နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်တတ်တဲ့ ရန်ကုန် - သန်လျင် တံတား

Wednesday, September 10, 2014


 ~




ရန်ကုန် - သန်လျင် တံတားကြီးဟာ သန်လျင်မြို့နယ်အတွင်း နေထိုင်သူတွေ အတွက် ရန်ကုန်မြို့ကြီးနဲ့ အဓိက စပ်ဆက်ပေးထားတဲ့ တခုတည်းသော ပင်မသွေးကျောကြီး ဆိုတာ ဒီတံတားကြီးကို နေ့စဉ်အသုံးပြု သွားလာ နေသူတွေ အသိဆုံးပါ။ တံတားကြေး ပုံမှန်ကောက်ခံနေတဲ့ ကန်ထရိုက်ကတော့ ပိုသိပါလိမ့်မယ်။ နေ့စဉ် ဖြတ်သန်းသွားလာတဲ့ ကားအရေအတွက် တိုးပွားလာတာကို သူတို့က ပိုသိမှာပေါ့။

သန်လျင်မှာ နေထိုင်ပြီး နေ့စဉ် ရန်ကုန်ကို အလုပ်ကိစ္စ၊ ရုံးသွား၊ ကျောင်းသွားသူတွေ အတွက် ဒီတံတားကိုပဲ အားကိုးအားထား ပြုနေရတာ ဖြစ်သလို ရန်ကုန်ကနေ အလုပ်ကိစ္စ၊ အလည်အပတ် လာရောက်သူတွေလည်း ဒီတံတားကြီးကိုပဲ အားကိုးနေရပါတယ်။

ဒီတံတားကြီး မရှိခင် ၁၉၉၀ ပြည့်နှစ်တွေတုန်းက သင်္ဘောနဲ့ စုန်ဆန် ကူးသန်းသွားလာနေကြသူတွေဟာ ဆောင်းတွင်း မြစ်ထဲမှာ မြူပိတ်ဆိုင်းချိန် တွေလောက်ပဲ အလုပ်၊ ကျောင်း နောက်ကျတာ ဖြစ်ခဲ့ဖူးပေမယ့် အခု ဒီတံတားကြီးပြီးလို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာမှ အလုပ်ကို အချိန်မီမရောက်တာ၊ ကျောင်းအချိန်မီ မရောက်တာတွေ ဖြစ်နေရပါတယ်။

တံတားကြီးပြီးသွားတဲ့ နောက်ပိုင်းမှာ အရင်က တိတ်ဆိတ်အေးချမ်းတဲ့ သန်လျင်မြို့ဟာ တဖြည်းဖြည်း၊ မြေဈေးတွေ ထိုးတက်၊ လူဦးရေလည်း တဖြည်းဖြည်း တိုးတက် စည်ကားလာလိုက်တာ လိုက်တာ၊ အရင်က လူမနေတဲ့ ဖုန်းဆိုးကွင်းတွေလည်း မြို့သစ်တွေဖြစ်၊ ဘယ်သူမှ ဝယ်ဖို့ မစဉ်းစားတဲ့ မြေကွက် ပေါက်စ လေးတွေတောင် သိန်း ၂၀၀၊ ၃၀၀ ဆိုတဲ့ မကြားဖူးတဲ့ ဈေးတွေနဲ့ အရောင်းအဝယ် ဖြစ်လာပါတယ်။

လူစည်ကား လာတာနဲ့ အမျှ ယာဉ်စီးရေဟာလည်း တိုးတက်များပြားလာသလို၊ ရန်ကုန်မြို့နဲ့ အသွားအပြန် လွန်းထိုးနေတဲ့ ဘတ်စ်ကား လိုင်းပေါင်းစုံ၊ တက္ကစီ ပေါင်းစုံ၊ ကိုယ်ပိုင်ကားပေါင်း များစွာတို့ အပြင် သီလဝါ ဆိပ်ကမ်းက ကွန်တိန်နာကြီးတွေ၊ သစ်လုံးတင် ကားကြီးတွေ၊ ဆယ်ဘီးကား၊ ဆယ့်နှစ်ဘီး ကားကြီးတွေ ဟာလည်း ဒီတံတားကြီးကို အားကိုးအားထားပြု ဖြတ်သန်းသွားလာခဲ့ကြပါတယ်။
ဒါကတော့ တဘက်က ကမာကြည်တံတားလို့ ခေါ်တဲ့ တံတားသစ်တစင်း မပြီးသေးခင် အချိန်အထိပေါ့။ အခုတော့ ယုဇန ဥယျာဉ်မြို့တော်ကို တိုက်ရိုက် ပေါက်တဲ့ အဲဒီ ကလဝဲ အမှတ် ၂ တံတားကြီးလည်း ပြီးသွားလို့ အဲဒီတံတားကြီး ပေါ်ကနေ တန်ချိန်ပို ကားကြီးတွေ ဖြတ်သန်းသွားလာ နိုင်နေပါပြီ။

ဒါပေမယ့် ပြဿနာကလည်း အခုမှ စပါတယ်။ 

အရင်က ရန်ကုန် - သန်လျင် တံတားကြီးပေါ်မှာ ကားတွေပျက်ခဲ့၊ ပိတ်ဖူးခဲ့ပေမယ့် အခုတလော အဖြစ်အပျက် တွေလောက် ဆိုးရွားတာ ကြုံဖူးကြမယ် မထင်ပါဘူး။

“တံတားပေါ် ကားပိတ်နေလို့ ရုံးနောက်ကျပြီ”

“တံတားပေါ်မှာ ဘယ်ကားပျက်နေလို့လည်း မသိဘူး၊ ၁ နာရီလောက် ကြာတာတောင် မပွင့်ဘူး၊ စာမေးပွဲ မမီတော့ဘူး”

“တံတားပေါ်မှာ ကားကြီးတစီး ပျက်နေလို့ ပိတ်မိနေတာ ကလေးပေါက်စလေးလည်း ပါလာတော့ အကြာကြီး ဒုက္ခရောက်သွားတယ်”

“တံတားပေါ် ကားပိတ်နေလို့ အလုပ်အင်တာဗျူး လွတ်သွားပြီ”

“တံတားပေါ် ကားပိတ်တာ လေယာဉ်အချိန်မမီမှာ စိုးလို့ ဟိုဘက်အထိ လမ်းလျှောက်ပြီး ကားနောက်တစီး ငှားစီးသွားရတယ်”

စသည် ... စသည်ဖြင့် စကားတွေဟာ အခုတလောမှာ မကြားချင်မှ အဆုံး ကြားနေရပါတယ်။ ကျမ ကိုယ်တိုင် အဲဒီစကားတွေကို ရက်ခြား ပြောနေရတာပါ။ တံတားပေါ်မှာ ဆိုးရွားတဲ့ ကားပျက်မှုတွေ၊ ကားပျက်တာကို မဖြေရှင်း ပေးနိုင်တာတွေဟာ ဒီနှစ်မိုးတွင်းတောက်လျှောက် ခပ်စိတ်စိတ် ဖြစ်လာလိုက်တာ ပြီးခဲ့တဲ့ သြဂုတ်လလယ် လောက်ကနေ အခု စက်တင်ဘာ လဆန်းပိုင်း ကျော်လာတဲ့အထိ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေတာ တွေ့ရပါတယ်။

ဘယ်လောက်အထိ ဆိုးရွားလိုက်သလဲ ဆိုရင် တံတားပေါ်မှာ ကားမပျက်တဲ့၊ ကားမပိတ်တဲ့နေ့ မရှိသလောက် ပါပဲ။ တချို့နေ့တွေဆို တရက်တည်း ၂ ခါ ပိတ်ပါတယ်။ ကားတခါ ပျက်လို့ ပိတ်ပြီဆိုရင် အရင်လို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နဲ့ လမ်းမပွင့်သွားတော့ဘဲ ပျက်တဲ့ကား ကြီးရင်ကြီးသလို ၂ နာရီ၊ ၃ နာရီလောက် အထိ စောင့်ဆိုင်း ရတာ တွေ့ရပါတယ်။

အရင်က တံတားပိတ်ရင် ကားတွေဟာ သန်လျင်ဘက်ခြမ်းမှာဆို တံတားထိပ် … အလွန်ဆုံးမှ သန်လျင် ဘက်က မီးပွိုင့် မရောက်တရောက် အထိလောက်မှာ အဆုံးသတ်ပေမယ့် အခုတော့ ကားတန်းကြီးဟာ ကျိုက်ခေါက်ဘုရားလမ်းဘက် မှာဆို နာရီစင်၊ တခါတလေ ဆေးရုံကုန်းထိပ်အထိ၊ မြို့ထဲသွားတဲ့ ဗိုလ်ချုပ်နေဝင်း လမ်းမပေါ်မှာဆိုရင် တံတားအတက်ကနေ ဂိတ်ဝ၊ ဒါရ်ဂါ လမ်းဆုံလောက် အထိ ပိတ်နေတတ်တော့ သန်လျင်မြို့ထဲတင် သွားလာနေတဲ့ ဆိုက်ကယ်တွေ၊ ကားတွေပါ လမ်းကျောတွေ ရှုပ်ကုန်တဲ့ အထိပါပဲ။ ဒါက သန်လျင်ကနေ ရန်ကုန်အသွားလမ်းဘက်မှာ ဖြစ်တာကို ပြောတာပါ။

ရန်ကုန်ကနေ သန်လျင် အလာဘက်မှာ ပိတ်ရင်လည်း သာကေတ မြို့နယ်ထဲက ကြယ်ငါးပွင့် မှတ်တိုင်၊ ယုဇနဥယျဉ်မြို့တော် အဝင်လမ်းထိပ်ဘက်တွေပါ ပိတ်ပြီး သာကေတမြို့နယ်ထဲ သွားလာနေတဲ့ ယာဉ်ကျော တွေပါ ဒုက္ခရောက်ကုန်တာ တွေ့ရပါတယ်။

နောက်တခုက တံတားပေါ်ရဲ့ ယာဉ်ကျော တဘက်ဘက်မှာ ကားပျက်နေတာကို ချက်ခြင်း မဖြေရှင်းနိုင်တဲ့ အခါ မပိတ်တဲ့ တခြမ်းကိုပဲ အသွား၊ အပြန် တလှည့်စီ လွှတ်ပေးရင်း နှစ်ဘက်စလုံး ပိတ်နေသလို ဖြစ်သွားတာပါ။ အဲဒီလို တခြမ်းထဲကိုပဲ အသွားကော အပြန်ပါ တလှည့်စီ လွှတ်နေရင်း တန်းလန်းက ကံအားလျော်စွာ ကားတစီးစီး ထပ်ပျက်ရင်တော့   မီးဖွားမယ့် ကိုယ်ဝန်သည်သာ ပါလာရင် ကားလမ်းအပွင့်ကို စောင့်ရင်း မီးဖွားသွားနိုင်သလို၊ သန်လျင်ဘက်က လူနာတင်ကားတွေလည်း ရန်ကုန် ဆေးရုံတွေကို သွားတတ်တာကြောင့် အရေးပေါ် လူနာ တယောက်ယောက်သာ ပါလာလို့ကတော့ တံတားပေါ်တင် ဇီဝိန်ချုပ်သွားရမယ့် သဘော ရှိပါတယ်။

 


အခုဆိုရင် ပုဂ္ဂလိက ကျောင်းတွေလည်း ဖွင့်လာတာကြောင့် သန်လျင်ဘက်က ကလေး အတော်များများဟာ ရန်ကုန်က ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတာ ရှိပါတယ်။ အဲဒီကလေးတွေဟာ ကျောင်းနောက်ကျတာ၊ အိမ်အပြန် နောက်ကျတာ နေ့စဉ်လိုလို ကြုံတွေ့နေရပါတယ်။ စာမေးပွဲသာရှိလို့ကတော့ ကလေးတွေ ခမျာ တံတားမပိတ်အောင် ဆုတောင်းရုံပဲ တက်နိုင်တော့မယ့် ဘဝပါ။ အလုပ်သမား တွေကတော့ တံတားပေါ် ကားပိတ်လို့ အလုပ်နောက်ကျရပါတယ် ဆိုတဲ့ Reason ကို နေ့တိုင်းပေးရင်း နားလည်မပေးတဲ့ အရာရှိနဲ့ တွေ့ရင် အလုပ်ပြုတ်ကိန်းပါပဲ။

အရင်တုန်းက တံတားပေါ်မှာ ကားပျက်ရင် တံတားကြေးကောက်ခံခွင့်ရတဲ့ ကန်ထရိုက်က အဆင်သင့် ငှားရမ်းထားတဲ့ ကရိန်းကို ချက်ချင်းလွှတ်ပြီး ပျက်တဲ့ကားကို ဆွဲခိုင်းတယ်လို့ သိရပါတယ်။ အခု အဲဒီလို လုပ်ရင် မရဘူးလားလို့ မေးခွန်းထုတ်မိပါတယ်။ တခုရှိတာက ပျက်တဲ့ကားက ကားလေးဆို ကရိန်းက ဆွဲနိုင်ပေမယ့် ကားကြီးတွေဆိုရင်တော့ ဆွဲနိုင်ဖို့ မလွယ်ပါဘူး၊ အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ နောက်တခုက အကယ်၍ ကားလေးဆိုရင် ဘေးက ပလက်ဖောင်း ဘောင်ကွေးထဲ ဆွဲကပ်လိုက်ရင် နောက်က ကားတွေ ကျော်တက် ဖြတ်သွားလို့ ရပါတယ်။ ပျက်တဲ့ကားက တံတားအပြည့်ဖြစ်နေတဲ့ ကားကြီးဆိုရင်တော့ အဲဒီလို လုပ်လို့ မရပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အတွက် တန်ပိုကားတွေ၊ ကားကြီးတွေ ဖြတ်သန်းဖို့ဆိုပြီး ကလဝဲ အမှတ် ၂ တံတားသစ်ကို ထိုးထားတာလို့ သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကားကြီးတချို့ဟာ သန်လျင် - ရန်ကုန် တံတားကြီးပေါ်ကပဲ ဖြတ်သန်းနေဆဲ၊ တံတားပေါ်မှာ ပျက်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

နောက်တခုကတော့ တံတားပေါ်မှာ ကားကြီးတွေ ပျက်လို့ နောက်ကကားတွေနဲ့ တန်းစီနေပြီဆိုရင်၊ ဒါမျိုး မကြာခဏ ဖြစ်နေရင် ဒီတံတားကြီးဟာ ဒီလောက်များတဲ့ ကားတွေရဲ့ ဝိတ်ကို ခံနိုင်ရည် ရှိပ့ါမလားလို့ စိုးရိမ်မိပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့မနက်မှာ ကျမ ကြုံတွေ့ရတဲ့ ဖြစ်ရပ်နဲ့ စဉ်းစားမိတာလေးကို ပြောပြချင်ပါ သေးတယ်။ ဒီမနက် ထုံးစံအတိုင်း တံတားပေါ်ကားတစီး ပျက်ပါတယ်။ အဲဒီလို ပျက်နေတဲ့အချိန်မှာ ကျမတို့ကားက ကျိုက်ခေါက်ဘုရားလမ်းမ ပေါ်မှာပဲ ရှိပါသေးတယ်၊ ရှေ့ကို ဆက်တိုးလို့မရဘဲ နောက်ကားတွေလည်း တန်းစီနေပါပြီ။ တဖြည်းဖြည်းနဲ့ အရှေ့ကို ရောက်လာတော့ ကျမတို့ စီးလာတဲ့ တက္ကစီနဲ့ အပြိုင် ပိတ်မိနေတဲ့ ကားတွေထဲမှာ ၁၂ ဘီးကားကြီးတွေ၊ ဆီဘောက်ဆာကြီးတွေလည်း ပါတာ တွေ့ရပါတယ်။ အဲဒီကားကြီးတွေဟာ တကယ်ဆိုရင် ကလဝဲ အမှတ် ၂ တံတားဘက်ကပဲ သွားသင့်တဲ့ ကားကြီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဒီဘက် ရန်ကုန် - သန်လျင်တံတားကနေပဲ တခြား ကိုယ်ပိုင်ယာဉ်တွေ၊ တက္ကစီတွေ၊ လိုင်းကားတွေနဲ့ အပြိုင် မောင်းဖို့ ကြိုးစားနေပါတယ်။

အဲဒီကားကြီးတွေကြောင့် ပိတ်ဆို့မှုက ပိုဆိုးလာတဲ့အပြင် ဒီကားကြီးတွေဟာ တခြားကားတွေကို ကျော်တက်ဖို့ ကန့်လန့်ပိတ်ဖြတ်တာတွေပါ တွေ့ရပါတယ်။

ကျမတို့ကား တံတားနားဆီ ရောက်လာတော့ တံတားပေါ်မှာ ပျက်တဲ့ကားဟာ ရေသန့်ကားကြီးတစီး ဖြစ်ပုံရပါတယ်။ တံတားရဲ့ ပလက်ဖောင်းပေါ်မှာ ရေသန့်ဗူးကြီးတွေ ပုံချထားတာ လှမ်းတွေ့ရပါတယ်။ ရေသန့်ဝိတ် အပြည့် ပါတဲ့ ကားကြီးကို ကရိန်းက ဆွဲနိုင်ပုံ မရတာကြောင့် ပါလာတဲ့ ဝန်ထမ်းတွေက ရေသန့်ဗူးတွေကို အောက်ချ၊ ပြီးမှ ကရိန်းကဆွဲနဲ့ အချိန်အတော် ကြာသွားပါတယ်။ တံတားအတက် လမ်းက ကားကြီးတစီး၊ ကားလေးတစီး ရှောင်သာရုံပဲ ရှိပေမယ့် ၁၂ ဘီးကားကြီး တစီးဟာ ဟွန်းသံပေးပြီး တခြား ကားတွေကို ကျော်တက်ဖို့ လုပ်တာလည်း တွေ့ရပါတယ်။

တံတားပေါ် ဖြတ်သန်းတဲ့ ကားတွေဆီက တံတားကြေးကို တံတားကန်ထရိုက်က ပုံမှန်ကောက်ယူပြီး ဖြစ်ပါတယ်။ တံတားကြေး ပုံမှန်ကောက်ရင် ဒီတံတားပေါ်မှာ ဖြတ်သန်းတဲ့ကားတွေ ဖြစ်ပျက်တဲ့ ကိစ္စအဝဝကို သူတို့ တာဝန်ယူပေးရပါမယ်။ ဥပမာ - တံတားပွင့်သွားချိန် ကားတွေ တစီးနဲ့ တစီး ကျော်ဖြတ်ပြီး တံတားပေါ် မတက်အောင် တယောက်ယောက်က ထိန်းသိမ်းပေးရပါမယ်။ ကမာကြည် တံတားဘက်က သွားသင့်တဲ့ ကားကြီးတွေကို ခဏ စောင့်ဆိုင်းခိုင်းတာမျိုး လုပ်ရပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေဟာ တံတားကြေးကိုသာ တွင်တွင် ကောက်ယူပြီး ဖြတ်သွားတဲ့ ကားတွေရဲ့ အခြေအနေကို လုံးဝ လျစ်လျှူရှုထားကြပါတယ်။

တံတားမှာ ကားပျက်ပြီ၊ ပိတ်ပြီ၊ ပိတ်နေရာက ပြန်ပွင့်ပြီ ဆိုတာနဲ့ အတက်နေရာမှာ ကားတွေ အလုအယက် တိုးဝှေ့ ကြတဲ့အတွက် တံတားပိတ်ချိန်ဟာ ကြာမြင့်သင့်တာထက် ပိုကြာပါတယ်။

နောက်တချက်က တံတားအတက် တွေမှာ တန်ပိုစစ်ဆေးရေး ဂိတ်တွေ ရှိပါတယ်။ ဒါပေမယ့် တန်ပိုစစ်တာကို ကျမ မမြင်ဘူးသလောက်ပါပဲ။ အထူးသဖြင့် သန်လျင်ကနေ ရန်ကုန်ဘက်ကို အသွားဂိတ်မှာ တန်ပိုစစ်တာ သိပ်မတွေ့ဖူးပါဘူး။ တန်ပိုပါမပါ သေသေချာချာ စစ်ဆေးပြီး မလွှတ်သင့်တဲ့ ကားတွေကို မလွှတ်ပေးဘူး၊ ဒါမှမဟုတ် ကမာကြည်တံတားနဲ့ မျှပြီး သွားခိုင်းမယ် ဆိုရင် အခုလို ပြဿနာမျိုးတွေ ကြုံတွေ့ဖို့ ရာခိုင်နှုန်း နည်းပါးမယ်လို့ ကျမ ပြောရဲပါတယ်။

 


ပြောမယ့်သာ ပြောရတယ် တံတားကြေး ကောက်ခံတဲ့ ကံထရိုက်ကော၊ ဒီကံထရိုက်ကို ချပေးထားတဲ့ တာဝန်ရှိသူတွေပါ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာ ကျမထက် သိတဲ့သူတွေ ချည်းပါပဲ။ အဓိကက တာဝန်မယူတာပါ။ ပိုက်ဆံရရင်ပြီးရော ကားကြီးတွေပဲဖြစ်ဖြစ်၊ ပျက်နိုင်ခြေရှိတဲ့ ကားစုတ်ပဲ ဖြစ်ဖြစ်၊ ဖြတ်သန်းခွင့် မရှိတဲ့ ဆိုက်ကယ်တွေကို ဖြစ်ဖြစ် တံတားပေါ်မှာ ဖြတ်သန်းခွင့် ပေးထားတာ ကျမတို့ အားလုံး မြင်နေကြတာပါပဲ။ စပ်မိလို့ ပြောရရင် အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ရုံးဆင်းရုံးတက်ချိန်၊ ကျောင်းချိန်တွေမှာ ဖြတ်သန်းသွားလာခွင့် မရှိတဲ့ ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံးတင် ကားကြီးတွေရဲ့ ကားလေးတွေနဲ့ အပြိုင် မဆင်မချင် မောင်းနှင်မှုတွေပါ ပါလာပါလိမ့်မယ်။ ဖြစ်လာရင်တော့ တာဝန်ယူမှုက အတော်ကို နည်းပါးပါတယ်။

သိရတာတော့ ကလဝဲအမှတ် ၂ တံတားနဲ့ ရန်ကုန် - သန်လျင် တံတားကြီးဟာ တံတားကြေး ကောက်ခံခွင့် ရတဲ့ ကန်ထရိုက်ခြင်း မတူပါဘူးတဲ့။ အမှတ် ၂ တံတားရဲ့ တံတားကြေးဟာ ကားလေးတစီးတောင် ၃၀၀ ကျပ် ကောက်ပါတယ်။ ပထမ တံတားကြီးကတော့ ကားလေး တစီးကို ၁၀၀ ကျပ် ကောက်ခံပါတယ်။ ဈေးကြီးတဲ့အပြင် ဝေးလည်း ဝေးတာကြောင့် ကားကြီးတွေဟာ အမှတ် ၂ ကားကနေ မဖြတ်ဘဲ ပထမ သန်လျင် - ရန်ကုန် တံတားကြီးပေါ်ကနေ ညှိနှိုင်းဖြတ်သန်းကြတာလို့ သိရပါတယ်။ ညှိနှိုင်းတယ် ဆိုတာကတော့ ကျမတို့ မြန်မာနိုင်ငံအတွက် တော်တော်လေး ရိုးနေတဲ့ စကားလုံးပါ။ ဘာပဲဖြစ်ဖြစ် ထပ်ပြောရရင် ခံရတာက ခရီးသွားပြည်သူတွေပဲ ဖြစ်ပါတယ်။

ဒီဒုက္ခတွေကို နေ့စဉ်နီးပါး ခံစားနေရတဲ့ ပြည်သူတွေထဲက ပြည်သူ တယောက်အနေနဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကတော့ တာဝန်ယူထားသူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။

သန်လျင် - ရန်ကုန် တံတားပေါ် နေ့စဉ် ဖြတ်သန်းနေတဲ့ ခရီးသွား ပြည်သူအားလုံး တံတားပေါ်မှာ ကားပျက်ခြင်း၊ ကားပိတ်ခြင်း ဒုက္ခမှ ကင်းဝေးကြပါစေ။

တူးတူးသာ

 
 

 



.

1 comments :

  1. Anonymous said... :

    good news

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved