ကလေးတို့ ဘ၀ ဖွံ့ဖြိုးဖို့ အနုပညာ ဖန်တီးမှုတွေ လုပ်ကြစို့

Monday, July 6, 2015




အနုပညာ ဖန်တီးမှုက ကလေးတို့ ဘ၀ ဖွံ့ဖြိုးစေတဲ့ အကြောင်း ဧရာဝတီဘလော့ဂ်ကနေပဲ အရင်တခါက  ပြောပြခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်း နဲ့ ပတ်သက်ပြီး မိဘတဦးက - "အနုပညာဖန်တီးမှုနဲ့ ဘ၀ အောင်မြင်မှုက ဘာဆိုင်လို့လဲ" ဆိုပြီး မေးမြန်းလာပါတယ်။

“စာကျက်ချိန် စာမကျက်ဘဲ ရုပ်ပုံတွေ ပန်းချီတွေ လျှောက်ရေးနေရင် စာမေးပွဲ ကျမှာပေါ့။ အဲဒါက ဘ၀တိုးတက်မှု ဘယ်လို ဖြစ်စေနိုင်ပါ့မလဲ” လို့ ထပ်ဆင့် ပြောလာပါတယ်။

တကယ်တော့ စာမေးပွဲဆိုတာ တနှစ် တတန်း တက်ပြီး ဖြေရတာ ဖြစ်ပြီး၊ တနှစ်စာ အောင်မြင်မှုကို သတ်မှတ်တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘ၀ တသက်စာ အောင်မြင်မှုနဲ့ဆိုရင် တနှစ်စာ အောင်မြင်မှုက ဘာမှ ပြောပလောက်မယ် မထင်ပါ။ အနုပညာ ဖန်တီးမှု၊ အနုပညာ ခံစားမှုကို သင်ယူခြင်း၊ သင်ကြားခြင်းဟာ ကလေးတို့ ဘ၀တသက်စာ အောင်မြင်မှုအတွက် အခြေခံကျပြီး အရေးပါပါတယ်။ ဒါကြောင့် အနုပညာ ဖန်တီးမှုအကြောင်း၊ အနုပညာခံစားမှုတို့ အကြောင်း ကလေးတို့ကို ပြောပြပေးနေတာပါပဲ။


အနုပညာ ဆိုတာ ညီညွတ်ခြင်း၊ မျှတခြင်း၊ ပေါင်းစည်းခြင်း ဆိုတဲ့ အဓိပ္ပာယ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ အဲဒါတွေဟာ လှပမှုကို ဖော်ကျူးထားတာဖြစ်ပြီး၊ အဲဒီ ဖော်ကျူးမှုကို လူတွေအားလုံး ခံစားနိုင်ဖို့ မျှဝေတာလည်း ပါဝင်ပါတယ်။

အနုပညာလက်ရာတခုကို ကြည့်လိုက်ရင် ပထမဆုံး မြင်တွေ့ရမှာက ညီညွတ်မျှတမှုပါ။ အရောင်တွေရဲ့ ညီညွတ်မှု၊ အရုပ်တွေရဲ့ ညီညွတ်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရောင်တွေ တခုနဲ့ တခု ဘယ်လိုပဲ တွန်းထိုး ရုန်းကြွနေပါစေ အနုပညာ လက်ရာထဲမှာတော့ ညီညွတ်နေရမှာပါ၊ တခုနဲ့တခု မျှတနေရမှာပါ၊ ပြီးတော့ ပေါင်းစည်းနေရမှာ ဖြစ်တယ်။ အဲသလိုပဲ အရုပ်တွေ၊ ပုံတွေ၊ မျဉ်းတွေဟာလည်း ညီညွတ်၊ မျှတ၊ ပေါင်းစည်းနေတဲ့ သဘော ရှိပါတယ်။ ကြည့်ရှုသူ အနေနဲ့လည်း ဒီသဘောကို မြင်တွေ့ရမှာဖြစ်သလို ဖန်တီးသူ အနေနဲ့ အဲဒီသဘောအတိုင်း ဖန်တီးတင်ပြပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ပုံဖော်ပြတာ ပန်းချီဖြစ်တယ်။ တနည်းအားဖြင့် အနုပညာ ဖြစ်ပါတယ်။


အဲဒါကြောင့် “အနုပညာဆိုတာ တခုခုကို ရည်ရွယ်ပြီး ဖန်တီးတာတွေ၊ အကြောင်းပြချက် တခုခုကြောင့် ဖန်တီးတယ် ဆိုတာတွေ မပါဘဲ ဖန်တီးမှုသက်သက်၊ အဲဒီလို ဖန်တီးနေရမှုမှာ ပျော်မွေ့နေမှု သက်သက်နဲ့ ဖန်တီးတာဟာ အနုပညာပါ” လို့ ပညာရှင်တဦးက ပြောပါတယ်။

ကလေးတို့ ဆွဲတဲ့ ပန်းချီပုံလေးတွေ

တကယ်လို့ ကလေးတယောက်ဟာ ရုပ်ပုံတခု၊ လူပုံတခုကို သူ ဆွဲတတ်သလို ဆွဲတယ် ဆိုပါတော့..၊ အဲဒီကလေးဟာ ကြည့်မြင်နိုင်စွမ်း (Visually) အရ တခြားသူတွေနဲ့ ဆက်သွယ် ဆက်စပ်တဲ့ ဖန်တီးမှုကို လုပ်နေတာပါပဲ။ အဲဒီလိုပဲ ကလေးတဦးဟာ ပန်းခြံထဲမှာ ကစားနေပုံဖြစ်ဖြစ်၊ သူရောက်ဖူး မြင်ဖူးခဲ့တဲ့ နေရာပဲဖြစ်ဖြစ် အရောင်စုံ သုံးပြီး ဖန်တီးတာဟာ သူစိတ်ခံစားမှုကို ထင်ဟပ်ပြတဲ့ ဖန်တီးတာပဲ ဖြစ်ပါတယ်။

မင်းသမီး ဒိုင်ယာနာ (Diana) က "My kids express things through their art that they don't even have words for yet." လို့ ပြောခဲ့ဖူးတယ်။ ဆိုလိုတာက “ကျမတို့ရဲ့ ကလေးတွေဟာ သူတို့ဖန်တီးထားတဲ့ အနုပညာလက်ရာကနေပြီး စကားနဲ့ ပြောလို့မရတဲ့ (လေးနက်မှု၊ နက်ရှိုင်းမှု) အရာတွေကို ထင်ဟပ်တင်ပြကြတယ်” လို့ ဆိုပါတယ်။

တကယ်လို့ ကလေးတို့ အနေနဲ့ ဖန်တီးမှု တခုခုကို စမ်းသပ်ရေးဆွဲ ဖန်တီးနေတယ် ဆိုပါတော့ သူဟာ သိပ္ပံပညာရှင် တဦးလိုပဲ နောက်ဆုံး ကျေနပ်မှု ရလဒ်ရအောင် ကြိုးစားသွားမှာပါပဲ။ သိပ္ပံပညာနဲ့ ဆက်စပ်တဲ့ သင်္ချာပုစ္ဆာတွေမှာတော့ အဖြေမှန်က တခုပဲ ရှိတတ်ပါတယ်။ ဒါပေမယ့် အနုပညာဖန်တီးရာမှာတော့ အဖြေတခုထက် ပိုနိုင်တာတွေကို စဉ်းစား နားလည် ဖန်တီးယူနိုင်တာ တွေ့ရပါတယ်။


တနည်း ပြောရရင် ဘယ်လို (how) နဲ့ ဘာကြောင့် (why) ဆိုတဲ့ ပုံမှန်စဉ်းစား တွေးတောနေကျထက် ပိုလွန်တဲ့ အတွေးအမြင် စိတ်ကူးတွေကိုပါ ရင့်သန်အားကောင်းစေပါတယ်။

လင်းဆေး (Lindsay)က "Art helps my kids feel willing to try new ideas, to experiment, to solve problems" လို့ ပြောပါတယ်။ သူပြောတာက “အနုပညာဖန်တီးမှုက ကျမရဲ့ ကလေးတွေကို အတွေး စိတ်ကူးသစ်တွေ၊ စမ်းသပ်မှုတွေနဲ့ အခက်အခဲ ပြဿနာတွေအတွက် ဖြေရှင်းတာတွေအတွက် အားပေးကူညီ   မြှင့်တင်ပေးပါတယ်။”

အနုပညာ ဖန်တီးသူကလေးများ၊ အနုပညာလက်ရာတွေကို ကြည့်ရှုသူ ကလေးတွေအတွက် လူမှုဆက်ဆံရေးမှာ တဖက်သတ် မမြင်ဘဲ ဘက်ပေါင်းစုံက ကြည့်မြင်တတ်အောင် စေ့ဆော်ပေးတာ တွေ့ရတယ်။ ကိုယ့်လက်ရာကလည်း သူတပါးကို ခံစားနားလည်စေသလို၊ သူတပါး ဖန်တီးထားတာကိုလည်း ကိုယ့်စိတ် ကိုယ့်သဘော ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ခံစားနားလည်စေပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာဆိုရင်.. ငယ်စဉ်ကလေးဘ၀ ကတည်းးက ပန်းချီပြပွဲနဲ့ အနုပညာ လက်ရာ ပြပွဲတွေကို သွားရောက်လည်ပတ် ကြည့်ရှုလေ့ ရှိကြတယ်။ ကြည့်ရှုနိုင်အောင်လည်း အစိုးရက စီစဉ်ပေးထားပါတယ်။

After my kids spend time creating process art, they focus better in math, science, and other academic assignments.

`ကျမရဲ့ ကလေးတွေ အနုပညာဖန်တီးမှု အချိန်တွေ လုပ်ဆောင်ပြီး နောက်ပိုင်းမှာတော့ သူတို့ဟာ သင်္ချာ၊ သိပ္ပံပညာနဲ့ တခြား အကဲဒမစ် ပညာရပ်တွေမှာလည်း ချဉ်းကပ်ယူပုံ ကောင်းမွန်လာတယ်´ လို့ မာတာ (Marta) က ပြောတာ ဖြစ်ပါတယ်။

တကယ်တော့ ကလေးတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လွတ်လပ်မှုတွေ ပြည့်စုံစေတာ ကတော့ အနုပညာ ဖန်တီးမှု နယ်ပယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတို့ အနုပညာ ဖန်တီးမှုတွေ အားကောင်းကောင်း ဖန်တီးနိုင်ကြဖို့ နောင်တခါမှာ ပန်းချီ ရေးဆွဲပုံအကြောင်း ဆက်လက် တင်ပြပေးသွားပါဦးမယ်နော်။



နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved