မြန်မာအလှမယ်နှစ်ဦးတက်ရောက်ခဲ့တဲ့ASEAN Celebrity Explore Quest Malaysia 2015 မလေးရှားနိုင်ငံတွင်ရက်သတ္တပတ်ကျော်ကြာပြုလုပ်

Friday, November 27, 2015


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာနှင့် အမရာငြိမ်း(ဓာတ်ပုံများ - သီဟတိုး/The Irrawaddy)

Tourism Malaysia မှ နှစ်စဉ် ဦးစီးကျင်းပပြုလုပ်ပြီး တတိယအကြိမ်မြောက် ASEAN Celebrity Explore Quest Malaysia 2015 ကို အာဆီယံ (၁၀) နိုင်ငံမှ အနုပညာရှင်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများ ဖိတ်ခေါ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သော မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ နိုင်ငံကျော် အနုပညာရှင်များ၊ မော်ဒယ်များ၊ အဆိုတော်များ၊ အစီအစဉ်တင်ဆက်သူများ၊ အလှမယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများစတဲ့ ပါဝင်တက်ရောက်သူ စုစုပေါင်း (၉၄) ဦးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အလှမယ်(၂) ဦး၊ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာနှင့် Miss Myanmar International 2015 အမရာငြိမ်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

“ကျနော်တို့ အခုလို ASEAN Celebrity Explore Quest Malaysia 2015 ကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ Quest (စူးစမ်းရှာတယ်)ဆိုတာ Quest for Knowledge ၊ ဗဟုသုတတွေကို စူးစမ်းရှာဖွေ မယ်။ Quest for Understanding ၊ နားလည်ဖို့အတွက် စူးစမ်းရှာဖွေမယ်။ ကျနော်တို့က အာဆီယံ       
ဆယ်နိုင်ငံမှ ပါဝင်သူတွေကို မလေးရှားနိုင်ငံနဲ့ စိတ်ဝင်စားဖွယ် နေရာဒေသတွေကို သွားရောက် လေ့လာ   ပြီး အတွေ့အကြုံ အသစ်တွေ ရရှိစေချင်ပါတယ်” လို့ Tourism Malaysia မှ Director General ဖြစ်သူ Mr.Y.Bhg Dato’ Mirza Mohamad Taiyab က ပြောပါတယ်။

ရက်သတ္တပတ်ကျော်ကြာခရီးစဉ်ကို မလေးရှားနိုင်ငံရဲ့ အကောင်းဆုံး ခရီးသွားနေရာများဖြစ်တဲ့ မြို့တော် ကွာလာလမ်ပူမြို့၊ Ipoh နှင့် လန်ကာဝီကျွန်းစတဲ့ နေရာများကို သွားရောက်ပြီး စိတ်လှုပ်ရှားစရာ ဂိမ်းကစား နည်းများ၊ ပြိုင်ပွဲများကို အဖွဲ့လိုက် ပါဝင်ပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံရဲ့ဒေသရိုးရာအစားအစာများ၊ ရိုးရာ ယဉ်ကျေးမှုများနှင့် ရေမြေတောတောင်သဘာဝများကိုပါ လေ့လာခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် (၃) ရက်တာ နေထိုင်သည့်နေ့များတွင် Sunway Lagoon Theme Park သို့ အလည်သွားခြင်း၊ အဖွဲ့လိုက် ဂိမ်းကစားခြင်းများပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံ၏ အစိုးရရုံးများ အခြေစိုက်ရာ မလေးရှားနိုင်ငံရဲ့ မြို့တော်ဟောင်း ပူထရာဂျာရာမြို့သို့လည်း သွားရောက်လေ့လာခဲ့ပါတယ်။


နောက်တရက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ Time Square သို့ သွားရောက်ပြီး အဖွဲ့လိုက် ဂိမ်းကစားနည်းများ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ကာ မလေးရှား ဘုရင့်နန်းတော်၊ လွတ်လပ်ရေး အထိမ်း အမှတ် အဆောက်အဦး နဲ့ မလေးရှားနိုင်ငံရဲ့ နာမည်ကျော် Petronas Twin Tower စတဲ့ နေရာတွေကို သွားရောက်လေ့လာ လည်ပတ်ခဲ့ပါတယ်။

အဲဒီနောက် မလေးရှားနိုင်ငံရဲ့ နယ်မြို့တမြို့ဖြစ်တဲ့ Ipoh မြို့ကိုသွားရောက်ပြီး မလေးရှားရိုးရာ ကိုယ်ခံသိုင်းပညာပြသကွက်များ ကြည့်ရှုခြင်း၊ မလေးရှား ကျေးလက်ရိုးရာ ကစားနည်းများ၊ ပျော်စရာ ကစားနည်းများ ကစားခဲ့ကြပါတယ်။ ညပိုင်းမှာတော့ မလေးရှားရိုးရာ မင်္ဂလာဆောင်ပွဲ ကျင်းပပြုလုပ်ပါတယ်။ မင်္ဂလာသတို့သားအဖြစ် ဗီယက်နမ်မှ သရုပ်ဆောင် မင်းသား Ho Vinh Khoh နဲ့ သတို့သမီး အဖြစ် မြန်မာနိုင်ငံမှ ကိုယ်စားပြု အလှမယ် Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာတို့က သရုပ်ပြ မင်္ဂလာဆောင် ခဲ့ကြပါတယ်။



နောက်တရက်မှာတော့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အဖွဲ့(၁) က Gopeng ကိုသွားရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းများဖြစ်တဲ့ ရေတံခွန်ကမ်းပါးပေါ်မှ ခြေစုံကန်၍ ခါးတွင် ကြိုးချည်ပြီး အောက်သို့လျှောဆင်းရသည့် Water Abseiling ကစားနည်း၊ ရေစီးကြမ်းသောချောင်းထဲတွင် အဖွဲ့လိုက် လှေလှော် Water Rafting စတဲ့ Activities လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ (၂) ကတော့ Ipoh Theme Park မှာ ကားမောင်းခြင်း၊ ဂေါက်ရိုက်ခြင်း၊ သေနတ်ပစ်ခြင်း စတဲ့ ဂိမ်းကစားနည်းတွေ ကစားခဲ့ကြပါတယ်။


နောက်ဆုံးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံရဲ့အလှပဆုံးသော ကျွန်းတကျွန်းဖြစ်တဲ့ လန်ကာဝီကျွန်းသို့ သွားရောက်ခဲ့ကြပါတယ်။ လန်ကာဝီမှာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားကစားနည်းများဖြစ်တဲ့ သစ်ပင်တပင်နဲ့ တပင် ကြိုးနဲ့ကူးတဲ့ Sky treks၊ သစ်ပင်အမြင့်များပေါ် ခက်ခက်ခဲခဲ တက်ရသော စတဲ့ စွန့်စွန့်စားစား ကစားနည်းများကို ဆော့ကစားခဲ့ကြပါတယ်။


အဲဒီနောက်မှာတော့ လန်ကာဝီရဲ့ အလှပဆုံးသော ရှုခင်းများကို အပေါ်စီးမှကြည့်ရှုနိုင်သည့် လန်ကာဝီ Sky Bridge တည်ရှိရာ တောင်ကို Cable Car ဖြင့် တက်ရောက်ခဲ့ကြပြီး လန်ကာဝီကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကို ရှုမဆုံးနိုင်အောင် ကြည့်ရှုခဲ့ကြပါတယ်။ အပြန်မှာတော့ 3D Art Museum ကိုဝင်လို့ အမှတ်တရ ဓာတ်ပုံတွေ အပြေးအလွှား ၀င်ရိုက်ခဲ့ကြပါတယ်။ 


ခရီးစဉ်ရဲ့ နောက်ဆုံးတရက်မှာတော့ မလေးရှားနိုင်ငံ ပါတိတ်လုပ်ငန်းလုပ်ကိုင်ရာ နေရာတခုကို သွားရောက် လေ့လာခွင့်ရခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ပါတိတ်အရောင်များ ရေးဆွဲခြင်းကို ပါဝင်ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် လန်ကာဝီရဲ့ သဘာဝအလှတွေထဲက တခုဖြစ်တဲ့ ဒီရေတောများကို သွားရောက် လေ့လာရန် Langkawi Geo Park ကို သွားရောက်ခဲ့ကြပါတယ်။ 



သဘာဝအတိုင်း တည်ရှိနေတဲ့ ဒီရေတောတွေကို သွားရောက် လေ့လာခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ပင်လယ် နယ်နမိတ် ချင်း ထိစပ်နေသည့် ပင်လယ်ရှိရာဘက် KILIM Geo Park ကို မော်တော်ဘုတ်နဲ့ သွားရောက်ပြီး     
အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ နေ့လည်စာကို Floating Restaurant ရေပေါ်စားသောက်ဆိုင်မှာ စားသောက်ခဲ့ကြပါတယ်။


အဲဒီညမှာတော့ Tourism Malaysia ရဲ့ ASEAN Celebrity Explore Quest Malaysia 2015 Gala Night Dinner ကို Langkawi International Convention Center (LICC) မှာ ကျင်းပခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံကိုယ်စားပြုပြီး တက်ရောက်လာကြသည့် အနုပညာရှင်များမှ မိမိတို့၏ ရိုးရာသီချင်း၊ အက ဖျော်ဖြေမှုများနဲ့ ဖျော်ဖြေခဲ့ကြပြီး ရက်သတ္တပတ်တာ ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် Instagram ဓာတ်ပုံပြိုင်ပွဲ နှင့် Go Pro နဲ့ Movie ရိုက်ထားသမျှကို နောက်ခံသီချင်းဖြင့် Music Video မှတ်တမ်းများကို ပြသခဲ့ပါတယ်။

Instagram ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်သည့် မီဒီယာများထဲမှ ပြည်မြန်မာ ဂျာနယ်မှ မအေးမြတ်သရဖီက Malaysia Airlines မှ ချီးမြှင့်သော ဆုရရှိခဲ့ပြီး၊ Gala Night ရဲ့ အကောင်းဆုံး အမျိုးသမီး ဖက်ရှင်ဆုကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss International Myanmar 2015 အမရာ  ငြိမ်းနဲ့ အကောင်းဆုံး အမျိုးသားဖက်ရှင်ဆုကို ကမ္ဘောဒီးယား မော်ဒယ် Chhun Virak Kosal တို့က ရရှိခဲ့ပြီး အခြားသော အနုပညာရှင်များကလည်း ဆုအသီးသီး ရရှိခဲ့ပါတယ်။ 


မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ နိုင်ငံများမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု (၂၀.၄) သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ 



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved