းက ဖြစ်တယ်လို့ ဒီလုပ်ငန်းရှင်ရဲ့လက်ထောက်တယောက်က ပြောဖူးပါတယ်။

 ဒုဝန်ကြီးဟောင်းက ဒီလုပ်ငန်းရှင်အတွက် ဘာလုပ်ပေးခဲ့တယ်ဆိုတာတော့ မသိရသေးပါ။

မနှစ်က ဒု ဝန်ကြီးဟောင်း   Paul Wolfowitz မြန်မာပြည်သွားတော့ အံ့သြခဲ့ကြရပါတယ်။ ဘာကြောင့်လဲလို့ ဆိုတော့  အမေရိကန်အစိုးရက မြန်မာပြည်ကို   မင်းဆိုးမင်းညစ်များရဲ့ ကတုပ်ကျင်းတခုအဖြစ် ဝေဖန်သတ်မှတ်ခဲ့တဲ့ ၂၀၀၅ ကာလမှာ သူ ဒု ဝန်ကြီးအဖြစ် တာဝန်ယူထားခဲ့လို့ပါပဲ။

ဒီလုပ်ငန်းရှင် နဲ့ ဒီ ဒုဝန်ကြီးဟောင်းက မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ သွားတွေ့ခဲ့ပါတယ်။
သူတို့တွေ့ခဲ့ကြတဲ့ထဲ သမ္မတဦးသိန်းစိန်၊ ကာချုပ် နဲ့ တခြားသော စစ်ခေါင်းဆောင်ကြီးတွေ ပါပါတယ်။

လုပ်ငန်းရှင်ရဲ့အမည်ကိုတော့ သမ္မတရုံးရဲ့သတင်းထုတ်ပြန်ချက်ထဲ ထည့်မထားပါ။
ဒါပေမယ့် တွေ့ဆုံမှုမှတ်တမ်းပုံထဲမှာတော့ သူ ပါနေပါတယ်။

ပေါက်ကြားလာတဲ့စာရွက်စာတမ်းမှာတော့ ဒီလုပ်ငန်းရှင်က ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာပြည် အကြိမ်ကြိမ်သွားတယ်၊ အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တယ်လို့ ဆိုတယ်။
ရန်ကုန်မှာ လုပ်ငန်း ၂ ခုအတွက် ဆွေးနွေးပွဲတွေလုပ်တယ်လို့ ဆိုတယ်။

ဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ သူ့ရဲ့ Best Combo ကုမ္ပဏီက ရန်ကုန်မှာ ဒေသခံ လုပ်ငန်းရှင်ဦးဖုန်းဝင်းရဲ့ Shambhala - ရှန်ဘာလာအုပ်စုနဲ့တွဲပြီး အထပ်မြင့်တိုက်ကြီး ၂ ခု  ဆောက်ဖို့ပြင်ဆင်နေခဲ့တယ်လို့ ရေးပါတယ်။

ဦးဖုန်းဝင်းကို ဖုန်းဆက်ပြီး မေးမြန်းရာမှာတော့ သူက ဒီလုပ်ငန်းတွေ ရှိနေကြောင်းပြောပါတယ်။
သို့သော်လည်း စီစဉ်ဆဲအဆင့်မှာပဲ ရှိနေပါတယ် တဲ့။
အထက်ဖော်ပြပါလုပ်ငန်းရှင် နဲ့ ဒုဝန်ကြီးတို့က ဒီလုပ်ငန်းတွေ ပရိုမိုးရှင်းလုပ်ဖို့ မြန်မာပြည် လာလေ့မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ပေါက်ကြားထားတဲ့စာရွက်စာတမ်းတွေမှာတော့ ဦးဖုန်းဝင်းနဲ့ သူ့ဇနီးသည်တို့ရဲ့ NGO တခုကို ဒီလုပ်ငန်းရှင်က ဒေါ်လာ ၂၁၃,ဝဝဝ လွှဲထားကြောင်း ပြနေတယ်လို့ ဆိုတယ်။

ဦးဖုန်းဝင်းက... ဒေါ်လာ ၂သိန်း အလှူက တီရှပ်ရိုက်နှိပ်ဖို့ ရုပ်သံကြော်ငြာဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဖုန်းဝင်းဇနီး ဒေါ်ယူဇာမော်ထွန်းကတော့ လုပ်ငန်းရှင် Lai ဟာ မိတ်ဆွေကောင်းတယောက်ဖြစ်တယ်လို့ ပြောပါတယ်။

ပေါက်ကြားထားတဲ့စာရွက်စာတမ်းတွေမှာ မြန်မာပြည်က Jade King and Queen Service ဆိုတဲ့ လုပ်ငန်းတခုအမည်လည်း ပါပါတယ်။
လုပ်ငန်းရှင်ကြီး Lai  နဲ့ အဲဒါနဲ့ ဘယ်လို ဆက်စပ်သလဲ မသိပါ။
အဲဒီလုပ်ငန်းပိုင်ရှင်ကတော့ ကချင်ပြည်နယ်ကကျောက်မျက်လုပ်ငန်းရှင် စိုင်းမျိုးဝင်းပါပဲ တဲ့။
 စိုင်းမျိုးဝင်းကို ဒီသတင်းအတွက် ဆက်သွယ်မေးမြန်းလို့ မရခဲ့ဘူးလို့ သတင်းမှာ ရေးထားပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved