နိုင်ကောင်းဉာဏ် (ခ) ဉာဏ်ကျယ်စေ
၂၂ နှစ်
Final Part II, ဆေးတက္ကသိုလ် (၂) ၊ ရန်ကုန်မြို့
“၂၀၁၅ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်” တွင် အကောင်းဆုံး Animation ဆုရရှိခဲ့သူ
“လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်” ကို ဝင်ပြိုင်ဖြစ်ခဲ့တာက အရင်နှစ်တွေက ဒီရုပ်ရှင်ပွဲတော်ကို ကြည့် ဖြစ်ခဲ့တယ်၊ ရုပ်ရှင်ပွဲတော်လာကြည့်တဲ့အခါမှာ Animation ကားတွေလည်း ပါတယ်၊ ကြိုက်တယ်၊ သဘောကျတယ် ဆိုပြီးတော့ မနှစ်က စိတ်ကူးတယ်၊ ကျနော်လည်း ဒီပွဲမှာပါရင် ကောင်းမှာပဲဆိုပြီး ဒီနှစ်မှာ အဲဒီစိတ်ကူးကို အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။
ကျနော့် ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ကလေးတွေ၊ သူတို့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အကြောင်းတွေ၊ ဥပမာ- ကျနော့် အိမ်နီးနားချင်းမှာဆိုရင်ကလေးတွေ အိမ်ဖော်လုပ်နေရတယ်။ သူတို့ အရပ်ထက်မြင့်တဲ့၊ အရမ်းလေးတဲ့ ဈေးခြင်းကြီးတွေသယ်ရတယ်။
မနက်စာစားလို့ လက်ဘက်ရည်ဆိုင် ထိုင်တဲ့အခါဆိုရင်လည်း အဲဒီမှာ စားပွဲထိုးလေးတွေက ကလေးတွေပေါ့။ သူတို့ဆိုလည်းစာမသင်ရဘူး။ နောက် ကလေးစစ်သားတွေ၊ ကလေးတွေ လူကုန်ကူးခံရတာတွေ ကျနော် ကြားနေရတော့ စိတ်မကောင်းဘူး။
ပညာရေးဆိုတာ ကလေးတွေအတွက်ကော ၊ နိုင်ငံရဲ့ အနာဂတ်အတွက်ကော အရေးပါတဲ့ အရာတခုမို့ ဒီ “I wanna go to school” (ကျောင်းတက်ချင်တယ်) ဆိုတဲ့ Animation ဇာတ်ကားလေးကို ဖန်တီးဖြစ်ခဲ့တယ်။ အဲဒီမှာမှ ပညာရေးကို အခြေခံပြီး ကလေးတွေ ဆုံးရှုံးနေတဲ့ တခြားအခွင့်အရေးတွေကိုပါ ထောက်ပြမယ်ဆိုပြီး ဒီ Animation ကို လုပ်ဖြစ် ခဲ့တာပါ။
အဲဒီ Animation ကို ဖန်တီးတုန်းက အချိန် တလနီးပါးလောက်တော့ ယူခဲ့ရပါတယ်။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲဆိုတော့ အဓိကကတော့ ကျနော်နဲ့အတူ တွဲလုပ်မယ့် ပါတနာ ရှာမတွေ့ခဲ့တာပေါ့။အစကဆို ဒီ Animation ကို မလုပ်တော့ဘူးလို့တောင် ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က လုပ်ဖြစ်အောင်လုပ်ပါဆိုပြီး အားပေးရင်းနဲ့ ကျနော် လုပ်ဖြစ်ခဲ့တယ်။
လုပ်ရင်းနဲ့မှ မအားဘူးဆိုတဲ့လူတွေလည်း တတ်နိုင်သလောက် ကျနော့်ကို ကူညီပေးကြတယ်။ အချိန်ကလည်း ကျနော်က ကျောင်းတဖက်နဲ့ လုပ်ရတဲ့အတွက် အချိန်ကိုနှစ်ပြီးလုပ်ရတယ်။ ပြီးတော့ ကျနော်က Technical အပိုင်းမှာလည်း အရမ်းကြီး မကျွမ်းကျင်တဲ့အတွက် အနည်းငယ်တော့ အခက်အခဲဖြစ်ခဲ့ပါတယ်၊ ဒီလောက်ပါပဲ။
ဒီကားလေး စပါသွားတော့ ဆုရမယ်လို့တော့ မမျှော်လင့်ဘူး။ ရွေးခံရပြီးပရိသတ်ကို ချပြလို့ရရင်ပဲ ကျေနပ်ပြီလို့ ကျနော်ယူဆထားတယ်။ အခု ဆုလည်း ရသွားပြီဆိုတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
Animation ကိုကျနော် ဆယ်နှစ်သားအရွယ်လောက်ကတည်းက စလုပ်ခဲ့တာ။ လုပ်တယ်ဆိုပေမယ့် လေ့ကျင့်တဲ့ သဘောလောက်ပေါ့။ ကလေးသဘာဝ ဖိုက်တင်တွေ နွှဲတာပေါ့ “တကောင်နဲ့ တကောင်ချတယ်၊တကောင်သေသွားတယ်” အဲဒီလိုမျိုးပေါ့။ အခုလို ရုပ်ရှင်ပွဲတော်မှာပြတဲ့ ဇာတ်ကားမျိုးကို ဖန်တီးတာကြတော့ ဒါ ပထမဆုံးပါ။
Animation မလုပ်ခင်ကျနော် ဟိုးငယ်ငယ်လေးကတည်းက ပုံဆွဲတဲ့ Drawing အပိုင်းကို စပြီးလုပ်ခဲ့တယ်။ Animation ကလည်း ဆယ်နှစ်သားဝန်းကျင်ကတည်းက လုပ်ဖြစ်တယ်ဆိုတော့ လုပ်ရင်းနဲ့ပဲ ကျနော် ဆယ်တန်းပြီးတော့ ကျောင်းတဖက်နဲ့ နားသွားသေးတယ်။ နားသွားပြီးကာမှ အခုကျမှ ဒီပွဲလေးအတွက် ဖြစ်အောင် လုပ်ဦးမယ်ဆိုပြီး ပြန်ပြီးလုပ်ဖြစ်ခဲ့တာပါ။
ကျနော့် မိသားစုနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် အဖေက ကာတွန်းဆရာ အော်ပီကျယ်၊ အမေက ဒေါ်မီမီလွင်ပါ။ ပြီးတော့ ကျနော့်မှာ အစ်ကိုတယောက်၊ အစ်မတယောက်ရှိပါတယ်။ ကျနော့် အစ်ကို ကိုနိုဗယ်အောင် ဆိုရင်လည်း Animation လုပ်ပါတယ်။ သူက Graphic, Animation အဲဒီလို Creative အပိုင်းတွေ အကုန်လုပ်တယ်။
အဖေ့ဆီကနေ ဘယ်လိုပညာရပ်တွေ အမွေရလဲဆိုရင် သူကတော့ ကျနော့်ကို တိုက်ရိုက်ကြီး သင်ပေးတာမျိုးတော့ မဟုတ်ဘူး။သူကိုယ်တိုင်လည်း မအားတော့ မသင်ပေးဖြစ်ဘူးလေ။ ဒါပေမယ့် သူ နေ့တိုင်းလုပ်နေတဲ့ အလုပ်တွေကို ကျနော်ကြည့်နေရတော့ ကျနော့်အတွက် မသိမသာ သင်ပေးနေတဲ့အတိုင်းပဲ။
သူ့ အလုပ်တွေ ကြည့်ရင်းနဲ့ ကိုယ့်ဟာကိုယ် လေ့လာတယ်။ သူကလည်း အချိန်မရဘူးဆိုပေမယ့် ဒီစာအုပ်လေးတွေဖတ်၊ ဒါလေးတွေလုပ်ဆိုပြီး အကြံဉာဏ်ပေးပါတယ်။ အဲဒါလေးတွေ လိုက်လုပ်ရင်းနဲ့ အဖေ့ဆီကနေ ပညာတွေ အများကြီး ရခဲ့ပါတယ်။
ကျနော့် ဘဝရည်မှန်းချက်ကိုပြောပါဆိုရင် ကျနော်က အခု ဆေးကျောင်းတက်နေတော့ လက်ရှိ မြန်မာနိုင်ငံမှာက ပြည်သူတွေက ကျန်းမာရေးအသိ ချို့တဲ့ကြတယ်၊ ချို့တဲ့တော့ သူတို့ ကျန်းမာရေး အသိပညာ တိုးပွားလာအောင်ကျနော် လက်ရှိလုပ်နေတဲ့ အနုပညာအပိုင်းနဲ့ ဒီဘက်က ကျန်းမာရေးပိုင်းနဲ့ နှစ်ခုဖက်စပ်ပြီးတော့ နှစ်ခုပေါင်းပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိတဲ့အရာ တခုခု ကျနော်လုပ်ချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ Animation လောကကို ဘယ်လိုမြင်မိလဲဆိုရင် မြန်မာနိုင်ငံမှာက Animation လုပ်တဲ့သူ နည်းတယ်။လက်ချိုးရေလို့ရတယ်။ နောက်တခု မြန်မာမှာ နိုင်ငံခြားမှာလို Animation တက္ကသိုလ်တွေ သီးသန့်မရှိဘူးလေ။
Animation ကိုဝါသနာပါတဲ့သူတွေ အားလုံး တယောက်နဲ့ တယောက် ဖေးမကူညီရင်း၊ ပေါင်းပြီး လုပ်သွားမယ်၊ အကောင်အထည်ဖော်သွားမယ်ဆိုရင်တော့အခု အင်တာနက်ကလည်း ပွင့်လင်းလာပြီ၊ အင်တာနက်မှာလည်း အများကြီးလေ့လာသွားမယ်ဆိုရင် နောင်တချိန်မှာ မြန်မာနိုင်ငံရဲ့ Animation Culture က မြင့်မားလာမယ်လို့ ကျနော် ယုံကြည်ပါတယ်။
မြန်မာနိုင်ငံက လူငယ်ကဏ္ဍကို ဘယ်လိုမြင်မိလဲဆိုရင် လူငယ် အများစုက ပညာရေးစနစ်ကြောင့်လို့ ပြောရ မှာပေါ့၊ ကျောင်းမတက်နိုင်တဲ့သူက မတက်နိုင်ဘူး။ ကျောင်းတက်ချင်တဲ့သူကလည်း သူတို့ဝါသနာနဲ့ သူတို့တက်နေတဲ့ကျောင်းက မတူဘူး။ ကျောင်းပြီးသွားတဲ့သူကလည်း သူတို့မှာ အလုပ်အကိုင် အခွင့်အလမ်းက မသေချာတော့ ရတဲ့ ဘွဲ့နဲ့ လုပ်တဲ့ အလုပ်ကလည်း မတူပြန်ဘူး။ အဲဒီတော့ အကုန်လုံးကကို့ရို့ကားယား တွေဖြစ်နေကြတာပေါ့၊ လက်ရှိ ကျနော် အဲဒီလိုမြင်တယ်။
လူငယ် အားလုံးက ကိုယ်ဝါသနာပါရာကို ကိုယ်ရအောင်လုပ်မယ်၊ စွန့်လွှတ်သင့်တာကို စွန့်စားပြီး တကယ် ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင် တကယ် ကောင်းမှာပါ။ ပညာရေးစနစ်တွေလည်း နောင်တချိန်မှာ တကယ် ကောင်းလာမယ်လို့မျှော်လင့်ပါတယ်။ ကြိုးစားနေတဲ့ လူငယ်တွေကိုတော့ ဆက်လက်ကြိုးစားပါလို့ အားပေး တိုက်တွန်းချင်ပါတယ်။
သီဟတိုး
0 comments :
Post a Comment