မျှော်ရည်မှန်းလို့ တမ်းတမိတော့သည်

Saturday, July 19, 2014

~




“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာအစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးတယောက် ဖြစ်လာပြီ။ မင်းကလည်း ငါရဲ့ “ပီအေ” (အပါးတော်အမြဲအတွင်းဝန်) အဖြစ် တရက်နှစ်ရက်အတွင် ပြန်တမ်းစာထွက်လာလိမ့်မယ်။ အစိုးရ အဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင်အခွင့်အရေးတွေလည်းရလာလိမ့်မယ်။ ငါအခု ပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း။ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချည်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်မယ်။ ဒီတော့ ငါရဲ့ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့ အကူအညီတောင်းတာတွေကိုလည်း မလုပ်ပေးရဘူး။ မင်းတို့ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အဲဒါအားလုံးကိုပြောထားလိုက်။ ငါအခု ပြောတဲ့ အတိုင်းမလိုက်နာရင် မင်းနဲ့ငါအသိပဲ။



မြန်မာနိုင်ငံကို ဗြိတိသျှဘုရင်ခံက အုပ်ချုပ်နေဆဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို ၀န်ကြီးချုပ်အာဏာအပြည့် ဘုရင်ခံချုပ်က အာဏာပေးလိုက်တဲ့နေ့မှာပဲ ဘုရင်ခံအိမ်တော်ဖြစ်တဲ့ တာဝန်လိန်းလမ်း (ယခု နတ်မောက်လမ်းသွယ်) နေအိမ်ကိုရောက်ရောက်ချင်း တပည့်ရင်း ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ၀င်း) ကို လှမ်းခေါ်ပြီး ပြတ်ပြတ်သားသား ပြောဆိုခဲ့တဲ့ စကားတွေပဲဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့၊ ကြသပတေးနေ့မှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ သတိပေးစကားပင်။

ကျနော်စဉ်းစားကြည့်မိတယ်။ ဒီကနေ့အထိ ဗိုလ်ချုပ်အောင်ဆန်းများ သက်ရှင်ထင်ရှား ရှိနေလိမ့်ဦးမယ်ဆိုရင် ဒီနိုင်ငံမှာ လက်တဆုပ်စာ အာဏာရှင်တွေနဲ့ အရင်းရှင်ခရိုနီတွေ ဒီကနေ့ ဒီအချိန်မှာ ရှိနိုင်ပါ့မလားဆိုတာပါ။

ဒီကနေ့ ကျနော်တို့ တိုင်းပြည်မှာ တောင်တွေ တတောင်ပြီး တထောင်ဖြို၊ သစ်တောကြီးတွေ တအုပ်ပြီးတအုပ် ခုတ်ပြီး၊ နိုင်ငံမှာ တည်ရှိစီးဆင်း အကျိုးပြုနေတဲ့ မြစ်ကြီး မြစ်ငယ်တွေကို တစင်းပြီးတစင်း ပျောက်မတတ်လုလု ဖြစ်နေချိန် တိုင်းသူပြည်သားတွေရဲ့ အစဉ်အဆက် ပိုင်ဆိုင်လုပ်ကိုင် စားသောက်လာခဲ့တဲ့ ဘိုးဘွားပိုင်လယ်ယာ မြေမှန်သမျှ ခပ်လွယ်လွယ်မတရားသိမ်းပြီး၊ တပ်ပိုင်မြေ မကျူးကျော်ရ၊ ကန့်သတ်နယ်မြေတွေ အဖြစ်စာတမ်းပါဆိုင်းဘုတ်တွေက ပြိုင်ပွဲနေတဲ့အလားတောင်ထင်ရတဲ့ တိုင်းပြည်နေရာဒေသအနှံ့မှာ တိုင်းပြည်ကို အခွံပဲကျန် တော့လောက်အောင် လက်ညှိုးထိုး ရောင်းစားပစ်နေကြတဲ့ ဒီကနေ့ သူတည်ထောင်သွားခဲ့တဲ့ တပ်မတော် အကြီးအကဲဆိုသူတွေနဲ့တကွ သူတို့ကို မြှောက်ပင့် လက်သိမ်းထိုးပြီး ၀ါးပြီး ထင်ရာစိုင်းနေတဲ့သူတွေကို ကျနော်တို့ ချစ်ခင်လေးစား တန်ဖိုးထားတဲ့ကြရတဲ့ ဗိုလ်ချုပ်က ဒီလို လောဘဇောတတ်နေကြတဲ့ ပြိတ္တာတွေကို ကြည့်ပြီး ဘာပြောမလဲဆိုတာ မြင်ချင် ကြည့်ချင်လိုက်တာ။

ကျနော်ထင်ပါတယ်။ ဗိုလ်ချုပ်က ဒီတကိုယ်တော်သမားတွေ တိုင်းပြည်နဲ့လူထုဘ၀ကို မွဲတေစုတ်ပြတ် နလန် မထူနိုင်အောင် လုပ်နေကြတဲ့ ဒီလူစားတွေကို ကျနော်တို့ ဗိုလ်ချုပ်က မျက်နှာတွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “မင်းတို့လိုကောင်တွေကများ တိုင်ပြည်ရဲ့ သယံဇာတ တွေကို ခပ်လွယ်လွယ်လက်ညှိုးထိုးရောင်းစားနေကြရအောင် မင်းတို့ပထွေးတွေဘက်က ပါလာတဲ့ အမွေတွေများမှတ်နေကြလို့လား။ မင်းတို့   မယားကြီးတွေ လှဖို့ ဖြုန်းနိုင် သုံးနိုင်ဖို့ မင်းတို့သားတွေ သမီးတွေ မြေး မြစ်တွေဝတ်နိုင် စားနိုင် အထက်တန်းကျကျ နေနိုင်ဖို့အတွက် ငါ့ပြည်သူတွေမှာ လူမွှေး၊ လူရောင်ကို မပြောင်တော့ဘူး လူလိုမသိ၊ လူစိတ်မရှိတဲ့ ကောင်တွေ” ဆိုပြီး ဒေါသထွက်ထွက်နဲ့ တန်းစီပါးရိုက် ပစ်မှာအမှန်ပါပဲ။

ကျနော်တို့ ချစ်ရလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေး ဖခင်ကြီးအဖြစ် ပြည်သူလူထုက ယုံယုံကြည်ကြည်ပုံအပ်အားကိုးထားတာတောင် အရာရာမှာ လွယ်လွယ်နဲ့ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ အခွင့်အရေးယူပြီး အမိန့်တွေ အာဏာတွေသုံးပြီး ကိုယ့်အကျိုးစီးပွား၊ကိုယ့်မိသားစု ကောင်းစားရေးအတွက် ဘယ်တုန်းကမှ မလုပ်ခဲ့၊ မယူခဲ့သလို၊ ကမ္ဘာမှာတောင်မရှိ၊ မမြင်ဖူး၊ မတွေ့ဖူး၊ မကြား ဖူးခဲ့တဲ့ အပွင့်တွေ အခက်တွေ ရာထူးတွေကို မရှက်မကြောက် ပုခုံးပေါ်တင်ပြီး ရှင်ရိုသေ၊ မဟုတ်မဟတ် ဇာတ်လမ်းမခင်းခဲ့သလို၊ အစိုးရအဖွဲ့အစည်းတရပ်တန်မဲ့ မိမိတို့ရေးဆွဲထုတ်ပြန်ထားတဲ့ အတည်ပြုပြဌာန်းထားတဲ့  ဥပဒေ မှန်သမျှကိုလည်း ဘယ်သောအခါကမှ စည်းမဲ့ကမ်းမဲ့ ဖောက်လွဲဖောက်ပြန် အလွဲသုံးစား အခုတမျိုး၊ တော်ကြာတမျိုး လုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး။

လူတယောက်ဖြစ်ရခြင်း တန်ဖိုးနဲ့ သူအသက်ရှင်သန် နေထိုင်ချိန်တွေမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ကျင့်သုံးသွားပြီး ပြတ်သားတိကျတဲ့ စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရင်း သူ့သမိုင်းတပ်မတော်ရဲ့သမိုင်းဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် မြန်မာသာမက ကမ္ဘာသိအောင် လုပ်ဆောင်သွားနိုင်ခဲ့သူအဖြစ် အချိန်ပြည့်အလုပ်နဲ့သက်သေ ပြသွားခဲ့တဲ့ အပိုအမည်နာမ၊ အဆင့်တွေ အလကားရတိုင်း မသုံးစွဲသွားတဲ့ ဗိုလ်ချုပ်အဆင့်နဲ့ပဲ နေသွားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ဘ၀ တလျှောက်လုံး တိုင်းပြည်နဲ့ လူထုအပေါ်အသေးငယ်ဆုံး အခွင့်အရေးကို တောင်မှ အသုံးချမသွားခဲ့တဲ့ သာဓက ပြုစရာ မမေ့နိုင်တဲ့ ဖြစ်ရပ်တရပ်လည်း ရှိခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်ဟာ အတွင်းဝန်ရုံး အစိုးရအဖွဲ့အကြီးအကဲရာထူးနဲ့ နေ့စဉ်ရုံးထိုင်နေစဉ်ကာလ၊ ဗိုလ်ချုပ်ရုံးခန်းရဲ့ အခြားတဖက် အခန်းမှာ ရုံးထိုင်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ထွန်းလှကို ဘဲလ်တီးပြီး ရုတ်တရက် လှမ်းခေါ်လိုက်ပါတယ်။ ပြီးတော့ဗိုလ်ချုပ်က “ဒီကနေ့အဖို့ အစည်းအဝေးရှိမရှိ” မေးလိုက်တယ်။

ဗိုလ်ထွန်းလှကလည်း ဒီကနေ့အဖို့ အစည်းအဝေးမရှိတဲ့အကြောင်း ပြန်ပြောပါတယ်။ အစည်းအဝေးမရှိတဲ့ အကြောင်းကို ဗိုလ်ချုပ်သိရတဲ့အခါ ပလေဒီယံ ရုပ်ရှင်ရုံ (ယခင် … ပပ၀င်း ရုပ်ရှင်အမည်ပြောင်းလဲခဲ့၊ နောင်… ကုန်သည်ကြီးများ ဟိုတယ်တည်နေရာ) မှာပြနေတဲ့ အင်္ဂလိပ်ဟာသကားကြည့်ချင်တယ်ကွာ လို့ပြောလိုက်တော့၊ ဗိုလ်ထွန်းလှက ရုပ်ရှင်ရုံကို ကြိုတင်ဖုန်းဆက်ထားလိုက်ဖို့လိုမယ် ထင်ပြီး တယ်လီဖုန်းခွက် ကောက်ကိုင်လိုက်ရာ ဗိုလ်ချုပ်က ချက်ချင်း လှမ်းတားလိုက်ပြီး

“ဘာလဲမင်းက မန်နေဂျာကို ဖုန်းလှမ်းဆက်ပြီး မေတ္တာလက်မှတ် တောင်းမလို့ မဟုတ်လား ၊ မတောင်းရဘူး၊ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့ လက်မှတ်ဝယ်ကြည့်ရတယ်၊ မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့်အရေး ယူတာတမျိုးပဲ ငါတို့မင်းတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်တစောင်မဟုတ်ဘူး၊ ဆယ်စောင်လည်းပေးမှာပဲ၊ မင်းက အရှည်ကိုမစဉ်းစားပဲကိုး။ ရုပ်ရှင်ရုံ မန်နေဂျာတို့ ပိုင်ရှင်တို့ဆိုတာ စီးပွားရေးသမားတွေကွ။

သူတို့က အခွင့်အရေးတခု ပေးပြီးရင် ဆယ်ခု ပြန်တောင်း လိမ့်မယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး၊ “ကဲ မင်းမှာ ပိုက်ဆံဘယ်လောက်ရှိသလဲ” ပြောဆိုပြီး ရှေ့နောက်အမြော်အမြင်ကြီးတဲ့ဗိုလ်ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
ဗိုလ်ထွန်းလှလည်းဖုန်းမဆက် ရဲတော့ဘဲ အိတ်ထဲနှိုက်ကြည့်ရာ ငွေစက္ကူ တကျပ်တန် သုံးရွက်သာ ထွက်လာခဲ့တယ်။ အဲ့ဒီငွေသုံးကျပ်ကို ဗိုလ်ချုပ်က ကြည့်ပြီး

“သုံးကျပ်မဟုတ်လား၊ ဒါဆိုဖြစ်တယ်၊ မင်း မမကြည်နဲ့ကလေးတွေ လိုက်မှာ မဟုတ်ဘူး၊ ဒီတော့ မင်းနဲ့ငါနှစ်ယောက်ပဲ ညနေခြောက်နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်ကြမယ်။ ငါးမူးတန်း လက်မှတ်နှစ်စောင်ဆိုတော့ တကျပ်ပဲ ကုန်မှာမို့မင်းမှာ ငွေနှစ်ကျပ်တောင်ကျန်ဦးမယ်၊ အဲဒီအတိုင်းသာ စီစဉ်တော့”
ဆိုပြီး ပြောလိုက်တော့တယ်။

တကယ်လည်း ဗိုလ်ချုပ်က ပြောသလိုလုပ်ပြီး လုပ်သလိုပဲ ပြောတယ်။ ပလေဒီယံရုပ်ရှင်ရုံအတွင်းက ရှေ့ဆုံး ငါးမူးတန်းမှာ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ရဲ့ ဖခင်ကြီးတယောက်ရဲ့ ရုပ်ရှင်ကြည့်ခြင်းမျိုးနဲ့ ထိုပုဂ္ဂိုလ်ရဲ့ရိုးသားမှု ဂုဏ်ကို ဒီကနေ့ ကမ္ဘာ့မှာ နိုင်ငံ အသီးသီးမှာတောင် ဘယ်သူတဦးတယောက်မှ မည်သည့်ခေါင်းဆောင် တဦး တယောက်မှ မလုပ်နိုင်သေးတဲ့ ဗိုလ်ချုပ်ရဲ့ အခွင့်အရေးမယူ ရောင့်ရဲတင်းတိမ်မှု သမိုင်းပင်။

ကျနော်က ကဗျာသမားဆိုတော့ ဒီနေရာရောက်တော့ ဖတ်ခဲ့ဖူးတဲ့ ကဗျာဆရာ “ဟိန်း”ရေးခဲ့တဲ့ “အောင်ဆန်း” ဆိုတဲ့ ကဗျာရှည်ကြီးတပုဒ်ကို ပြေးအမှတ်ရမိတယ်။

ဗိုလ်ချုပ်ရဲ့ ဒီအကြောင်းလေးကိုပဲ အတိုဆုံးဝါကျတချို့နဲ့ ထိထိ မိမိကိုယ်တွယ်ခံစားခဲ့တဲ့ ကဗျာဆရာ “ဟိန်း”ကိုလည်း ဂုဏ်ပြုချင်စိတ်ဖြစ်မိတာအမှန်ပါ။

“ဟေ့လူ ပလေဒီယံရုပ်ရှင်ရုံ မန်နေဂျာ
သူ့ဟာသူ ငါးမူးတန်းကပဲ ကြည့်ကြည့်
တမတ်တန်းကပဲ ကြည့်ကြည့် သွားမတားပါနဲ့
ဘ၀မှာ အပန်းဖြေနည်း လက်တပတ် မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျာ------တဲ့”

ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦး ရုပ်ရှင်ကြည့်ဖို့ ပလေဒီယံ ရုပ်ရှင်ရုံရှေ့ရောက်တော့၊ ရုပ်ရှင်ရုံ မန်နေဂျာက မသင့်တော်လွန်းတဲ့အတွက် ဘယ်လိုပင် တားပေမယ့်လည်း ဗိုလ်ချုပ်က ပြောတဲ့အတိုင်း လုပ်တတ်တဲ့ ခေါင်းဆောင် ဆိုတော့ ဘယ်လိုတားလို့ရပါ့မလဲ။ သိပ်ပြီးတော့ကျနော့်အနေဖြင့် ရှည်ရှည်ဝေးဝေးမပြောလိုပြီ. တခုပဲ တခွန်းပဲပြောချင်သည် “အခုခေတ် ဟိုလူကြီးတွေနဲ့တော့ ကွာပါ့” လို့သာပြောချင်တာပါ။

  • ရန်ငြိမ်းသူ (ပရဟိတ)








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved