ပြည်မြို့က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် ဖျော်ဖြေပွဲ

Saturday, December 20, 2014


၂၀၁၅ ဖေဖေါ်ဝါလ ၁၃ ရက်နေ့တွင် ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့ပွဲကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံကျော်အဆိုတော်တွေပါဝင်တဲ့ ဂီတဖျော်ဖြေပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲကို မနေ့ညက ပြည်မြို့ ယဉ်ကျေးမှုရုံမှာ ကျင်းပခဲ့ပါတယ်။


(ဓာတ်ပုံများ - ကောင်းမြတ်မင်း/ ဧရာဝတီ)

 ဒီပွဲမှာ ဂျေညီညီ၊ ဂျေညီမလေး၊ စည်သူမောင်နဲ့ ရွှေရည်ဖြိုးမောင်တို့အပြင် ဟာသလူရွှင်တော် မိုးတိမ်နဲ့ ဒဲ့ဒိုးတို့လည်း ပါဝင်ဖျော်ဖြေခဲ့တာပါ။

အဆိုတော် ဂျေညီညီက “ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ပြောချင်တာက အောင်ဆန်းက သိပ်ရိုင်းတယ်၊ ဒါပေမဲ့ သိပ်ရိုးသားတယ်။ အခုလူတွေက သိပ်ရိုင်းပြီး မရိုးသားကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအတွက် ကိုယ့်အနုပညာနဲ့ ပါဝင်ဖျော်ဖြေခွင့်ရလို့ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လေနဲ့ပဲလေးစားမနေကြပါနဲ့ သူရဲ့စိတ်ဓါတ် တဝက်မမှီရင်တောင် သုံးပုံပုံရင် တပုံလောက် မှီအောင်လုပ်ကြပါ။” လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒ့ါအပြင် လက်တလောနိုင်ငံရေးတွေကို လိုက်မမီတော့ကြောင်းနဲ့ သူသိတဲ့နိုင်ငံရေးအကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

“ကျနော်နိုင်ငံရေးတွေ ဘာတွေသိပ်မသိပါဘူး။ ဒါပေမဲ့ TV ထဲက သတင်းစာထဲကပြောနေတာတွေနဲ့ အပြင်မှာ ဖြစ်နေတာတွေက လုံးဝကွာခြားနေပါတယ်။ သူတို့သတင်းစာထဲကရေးနေပြောနေတာတွေက အပြင်လက်တွေ့ဘဝမှာ တကယ်မရှိတာတွေပါပဲ။” လို့ဆိုပါတယ်။







အဲ့ဒီပွဲကို  ပြည်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ စီစဉ် ကျင်းပခဲ့ကာ  လူငယ်မျိုးဆက်တွေဆီမှာ ဗိုလ်ချုပ်လိုစိတ်ဓါတ်မျိုးတွေ ပေါ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပွဲစီစဉ်ရတာဖြစ်တယ်လို့လည်း NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရဲ့ စည်းရုံးရေးမှူး ကိုကျော်ဇေယျ က ပြောပါတယ်။

“ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အခမ်းအနားတွေမှာ ခမ်းခမ်းနားနား စည်စည်ကားကားဖြစ်စေချင်လို့ပါ။ အခုပွဲက ရရှိတဲ့ရန်ပုံငွေကို ပြည်ခရိုင်အတွင်းက ၆ မြို့နယ်မှာ ဗိုလ်ချုပ်ရာပြည့်ပွဲတွေပြုလုပ်တဲ့အခါ ပြန်အသုံးချသွားမှာပါ။ ဗိုလ်ချုပ်ရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်တွေ ရဲရင့်မှုတွေကို လူငယ်တွေ သိအောင် လုပ်လာအောင် ကျနော်တို့က ဒီလိုပွဲတွေကို စီစဉ်ရတာပါ။” လို့ ကိုကျော်ဇေယျက ပြောပါတယ်။






ဒီဖျော်ဖြေပွဲမှာ ဂျေညီညီ၊ ဂျေညီမလေး၊ စည်သူမောင်နဲ့ ရွှေရည်ဖြိုးမောင်တို့ရဲ့နာမည်ကြီးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ဟာသလူရွှင်တော် မိုးတိမ်နဲ့ ဒဲ့ဒိုးတို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာသပျက်လုံးတွေအပြင် ဒေသခံတွေကလည်း ချင်းရိုးရာ ၀ါညှပ်အကတွေ ရှမ်းရိုးရာ အိုးစည်ဝိုင်း၊ ဓါးသိုင်းအကတွေနဲ့ ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved