ဟိမ၀န္တာရေခဲတောင်မှာပျောက်နေသူ ၄ဝ အတွက် မျှော်လင့်ချက် မှေးမှိန်လာ

Tuesday, October 21, 2014



နီပေါ  ဟိမ၀န္တာတောင်ပေါ်တက်တဲ့လမ်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးနေတဲ့ အယောက် ၄ဝ ကျော်ကို အသက်ရှင်လျက် ပြန်တွေ့ရေးမျှော်လင့်ချက် မှေးမှိန်လာတဲ့အကြောင်း ဧရာဝတီအွန်လိုင်းစာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။



  • တောင်တက်ခရီးကာလ သဘာဝဘေးအန္တရာယ်ကျရောက်မှုကနေ လွတ်မြောက်လာတဲ့ အစ္စရေးက ခရီးသည်တွေ နေရပ်ပြန်ဖို့ လေယာဉ်ကွင်းအသွားမှာ တယောက်နဲ့တယောက် ဖက်ထားကြပါတယ် (ဓာတ်ပုံ -   Reuters)

ယခင်တပတ်က အိန္ဒိယမှာတိုက်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်းက နီပေါကိုလည်း အဖျားခတ်တဲ့အတွက် ဆီးနှင်းတွေအကြီးအကျယ်ကျ၊ ရေခဲတောင်ပြိုကျတဲ့ ဒီဖြစ်ရပ်ဆိုး ပေါ်ပေါက်လာတာ ဖြစ်ကြောင်း အဲဒီသတင်း http://www.irrawaddy.org/asia/hopes-fade-40-missing-nepal-blizzard.html မှာ ရေးပါတယ်။

တနင်္ဂနွေနေ့အထိတော့ သေဆုံးသူပေါင်း အနည်းဆုံး ၃၉ ဦး ရှိသွားပါပြီ။
ရာသီဥတုဆိုးရွားတဲ့ တောင်တက်လမ်းကြောင်းမှာ အယောက် ၅ဝဝ ထက် မနည်းကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ စွန့်စားသွားလာသူ ခရီးသည်တွေကို Annapurna တောင် ပတ်ပတ်လည်ကနေ သွားရောက် ကယ်ယူခဲ့ခြင်းပါ။
အဲဒီတောင်ဟာ ကမ္ဘာ့ အမြင့်ဆုံးတောင်ဆယ်ခုထဲ ပါပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းများမှာ လမ်းကြမ်းကြမ်းရေခဲဖုံးတောင်ပေါ်ဒေသခံကယ်ဆယ်ရေးသမားတွေရဲ့ အကူအညီလည်း ယူခဲ့ပါတယ်။

နီပေါရဲ့ သဘာဝဘေးဒုက္ခဆိုင်ရာ အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌကတော့ ... ပျောက်ဆုံးနေတဲ့သူတွေ ဘယ်မှာရှိမယ်၊ လုံခြုံမှုရှိမရှိ ဆိုတာတွေကို သေချာ မသိသေးဘူး၊ သူတို့တွေ အသက်ရှင်လျက်ရှိနေပါစေဆိုပြီး ဆုတောင်းရတော့မှာပဲ လို့ ပြောပါတယ်။

ရုပ်အလောင်း ၃ဝ ရရှိထားတယ်လို့ ဆိုတယ်။
ရဟတ်ယာဉ်ပေါ်ကနေလှမ်းကြည့်ရာမှာလည်း ရုပ်အလောင်း ၉ လောင်း တွေ့ထားပါတယ် တဲ့။
အဲဒီ ၉ လောင်းကို ကောက်ယူရေးက ရာသီဥတုအနေအထားကြောင့် မဖြစ်နိုင်သေးပါဘူး တဲ့။
  သေဆုံးသူတွေထဲမှာ ကနေဒါ၊ အစ္စရေး၊ ဂျပန်၊ နီပေါ၊ ပိုလန်၊ စလိုဗက် စတဲ့နိုင်ငံတွေက ခရီးသည်တွေ လမ်းပြတွေ ပါဝင်ပါတယ်။

 နီပေါ စစ်တပ် ရဟတ်ယာဉ်တွေက အမြင့်ပေ တသောင်းခွဲကျော်ထက် မြင့်တဲ့ တောင်ပေါ်ဒေသမှာ ရှာဖွေရေး ကူညီပေးနေတာပါ။

စစ်သားတွေကတော့ အဲဒီတောင်ဝန်းကျင် နေရာတချို့မှာ ရဟတ်ယာဉ်ဆင်းနိုင်ရေး အရေးပေါ်ကွင်းတွေ ဖောက်နေပါတယ်။
  
ဒီနှစ်ထဲမှာတော့ ဒီဖြစ်ရပ်က ဒုတိယ အကြီးအကျယ်ဆုံးပါ။
ဧပြီလကလည်း ဧ၀ရက်တောင်တက် ဒေသခံလမ်းပြ ၁၆ ဦး ရေခဲတောင်ပြိုကျမှုမှာ သေဆုံးပါတယ်။

၁၉၉၅  ဧ၀ရက်တောင်ဝန်းကျင် ရေခဲတောင်ပြိုကျမှုမှာ ၄၂ ဦး သေဆုံးပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခုထဲမှာ နီပေါနိုင်ငံတွင်းက တောင် ၈ ခုလည်း ပါပါတယ်။

နီပေါမှာ ခရီးသွားလုပ်ငန်း၊ တောင်တက်ခွင့်လိုင်စင် ချပေးခြင်း စတာတွေကနေ  ရရှိတဲ့ ၀င်ငွေဟာ နိုင်ငံစီးပွားရေးရဲ့ ၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

  • မူရင်းသတင်း
Hopes Fade for 40 Missing After Nepal Blizzard
http://www.irrawaddy.org/asia/hopes-fade-40-missing-nepal-blizzard.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved