ပြည်တွင်းမှာအစီးအများဆုံး Toyota Belta

Tuesday, August 25, 2015


photo - www.autogallery.com

အခုတစ်ပတ် ကျွန်တော် ပြောပြချင်တဲ့ မော်ဒယ်ကတော့ ဒီနေ့ခေတ် ပြည်တွင်းက လမ်းကြောင်းတွေပေါ်မှာ အတွေ့ရအများဆုံးမော်ဒယ်လို့်တောင်ဆိုနိုင်မယ့် Belta ပဲ ဖြစ်ပါတယ်။ ဇိမ်ခံတန်းဝင် မဟုတ်ပေမယ့် ဆီဒင် ဖြစ်နေတာကြောင့် ပွဲတက်အနေအထားလောက်ထိအောင် စီးနင်းနိုင်သလို ဈေးနှုန်းအပိုင်းမှာလည်း   အရမ်းကို ချိုတာကြောင့် လူစီးများတာဖြစ်ပါတယ်။

မော်တော်ကားအပ်နှံခွင့်နဲ့ Free Permit တွေ ခေတ်စားလာပြီး နောက်ပိုင်းမှာ တင်သွင်းလာတဲ့မော်ဒယ်ဖြစ်ပေမယ့် အခုဆိုရင် Belta တွေက နေရာတိုင်းမှာ တွေ့နေရ သလောက် အစီးရေအများအပြား ပြည်တွင်းမှာရှိနေပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်တွေ နည်းနည်း လောက်ပြောရမယ်ဆိုရင် ဈေးနှုန်းချိုတယ်၊ ဒီဇိုင်းပိုင်းလှတယ်၊ အသေးစားမော်ဒယ် ဖြစ်တာကြောင့် လမ်းကျပ်တဲ့ အနေအထားမှာ ကိုက်ညီတယ်၊ အင်ဂျင်အသေးစားစနစ်ကိုပဲ တပ်ဆင်ထားတာကြောင့် ဆီစားနှုန်းသက်သာတယ်၊ ရေရှည်စိတ်ချရမှုအသင့်ရှိတယ်၊ ခရီးဝေးမောင်းနှင်နိုင်မှု သင့်တင့်တယ်၊ တပ်ဆင် Featureပိုင်းတွေက အရမ်းမမြင့်ပေမယ့် တန်ကြေးနဲ့ လိုက်ဖက်အောင် ပြင်ဆင်ထည့်သွင်းထားမှုရှိတယ်၊ ဒီအချက်တွေကတော့ Belta ကိုဈေးကွက်မှာ လူကြိုက်များလာစေတော့တာဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါနော်။

မျက်နှာများတဲ့ မောင် …

မော်ဒယ် အနေနဲ့က ဈေးကွက်တစ်ခုချင်းစီမှာနာမည်တစ်ခုစီ ဖြစ်နေတာတခုကတော့ Belta ကို အခေါ်အဝေါ် ကွဲသွားစေပါတယ်။ ဈေးကွက်ရဲ့အနေအထားကို လိုက်ပြီးတော့ Yaris လို့လည်း ခေါ်သလို Vios လို့လည်း ခေါ်ပြန်ပါတယ်။ နောက်ပြီးအင်ဒိုနီးရှားတစ်နိုင်ငံတည်းကိုပဲ Taxi မော်ဒယ်အနေနဲ့ တင်သွင်းတဲ့ နေရာမှာလည်း Limo ဆိုတဲ့နာမည်တစ်ခုကို အဲဒီမှာပဲ ခေါ်တာကြောင့် သေချာပြောရမယ်ဆိုရင်တော့ Belta က နာမည်လေးခုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သိရသလောက်တော့ Toyota အနေနဲ့ Yaris မော်ဒယ် အမည် ကိုပိုပြီး အလေးထားအောင်မြင်အောင် ထုတ်လုပ်လာတာတွေ့ရပြီး နည်းပညာမြင့်ဖန်တီးမှုနဲ့ ဈေးကွက် ထိုးဖောက်မှုတွေကို ဥရောပဈေးကွက်ထိအောင် ခြေဆန့်လာတာ တွေ့ရပါတယ်။



သက်တမ်းအနေနဲ့ နုသေးတယ် …

တော်တော်များများ ကျွန်တော်တို့ ပြည်တွင်းဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်တွေက ရှေးကတည်းက သက်တမ်းရင့်အနေအထားနဲ့ ထုတ်လုပ်လာတဲ့ မော်ဒယ်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာToyota ထဲကဆိုရင်ပဲ RAV-4 တွေ Crown တွေဆိုရင် ပြည်တွင်းမှာလည်း အလွန်တရာ အစီးများတာ တွေ့နိုင်သလို မော်ဒယ်တွေက သက်တမ်းလည်းရင့်ပြီး မျိုးဆက်ပြောင်းလဲထုတ်လုပ်မှုတွေရှိခဲ့ပေမယ့် အခုBelta ကတော့ သက်တမ်းအရ ဆိုရင်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလကမှ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် အခုနှစ်ထဲ မှာမော်ဒယ်ရဲ့ ဆယ်နှစ်ပြည့် မွေးနေ့ရှိမှာဖြစ်ပြီး အခုလိုထုတ်လုပ်မှု သက်တမ်းဆယ်နှစ်အတွင်းမှာ မျိုးဆက်  ပြောင်းလဲ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်မှုမရှိတာကတော့ Belta အတွက် အားရစရာ မဟုတ်ပါဘူး။ ဂျပန်မှာဆိုရင် စတင် ထုတ်လုပ်တဲ့နှစ်ကနေ ၂၀၁၂ ခုနှစ် ဇွန်လထိအောင်ပဲ ထုတ်လုပ်ခဲ့တာ တွေ့ရပြီး ထုတ်  လုပ်မှုရပ်ဆိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာမှ ဂျပန် ပြည်ပဈေးကွက် အနေအထားမှာ လူကြိုက်လာတာကြောင့်   ပြည်ပဈေးကွက်အတွက် ဆက်လက် ထုတ်လုပ်နေတာ အခုချိန်ထိအောင် ဖြစ်ပါတယ်။

ထုတ်လုပ်မှု …

မော်ဒယ်ကို ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ပေမယ့် မော်ဒယ်နှစ်အနေနဲ့ကတော့ ဈေးကွက်တင်ရမယ့် အချိန်နဲ့ ကိုက်ပြီး ၂၀၀၆ ခုနှစ် မော်ဒယ်အနေနဲ့ စတင်ထုတ်လုပ်ခဲ့တာတွေ့ရပြီး ၂၀၁၄ခုနှစ် မော်ဒယ်ထိအောင်ပဲ နောက်ဆုံးထုတ်လုပ်ထားသေးတာတွေ့ရပါတယ်။ မော်ဒယ်တွေကိုတော့ အရင်က ဂျပန်မှာပဲ တပ်ဆင် ထုတ်လုပ်တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အာရှဈေးကွက်အတွင်းအခြေအနေကောင်းလာတာကြောင့် ထိုင်းနိုင်ငံမှာပါ စက်ရုံခွဲထားရှိ ထုတ်လုပ်နေတာဖြစ်တာကြောင့် နောက်ပိုင်းထုတ် မော်ဒယ်တွေထဲမှာ ထိုင်းဖြစ် မော်ဒယ်တွေ ပါလာတာ တွေ့ရတာပဲ ဖြစ်ပါတယ်။



မော်ဒယ်ရဲ့ အခြေခံ …

မော်ဒယ်ကိုတော့ Subcompact ဆိုတဲ့ ကိုယ်ထည်အရွယ်အစားနဲ့ အမျိုးအစား သတ်မှတ်ထားတာ တွေ့နိုင် ပြီးတော့ Compact ဆိုတဲ့ အနေတော်အရွယ်အစားထက်လည်း ငယ်တယ်၊ အသေးစား မော်ဒယ်ထက်လည်းကြီးတဲ့ ကိုယ်ထည်ဖြစ်ပြီး ဆလွန်းလို့လည်းလူသိများတဲ့ ဆီဒင်တန်းဝင် ဖြစ်ပါတယ်။ တံခါးလေးပေါက်စနစ်နဲ့ အင်ဂျင်အရှေ့ထိုင်စနစ်၊ ရှေ့ဘီးယက် မော်ဒယ် အနေနဲ့ပဲ လာပါတယ်။ Toyota ရဲ့ တည်ဆောက်မှု ပုံစံ B ကိုသုံးပြီး ဖန်တီးထားတာဖြစ်ကာ Vitz XP90 မော်ဒယ်နဲ့ တည်ဆောက်ပုံချင်း ဆက်စပ်ပါတယ်။ မော်ဒယ်အနေနဲ့ အရွယ်အစားတစ်မျိုးတည်းကိုပဲ ထုတ်လုပ်ပြီးတော့ ၄.၃ မီတာရှည်ပြီး ၁.၆၉ မီတာကျယ်အောင် ဖန်တီးထားသလို ၁.၄၆ မီတာ မြင့်ပါတယ်။ အတွင်းခန်းတည်ဆောက်မှုအတွက် အရေးပါတဲ့ ရှေ့ဘီးနဲ့     နောက်ဘီးထောက်ကြားပမာဏကတော့ ၂.၅၅ မီတာထိအောင်ရှိပါတယ်။

အင်ဂျင်၊ ဂီယာအထိုင်များ …

မော်ဒယ်ကို အခုချိန်ထိအောင် ရွေးချယ်နိုင်စရာ အင်ဂျင်စနစ်လေးမျိုးပဲ ထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပါတယ်။ အဲဒီစနစ်တွေကတော့ ၁.၀ လီတာသုံး 1KR-FE I3 အင်ဂျင်တပ်၊ ၁.၃ လီတာသုံး 2NZ-FE I4 နဲ့ 2SZ-FE I4 အင်ဂျင်တပ်၊ ၁.၅ လီတာသုံး 1NZ-FE I4 အင်ဂျင်စနစ်တပ်မော်ဒယ်တွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ၁.၃ လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေပဲ တွေ့နေရတာပါ။ အင်ဂျင်တွေကတော့ ၁.၀ လီတာသုံးက  မြင်းကောင်ရေ ၇၁ ကောင်အားထွက်ရှိပြီး ၁.၃ လီတာသုံး အင်ဂျင်တွေက ၈၄ ကောင်အား နဲ့ ၁.၅လီတာသုံး အင်ဂျင်စနစ်တွေကတော့ ၁၀၉ ကောင်အား ထွက်ရှိပါတယ်။ Transmission ပိုင်းမှာတော့ ဂီယာချက် ၄ ချက်ကို သုံးပြီးမောင်းနိုင်မယ့် Auto စနစ်နဲ့လည်း ဈေးကွက်ဝင်သလို Manual နဲ့လည်း လာပြီးတော့      ဂီယာချက် ၅ ချက်သုံး ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မော်ဒယ်ကို နည်းပညာပိုင်းအဆင့်မြှင့်မှု     တချို့အရ CVT စနစ်နဲ့လည်း ထုတ်လုပ်တာတွေ့ရပါတယ်။

လုံခြုံစိတ်ချရမှု …

အမေရိကန် အခြေစိုက် NHTSA ကတော့ သူတို့ဆီ ဈေးကွက်ဝင်လာတာနဲ့ မော်ဒယ်ကို ဘယ်လောက် စိတ်ချရသလဲဆိုတာ စစ်ထားပါတယ်။ သူတို့အဖွဲ့က ကမ္ဘာမှာကိုပဲ စိတ်အချရဆုံး စစ်ဆေးရေးအဖွဲ့ဆိုရင်လည်း မမှားပါဘူး။ စစ်ဆေးချက်ရလဒ်ကတော့ မော်ဒယ်နှစ် ၂၀၀၈-၀၉ ခုနှစ်တွေကို စိတ်ကြိုက်ပေးထားတာ တွေ့ရပြီး အဆိုပါ မော်ဒယ်နှစ်နဲ့ နောက်ပိုင်းမော်ဒယ်တွေက ရှေ့ဖက် ယာဉ်မောင်းအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ ယာဉ်မောင်းဘေးထိုင်ခုံအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ နောက်ဖက် ထိုင်ခုံတန်းအတွက် စိတ်ချရမှု ကြယ်လေးပွင့်နဲ့ တစ်စီးလုံးအတွက်ကိုတော့ ကြယ်လေးပွင့်ထိအောင် ပေးထားတာ တွေ့ရပါတယ်။

သိကောင်းစရာတချို့ …

မော်ဒယ်ကိုတော့ Yaris လို့ လူသိများတဲ့ မြောက်အမေရိကနဲ့ သြစတြေးလျမှာ ဈေးကွက်အထူး အောင်မြင် လူကြိုက်များသလို တောင်အာရှမှာတော့ Vios အနေနဲ့လူသိကြပါတယ်။  ဂျပန်ဈေးကွက်အတွက်ကလွဲလို့ ကျန်တဲ့ အာရှဈေးကွက်အတွက် Vios အမည်နဲ့ မော်ဒယ်ကို ထိုင်းနဲ့ ဖိလစ်ပိုင်မှာ တပ်ဆင်ထုတ်လုပ်ပါတယ်။ ဂျပန်အပါအ၀င် အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းဈေးကွက်အတွက်ကိုတော့ Belta နာမည်နဲ့ပဲ ဂျပန်မှာ ထုတ်ပါတယ်။ ဒီတော့ ပြည်တွင်းမှာYaris အနေနဲ့ပဲ ဖြစ်ဖြစ်၊ Vios အနေနဲ့ပဲ ဖြစ်ဖြစ်၊ Belta အနေနဲ့ပဲဖြစ်ဖြစ်၊ တွေ့လာခဲ့ရင် ခွဲခြားနိုင်မှာက Yaris အတွက်ဆိုရင် ဂျပန်ထုတ်များသလို Belta အနေနဲ့လည်းဂျပန်ထုတ်  ဖြစ်ကာ Vios ဆိုရင်တော့ ထိုင်းထွက်ဆိုတာမှတ်ထားဖို့ လိုပါလိမ့်မယ်။ Belta ဆိုတဲ့ နာမည်ကတော့ အီတလီစကား Bella Gente ကိုအတိုကောက်ယူထားတာဖြစ်ပြီးတော့ အဓိပ္ပာယ်က လှပသောလူလို့ ပြောလို့ရပါတယ်။ ကဲ .. ဒါလောက်ဆိုရင်တော့ ကျွန်တော်တို့ မျက်စိရှေ့မှာပဲရှိနေတဲ့ Belta တွေရဲ့ သမိုင်းနဲ့ သိထားသင့်တဲ့အချက်လေးတွေ ကောင်းကောင်းမှတ်ထားနိုင်လောက်ပြီလို့ ထင်ပါတယ်နော်။


လင်းထက်(IA)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved