အဖိနှိပ်ခံ လယ်သမားတွေရဲ့ဘ၀ကို ထင်ဟပ်စေမယ့် ငဘ လာပြီ

Friday, July 24, 2015


အမျိုးသားစာပေဆုရ စာရေးဆရာ မောင်ထင်ရဲ့ "ငဘ" အမည်ရှိ ဖက်ဆစ်ဂျပန်ခေတ်က အဖိနှိပ်ခံ လယ်သမားတွေအကြောင်း သရုပ်ဆောင်ထားတဲ့ ၀တ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းပြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးနဲ့ အနုပညာအကြံပေး ဒါရိုက်တာ မျိုးထူးတို့က ဇူလိုင်၂၂ ရက်မှာ စတင် ရိုက်ကူး နေတာဖြစ်ပါတယ်။

ငဘ ဇာတ်ကားမှ ဇာတ်ဝင်ခန်းတခု (ဓာတ်ပုံများ - သီဟတိုး/ The Irrawaddy)

ဒီဇာတ်လမ်းမှာ ငဘ အဖြစ် ကျော်သူက ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး တခြားအနုပညာရှင်များအနေနဲ့        ကျော်ရဲအောင်၊ မင်းဦး၊ မိုးယံဇွန်၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ ဇော်ဦး၊ ဗေလုဝနဲ့ ခင်လှိုင်တို့က ပါဝင်ကြမှာပါ။

ဒီဇာတ်ကားမှာ ငဘ အဖြစ် ကျော်သူ၊ ငဘရဲ့မိန်းမ မိဖော့အဖြစ် စိုးမြတ်သူဇာ၊ သမီးမိနီအဖြစ် အေးမြတ်သူ၊ ဂျပန်အလိုတော်ကြီးအဖြစ် ကျော်ရဲအောင်၊ တော်လှန်ရေးခေါင်းဆောင်သခင်မျိုးညွန့်နေရာမှာ မင်းဦးနဲ့ တော်လှန်ရေးခေါင်းဆောင် မိုးကြယ်အဖြစ် မိုးယံဇွန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 ဇူလိုင်၂၃ ရက်နေ့မှာတော့ ငဘကို ဓားပြမှုဖြင့် ဂျပန်အလိုတော်ကြီးက တရားစွဲပြီး ထောင်ထဲ ထည့်ထားတဲ့ အခန်းကို ရွှေတောင်ကြားရှိ ရုပ်ရှင်မြှင့်တင့်ရေးရုံးဝန်းတွင်းမှာ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

ရိုက်ကူးနေတဲ့ဇာတ်ဝင်ခန်းကတော့ ငဘကို ထောင်ထဲမှာထည့်ထားတုန်း ဇနီးဖြစ်သူ မိဖော့(စိုးမြတ်သူဇာ)နဲ့ သမီးဖြစ်သူ မိနီ(အေးမြတ်သူ)တို့က လာရောက်တွေ့ဆုံတဲ့ အခန်းပဲ ဖြစ်ပါတယ်။

ဖက်ဆစ်ဂျပန်ခေတ်ရဲ့ အဖိနှိပ်ခံ လယ်သမားဘ၀ ၊ မတရားဖမ်းဆီးပြီး ထောင်ချခံရတဲ့ ငဘရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်နေတဲ့ ဒါရိုက်တာ ခင်စောမျိုးနဲ့ အဓိက ပါဝင်သရုပ်ဆောင်ကြတဲ့  ကျော်သူနဲ့ စိုးမြတ်သူဇာတို့ကို ဧရာဝတီကမေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ ခင်စောမျိုးနဲ့ သရုပ်ဆောင် အေးမြတ်သူ

ဒါရိုက်တာ ခင်စောမျိုး

ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာက ကျနော်တို့ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသားဘ၀မှာ ငဘ ကို စကားပြေအဖြစ်နဲ့ သင်ရိုးတန်းမှာ သင်ခဲ့ရတာလေ။ ဆယ်တန်းအောင်တော့ ဒါရိုက်တာဖြစ်လာပြီးတဲ့အခါ ဒီဇာတ်ကားကို ရုပ်ရှင်ရိုက်ကူးချင်ခဲ့တယ်။ ဒီဇာတ်လမ်းရိုက်ကူးနိုင်ဖို့အတွက် ဆင်ဆာကို ဇာတ်လမ်းကို သုံးကြိမ်တိတိတင်ခဲ့ရပါတယ်။ မကျခဲ့ဘူး။ အခု လေးကြိမ်မြောက်မှာ ရိုက်ကူးဖို့ကျခဲ့တာပါ။ နောက်ပြီး ငဘ ဇာတ်လမ်းကို နောက်ပိုင်းက လူငယ်တွေ မသိကြတော့ဘူးလေ။ အဲဒီလူတွေအတွက် အဓိက ရိုက်ကူး ခဲ့တာပါ။ အရင်ခေတ်က လယ်သမားတွေအကြောင်းကို မသိကြဘူးလေ။ ဒီခေတ်က လယ်သမား အကြောင်းကိုပဲ သိကြတယ်။ အခုခေတ်ကလည်း အသက်လေးဆယ်ကျော်၊ လေးဆယ့်ငါးအထိက ငဘကို မသိကြပါဘူး။ ငဘ က ဆရာကြီးမောင်ထင်ရေးခဲ့တယ်။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်က ပါးပါးလေးပါပဲ၊ ဒါပေမယ့်ပြန်ရိုက်တဲ့အခါမှာ အကြောင်းအရာတွေက အများကြီးပဲလေ။ သူ့အတိုင်းတောင် အတိအကျ လိုက်မရိုက်နိုင်ဘူး။ လိုက်ရိုက်မယ်ဆိုရင် တော်တော်ကြာသွားမယ်။ မူရင်းအတိုင်း အရသာ မပျက်သွားအောင်လည်း ကြိုးစားရိုက်ကူးထားပြီး ဆရာကြီးရေးတုန်းကတော့ ရီစရာသိပ်မပါပေမယ့် ကိုယ်ကတော့ရီစရာလေးတော့ ထည့်ပေးရတာပေါ့။ အခုခေတ်ကလည်း ရီစရာလေး နည်းနည်းပါမှ သဘောကျကြတာလေ။ ငိုနေလို့လည်း မဖြစ်ဘူး။တောကားကြီးလို့လည်း ပြောကြလိမ့်မယ်။ ခင်လှိုင်တို့၊ ဗေလုဝ တို့ ထည့်ထားရတာပေါ့။ ကိုကျော်သူနဲ့ ရိုက်ဖြစ်တာကလည်း သူနဲ့က ညီအကိုလိုပဲလေ။ သူနဲ့ ဆိတ်ဖွားပြန်ရိုက်ဖြစ်တာကလည်း သူက မင်းရိုက်မယ်ဆိုရင် ငါပြန်ရိုက်ပေးမယ် ပြောလို့ ရိုက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဆိတ်ဖွားပြီးရင် တမျိုးတမည်ဖြစ်အောင် ငဘ ရိုက်ရအောင်လို့ ပြောတော့ သူကလည်း ရိုက်မယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာ။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်သလဲ၊ ကိုလိုနီခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဂျပန်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီမိုကရေစီခေတ်မှာရော လယ်သမားတွေ ဘယ်လိုထပ်ဖြစ်ဦးမလဲဆိုတာ ကိုယ့်ဘာသာ စောင့်ကြည့် ကြပါလို့။

ငဘ ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူ

ကျော်သူ

ဒီဇာတ်ကားမှာပါဝင်တဲ့အခါ ပြင်ဆင်ခဲ့တဲ့အပိုင်းကတော့ အထောက်အကူဖြစ်မယ့် ပစ္စည်းတွေကို ကျနော်စုရတာပေါ့။ ငဘတို့ခေတ်က လယ်သမားကိုင်တဲ့ တံစဉ်းတို့ တကယ့်ရှေးဟောင်းပစ္စည်းတွေလည်း ကျနော်ရထားတယ်လေ။ အဲဒီပစ္စညိးတွေက နှစ်ပေါင်း ၁၈၀ လောက်ရှိပြီလေ။ နောက်နှစ်ပေါင်း ၈၀ က တံစဉ်းတွေပေါ့။ အဲဒါတွေကလည်း ကျနော် နယ်တွေဘက်က လူတွေကိုပဲ အကူအညီတောင်းပြီး ရှာထား ရတာပါ။ ၀တ်စားဆင်ယင်မှုအပိုင်းကလည်း ဒီလိုဖြစ်အောင် ပြန်ပြီး ဖန်တီးယူရတာပဲလေ။ ငဘ ဇာတ်က အဖိနှိပ်ခံ လူတန်းစားကို သရုပ်ဆောင်ရတဲ့အတွက် ကိုယ့်ရဲ့စိတ်ကိုလည်း လျော့ထားရတာပေါ့။ ကိုလိုနီခေတ်က လယ်သမားတွေကလည်း ဖိနှိပ်ခံရတယ်၊ ဖက်ဆစ်ခေတ်က လယ်သမားတွေလည်း ဖိနှိပ်ခံရတယ်။ ဆိုရှယ်လစ်ခေတ်လယ်သမားသည်လည်း ထိုနည်းလည်းကောင်းပဲ။ အခု ဒီမိုကရေစီလယ်သမားတွေလည်း အခုလယ်တွေအသိမ်းခံရတယ်။ လယ်သမားလူတန်းစားကတော့ အဖိနှိပ်ခံ လူတန်းစားလို ဖြစ်နေတယ်။ ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင် ငါတို့ ဘယ်လို ပြင်ဆင်သင့်မလဲ၊ဘာတွေကောင်းအောင် ပြုပြင်ပြောင်းလဲသင့်လဲဆိုတာကို သိမှာပါ။ ဒီဇာတ်ကား ရိုက်ကူးဖြစ်တာနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် လူဆိုတာ ကျေးဇူးတရားကို သိတတ်ရမယ်။ ကျေးဇူးရှင်ကို သူ့နေရာနဲ့သူ ပေးတတ်ရမယ်။ ကျနော်တို့က ထမင်းစားနေရတာဆိုတော့ မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင်က ဆန်စပါးရအောင်လုပ်ပေးတဲ့ လယ်သမားတွေပဲလေ။ လယ်သမားတွေက ဖိနှိပ်ခံရတယ်၊ ညဉ်းဆဲခံရတယ် ဒါမျိုးတွေ မဖြစ်ဖို့ ၊ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့ ပြည်သူလူထုရော၊ နိုင်ငံအုပ်ချုပ်တဲ့သူတွေရော သိသွားဖို့ဆိုတဲ့ အသိလေး ရသွားဖို့ ကျနော် ဒီဇာတ်လေး  ရိုက်ဖြစ်တာပါ။ ပရိသတ်ကို နောက်ပြီး ငဘဟာ ဘယ်လိုလူမျိုးဖြစ်သလဲ၊ ငဘဟာ ဘာကိုပြချင်တာကိုလည်းဆိုတာ မြင်အောင်ကြည့်စေချင်ပါတယ်။

ကျနော့်ဇာတ်ကားတွေဆိုရင်လည်း ပြည်သူလူထုကို အကျိုးပြုမယ့်ဇာတ်မျိုး၊ ပရဟိတကို အကျိုးပြုမယ့် ဇာတ်မျိုး၊ မိဘမေတ္တာကို သရုပ်ဖော်မယ့် ဇာတ်မျိုး၊ နောက်ပြီး အယူသည်းတာကို တိုက်ဖျက်မယ့် ဇာတ်မျိုး ဒါမျိုး ဇာတ်တွေကိုပဲ ကျနော်ရိုက်ကူးမယ်လို့ စိတ်ကူးပါတယ်။ ကျန်တဲ့ဖျော်ဖြေရေးအနေနဲ့ကို ခေါင်းထဲမှာ မရှိသေးပါဘူး။

သရုပ်ဆောင် စိုးမြတ်သူဇာ

စိုးမြတ်သူဇာ

မကြီးက ဒီကားမှာ ငဘရဲ့ မိန်းမ မယ်ဖော့အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်။ တောင်ယာအလုပ်လုပ်တဲ့ တောင်သူလယ်သမားမိသားစုအကြောင်းပေါ့။ ဒီအချိန်မှာတော့ ဒီလိုဇာတ်ကားမျိုး ရိုက်ကူးဖို့ဆိုတာက သိပ်တော့မလွယ်လှဘူးပေါ့။ ဘယ်သူမှလည်း  ရိုက်လေ့ရိုက်ထ မရှိတော့ပါဘူး။ ဟာသတွေနဲ့ ခေတ်ပေါ် ဇာတ်လမ်းတွေပဲ ရိုက်နေကြတဲ့ အချိန်မှာ ဒီလိုကားမျိုး ရိုက်လာတဲ့အခါ မကြီးတို့သရုပ်ဆောင်တွေအနေနဲ့ ပုံစံပြောင်းလည်းတမျိုး တဘာသာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် အထူးအခွင့်အရေးလို့ ပြောလို့ရပါတယ်။ ဒီလိုကားမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် မကြီးကလည်း ကျေနပ်ပါတယ်။

အ၀တ်အစားပြင်ဆင်ရတဲ့အခါ လှလှပပ အ၀တ်အစားအတွက်က အလွယ်တကူ ၀ယ်ဝတ်လိုက်လို့ ရပေမယ့် ဒီလို စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားကျတော့ ခက်တယ်လေ။ ဒီဇာတ်ကားက မကြီးဇာတ်လမ်းမဟုတ်ပေမယ့်လည်း ငဘကို မကြီးတို့က ၀ိုင်းဝန်းပံ့ပိုးပေးတဲ့ဇာတ်ပါ။ အဲလိုပံ့ပိုးပေးပြီး ပါဝင်ရတာကိုပဲ ကျေနပ်လှပါပြီ၊ ဇာတ်ကားတွေက များသော်ငြားလည်း ဒီလိုပရိသတ်ရင်ထဲ ထိထိရောက်ရောက်ဖြစ်မယ့် ကားမျိုးက ရှားတာကိုး။ ကိုမောင်(ကျော်သူ)နဲ့ကလည်း အခု သူသရုပ်ဆောင်ပြန်လုပ်တဲ့အခါ ပထမဆုံးပြန်တွေ့တဲ့ကားလေးပေါ့။ သူနဲ့ကလည်းဟိုးအရင်ထဲက အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့ကြဖူးတဲ့သူတွေပါ။

မကြီးကို ဒီဝတ္ထုကို မဖတ်ဘဲ ရိုက်ခဲ့တဲ့အတွက် ပြောကြတဲ့အပေါ်ကို ဘယ်လိုပြောပြချင်လဲဆိုရင် ၀တ္ထုမဖတ်ဘဲရိုက်တယ်ဆိုရင် မကြီးမေးချင်တာက ၀တ္တုကို ဘယ်နှစ်ယောက်ကို ပေးလို့လဲ။ ဘယ်သူက ဖတ်ရလို့လဲ။ ကိုမောင်ကတော့ ဖတ်ကောင်းဖတ်ရလိမ့်မယ်။ ကိုမောင်ကတော့ ဖတ်သင့်တယ်လေ။ ၀တ္ထုကလည်း အခုချိန်မှာ အရမ်းကို ရှားပါးပါတယ်။ အခုခေတ်မှာ ဒါရိုက်တာတွေကလည်း ပေးတယ်ဆိုတာ ဇာတ်ညွန်းကိုပဲ ပေးကြတာ။ ၀တ္ထုကို ဘယ်သူမှ လာမပေးကြပါဘူး။ ဖတ်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ တကူးတကရှာဖတ်ရတာပေါ့။ဘယ်သူမှတော့ တကူးတက ပေးတယ်ဆိုတာ ထုံးစံမရှိပါဘူး။ မကြီးက ၀တ္ထုဖတ်ထားပေသော်ငြားလည်း ဒီ Sence မှာပါသလောက်ပဲ ရိုက်ကူးခွင့်ရမှာလေ။ ဒီစာအုပ်က ဟိုးအရင်က စာအုပ်ဆိုတော့ ရှားလည်းရှားတယ်လေ။ ဒါကို အပြစ်ပြောလို့တော့ မရဘူးပေါ့။

အခု ရိုက်ကူးတဲ့အခါ မိတ်ကပ်ကို မကြီးက အသားနဲနဲဖြူတော့ အောက်က အညိုရောင် မိတ်ကပ်ကို ခံလိမ်းရပါတယ်။ တခါတလေကျရင် အုန်းမှုတ်ခွံ့လေ အဲဒါကို သံပရာသီးလေးနဲ့သွေးပြီးလိမ်းရတယ်။ ချွေးထွက်လာတော့ မျက်နှာက မဲမဲသည်းသည်းထွက်လာရော၊

အခု ဒီကားလေးရယ်၊ ရက်ရက်စက်စက်မိုး ဆိုတဲ့ကားလေးရယ်ကို မကြီး အားကိုးမိတယ်။ ဒီလိုကားလေးတွေက ရှားတယ်လေ။ ဒီဇာတ်ကားကို ပရိသတ်ကြည့်တဲ့အခါ ကြိုက်မယ့်ကားတကားပါ။ စိတ်လည်း        ညစ်ကောင်းညစ်ပါလိမ့်မယ်။ ဒါကြောင့် စိတ်မညစ်ပါနဲ့ ပြီးအောင်တော့ကြည့်ပါ။ ကြိုးတန်းလို့ ဖြစ်မှာဆိုးလို့ပါ။

ငဘဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးမှုများပြီးဆုံးတဲ့အခါ နယ်မြို့တွေဖြစ်တဲ့ ပုဂံနဲ့ ပုပ္ပါးမြို့တွေမှာ   သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved