“တွေးခေါ်စဉ်းစားပြီးပရိသတ်ရယ်ရတဲ့ ပြကွက်ကိုပဲ ပြတယ်”

Wednesday, October 21, 2015





လင်းဏေ
၂၇ နှစ်
မျက်လှည့်ပညာရှင်

ကျနော့်ဇာတိက စစ်ကိုင်းတိုင်းရွှေဘိုခရိုင် ဝက်လက်မြို့နယ်ကပါ။ ကျနော် မျက်လှည့်ပညာကို စိတ်ဝင်စားခဲ့တာက ၁၉၉၅ ခုနှစ်က TV Channel ဆိုလို့ မြန်မာ့ရုပ်မြင်သံကြားတခုတည်းရှိနေတဲ့ အချိန်တုန်း ကပေါ့။ အဲဒီမှာကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးရဲ့ မျက်လှည့်တွေကို အပတ်စဉ်ပြတယ်လေ။ အဲဒီမှာကျနော် အပတ်စဉ် စောင့်ကြည့်ရင်းနဲ့ စိတ်ဝင်စားလာတယ်။ ဘေးကလူတွေက ဘာပြောလဲဆိုတော့ သူက သာမန်လူမဟုတ်ဘူး၊ မှော်အောင်ထားတာပေါ့။ ဒါကို ကျနော်က လက်မခံဘူး၊ ဒါဟာ မျက်လှည့်ပညာပဲ၊ ငါလည်းသင်ရင်ရတယ်ဆိုပြီး အဲဒီမှာမျက်လှည့်ပညာကို စပြီးစိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာ အင်တာနက်တွေ၊ စာအုပ်တွေမှ မရှိသေးဘူး။ ပိုဆိုးတာက မြန်မာပြည်မှာတောင် မျက်လှည့်ဆရာတွေက လက်ချိုးရေလို့ ရတဲ့အချိန်လေ။ နောက်ပြီး ကျနော်က ရန်ကုန် မန္တလေးလို မြို့ပြကြီးမှာနေတာ မဟုတ်ဘူးလေ။ နယ်မြို့လေးမှာနေတဲ့အတွက် စာအုပ်စာပေဆိုတာလည်း ကျနော်တို့ဆီမှာရှားပါးတယ်။ ရှေးက မြန်မာယောက်ျားတွေ တတ်အပ်တဲ့ အဌာရသ ၁၈ ရပ်မှာ မျက်လှည့်ပညာဆိုတာပါတယ်။ မျက်လှည့်ပညာက အမှန်အတိုင်းပြောရရင် လူတွေနဲ့ သိပ်မစိမ်းဘူးလေ။

အဲဒီမှာ ဘယ်နေရာဘယ်လို မျက်လှည့်လေးတွေ ပြနေတယ်ဆိုရင် အဲဒီနေရာကို ချက်ချင်းပြေးပြီး ကျနော်ကိုသင်ပေးပါ၊ သင်ပေးပါဆိုပြီး တခုရလာတယ်။ အဲဒီလိုနဲ့ သင်လာခဲ့တယ်။ သူတို့ကလည်း တကယ့် ပရော်ဖက်ရှင်နယ် မျက်လှည့် ဆရာကြီးတွေ မဟုတ်ဘူး ဒီလိုပဲသာမန် အရပ်သားတွေပဲ။ အဲဒါကို ကျနော်က သူတို့ဆီက နည်းနည်းဆီသင်လာခဲ့တာ။ ကျနော် ကိုယ်တိုင်ကလည်း ပါရမီပါတဲ့အတွက် သူတို့သင်ပေးတဲ့ ပြကွက်လေးတွေမှာ ဟိုပြကွက်နဲ့ ဒီပြကွက်နဲ့ ပေါင်းတယ်၊ ပြကွက်အသစ်လေးတွေ ထွင်တယ်။ သူငယ်ချင်းတွေကို ပြဖြစ်တယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ၊ စုံညီပွဲတော်မှာ ဆရာမတွေက မျက်လှည့်ပါဆိုလို့ စင်ပေါ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပြခဲ့ဖူးတယ်။ ဒီလိုနဲ့ ကျနော် ၁၉၉၇ ခုနှစ် လောက်ရောက်မှ ဆရာဝမ်းတင်လို့ခေါ်တဲ့ မျက်လှည့်ဆရာတယောက်၊ သူကကျနော်တို့ ဇာတိဘက်ကို အလည်လာရင်းနဲ့ ကျနော်က စိတ်ဝင်စားမှန်း သိတော့ ကျနော့်ကိုခေါ်တယ်။ အဲဒီမှာ ဆရာ့ဆီရောက်တော့ ဆရာက ကျနော့်ကို သဘောကျပြီး ဉာဏ်ပူဇော်ခ   တြ ပားမှမယူဘဲနဲ့ မျက်လှည့်ပညာနဲ့ ပတ်သက်တဲ့ အနှစ်သာရတွေ၊ ပညာတွေအကုန် သင်ပေးခဲ့တယ်။ အဲဒီမှာ ကျနော် မျက်လှည့်ပညာနဲ့ ပတ်သက်ပြီး သေချာသင်ယူခဲ့ရတယ်။ ကျနော်ကအဲဒီမှာ ကျောင်းသွားရင်လည်း ပုဆိုးနဲ့ အင်္ကျီဝတ်ရတာကို ကျနော်ကမျက်လှည့် ဆရာဆိုပြီးမှော်ဆန်ဆန်တွေ ဝတ်ချင်ခဲ့တာ။ အဲဒီတော့ ပုဆိုးအောက်က ဘောင်းဘီရှည်ကို ခံဝတ်တယ်၊ အပေါ်ကလည်း လောင်းကုတ် အင်္ကျီကိုထပ်ဝတ်တယ်။

လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေပါသလို၊ တဝက်လောက်က မျက်လှည့်ပစ္စည်းတွေ ပါလာတာ။ အားရင်လည်း ကျောင်းမှာသူငယ်ချင်းတွေကို မျက်လှည့်တွေပြနေတာ။ အားရင်အားသလို မျက်လှည့်ပဲ ပြနေတာ။ နောက်ပိုင်းကျတော့ မျက်လှည့်ပြရင် တယောက်ကိုဘယ်လောက်ဆိုပြီး ယူပြီးတော့ မျက်လှည့်အတွက် လိုတဲ့ပစ္စည်းတွေ ကျနော် ပြန်ဝယ်ခဲ့တာ။ အဲဒီလောက်အထိ ရူးသွပ်တော့ ကျောင်းစာဘက် အားနည်းလာတယ်။ အဲဒီမှာအိမ်က အဖေနဲ့ အမေက ဒီလိုလုပ်တာကို မကြိုက်ကြဘူး။ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ ခုနှစ်လောက်အထိ ကျနော်မျက်လှည့်ကို စိတ်ဝင်စားနေပြီး လုပ်နေမှန်းသူတို့မသိဘူး။ ကျနော် ကျောင်းမှာအဆင့်တွေကျလာတော့မှ အဖေကဘာတွေလုပ်နေမှန်းသိတာ။

အဲဒီမှာအဖေကလည်းဆရာဝန် ဆိုတော့ ကျနော့်ကိုသူကပညာရေးဘက်ကိုပဲထူးချွန်စေချင်တာလေ။ အဲဒီမှာမျက်လှည့် မပြရတော့ဘူး ဆိုပြီး အဖေကကျနော့်ရဲ့ မျက်လှည့်ပစ္စည်းတွေ အကုန်လုံးကို မီးရှို့ပြီး ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီမှာ ၈ တန်းနှစ် ကျောင်းသားစုံညီပွဲတော်မှာ သူငယ်ချင်းတွေက မျက်လှည့်ဝင်ပြဖို့ ပြောတယ်။ အဲဒီမှာအဖေ့ကို အဖေ ပြချင်တယ် ပြောတော့၊ အဖေကမင်းပြချင်ရင် ဒီလစာမေးပွဲမှာအဆင့် ၁၊ ၂၊ ၃ ဝင်ရမယ်တဲ့၊ ပြီးတော့ ဝင်ရင်လည်းဒီတခါပဲ ပြရမယ်လို့ ပြောတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ကျနော့်ဦးနှောက်က စာလိုက်နိုင်တယ်။ အဲဒီမှာကျနော် စာလုပ်တာမျက်လှည့်ပြချင်စိတ်နဲ့ လုပ်တာလေ။ ထူးဆန်းတယ်၊ အဲဒီမှာ ကျနော်အဆင့် ၂ ရတယ်။ ဆရာမတောင် အံ့သြသွားတယ်။ ဟယ်၊ နင်ဘယ်လိုများဖြေလိုက်တာလဲ၊ မျက်လှည့်ပြပြီး ဖြေလိုက်တာလားလို့လေ။ အဖေကလည်း ကျနော့်ကိုအံ့သြသွားတယ်။ အဲဒီမှာအဖေလည်း နားလည်သွားတယ်။ သားကိုမျက်လှည့်မပြဖို့ အတင်းတားမြစ်ရင် ဖြစ်မှာမဟုတ်ဘူးဆိုတာကို။ အဲဒီမှာ အဖေက မင်းစာလည်းတော်ရင် မျက်လှည့်ပြတဲ့အခါ မင်းကိုပိုအထင်ကြီးကြမယ်ပြောတော့ ပိုလည်း ကြိုးစား ဖြစ်လာတယ်။

မျက်လှည့်ပညာကဘာသာရပ်တွေ အများကြီး ဖြစ်တဲ့အတွက် ဆရာတယောက်တည်းဆီမှာမဟုတ်ဘဲ၊ ဆရာတွေ အများကြီးဆီမှာ ကျနော်သင်ဖြစ်တယ်။ ဆရာအာလာဒင်၊ ဆရာစက္ကောမတို့၊ Mr. Top တို့၊ ကျန်တဲ့ ကျနော့်ရဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေလည်းအများကြီးပါပဲ။ ကျနော် ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ဟိုကခေါ်ပြ၊ ဒီကခေါ်ပြနဲ့နေရင်း ပွဲအတွေ့အကြုံတွေ ရလာတယ်။ စင်ပေါ်မှာပရိသတ်နဲ့ ဘယ်လိုပြောရမယ်ဆိုတာ သိလာတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မြို့ကိုစက်မှု ၁ ဝန်ကြီးဌာနက ဈေးရောင်းပွဲတော် လာလုပ်တယ်။ အဲဒီမှာ မြို့က လူကြီးတွေကပြောတယ်၊ ငါတို့မြို့မှာမျက်လှည့်ပြတတ်တဲ့ လူငယ်တယောက်ရှိတယ် အဲဒါ ခေါ်ပြကြည့်ပါလားလို့ ပြောတယ်။ အဲဒါနဲ့ သူတို့နဲ့ စစ်ကိုင်းတိုင်း အတွင်း မျက်လှည့်လိုက်ပြတယ်။ အဲဒီတုန်းက တခါပြရင် ငွေတသောင်းရတယ်။

ရန်ကုန်ကိုရောက်လာတာက ကျနော်ဆယ်တန်းဖြေပြီးပြီဆိုတဲ့အချိန်ကျတော့ ကျနော့်အိမ်ကိုခွင့်တောင်းတယ်။ အဲဒီမှာ အဖေကလည်းခွင့်ပြုတာနဲ့ ကျနော် ရန်ကုန်ကိုရောက်လာတယ်။ ရန်ကုန်မှာ ကျနော် တောင်ဥက္ကာလာမှာ နေတယ်။ အဲဒီမှာသစ္စာလမ်းပေါ်က မိုးကောင်းဘုရားပွဲရှိတယ်လေ၊ ဇာတ်တွေလည်း ကကြတယ်။ အဲဒီမှာဇာတ်မင်းသားလေးဖိုးချစ်တို့ပွဲရှိတယ်။ ကျနော့်အစ်ကိုတယောက်နဲ့ ကိုဖိုးချစ်နဲ့က ရင်းနှီးတယ်။ အစ်ကိုပြောပေးဆိုတာနဲ့ အဲဒီမှာမျက်လှည့် စပြဖြစ်တယ်။ ရန်ကုန်မှာဆိုရင် ပထမဦးဆုံး ပရော်ဖက်ရှင်နယ်ပွဲကို ကိုဖိုးချစ်ပွဲမှာစပြီးပြဖြစ်ခဲ့တယ်။ သူလည်းသဘောကျတယ်၊ အဲဒီမှာကျနော့် အစီအစဉ်လေးတိုးလာတယ်။ အဲဒီနောက်ပိုင်း ကျနော့်ကို နည်းနည်းသိလာကြပြီး ပွဲတွေအတွက် လာပြဖို့ ဖုန်းဆက်ခေါ်ကြနဲ့        လင်းဏေဆိုပြီးနာမည်လေးတခု ရလာတယ်။

မျက်လှည့်ပညာဆိုတာမျက်လှည့်ဆရာတွေ ပြနေကျ ပြကွက်တွေရဲ့ သဘောတရားကတော့ အကုန်လုံး တူတူပါပဲ။ ဒီပြကွက်ကို ဘယ်သူတီထွင်ခဲ့လဲဆိုပြီး သီးခြား    ကြီးကွဲထွက်နေတာမရှိပါဘူး။ အဓိက Performance ကို ပြတယ်လို့ ဆိုကြတယ်ပေါ့။ တီထွင်ကြံဆမှုလည်းပါတာပေါ့။ ကျနော်ဆိုရင် မျက်လှည့်ပြတာကို မျက်လှည့်ဆရာက တကယ့်ကိုကြောက်စရာ၊ နောက်ကလည်း ပြင်ဆင်ထားတာက ကြောက်စရာပုံစံမျိုး မကြိုက်ဘူး။ ကျနော်ဆိုရင် ကြည့်ရှုတဲ့ ပရိသတ် တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ နောက်က ဒစ္စကို မြူးဇစ် ကောင်းကောင်းဖွင့်ပြီး ဝတ်စားတာလည်း ဒီဘက် အပြင်ကသူတွေ ဝတ်တဲ့အတိုင်းပဲ ကျနော်ဝတ်တယ်။ နောက်မှာ သရဲပုံတွေ၊ ဝိဉာဉ် ပုံတွေ ကျနော်မကြိုက်ဘူး။ သာမန် လူထဲက လူတယောက်ပုံစံနဲ့ပဲ ကျနော်နေတယ်၊ ဖျော်ဖြေတယ်။ တွေးခေါ်စဉ်းစားပြီးပရိသတ် ရီရတဲ့ ပြကွက်ကိုပဲကျနော်ပြတယ်။ မျက်လှည့်နဲ့ ပတ်သက်ရင်လည်းကျနော် သင်တန်းဖွင့်ထားတယ်။ ဒါကြောင့် Facebook မှာလည်းမျက်လှည့်ပညာဆိုတဲ့ အကောင့်လေးတခုဖွင့်ထားပါတယ်။ မျက်လှည့်ပညာကိုတကယ် စိတ်ဝင်စားတဲ့ သူတွေကိုပြောပြပေးတယ်၊ အကြံလေးတွေ ပေးဖြစ်တယ်။ အပြင်မှာတွေ့ချင်လည်းဖုန်းနံပါတ် ဘယ်လောက် ဘယ်လောက်ကိုဆက်ပါ ချိန်းပြီးကျနော်သင်ပေးတယ်။ မျက်လှည့်ပညာမတိမ်မြုပ် မပျောက်ကွယ်အောင် လုပ်ရပါတယ်။ Skynetမှာလည်းကျနော်တို့ MYM (Myanmar young Magician) ဆိုပြီးကဏ္ဍလေးတခုရှိပါတယ်။ အဲဒါကလမ်းသွားရင်းလမ်းသွားလမ်းလာတွေကို ပြတဲ့ ပုံစံလေးပါ။ အဲဒါလေးကအပတ်စဉ် သောကြာနေ့တိုင်းညနေခြောက်နာရီခွဲကနေခုနစ်နာရီအထိပြပါတယ်။

ဒီမျက်လှည့်ပညာဟာလည်းအနုပညာတခုပါပဲ။ တတ်ထားရင် သူငယ်ချင်းတွေကို ပြချင်ရင်လည်းပိုပြီးရင်းနှီးမှု တခုကို ဖြစ်စေပါတယ်။ အိမ်မှာမောင်နှမတွေ ရှိရင်လည်းမောင်နှမတွေပျော်အောင်၊ ကျောင်းမှာလည်းကန်တင်းလေးထိုင်နေတုန်းသူငယ်ချင်းတွေကိုပဲ ပြပြ၊ ဒါဟာရင်းနှီးမှုကိုပိုပြီး ဖြစ်ပေါ်စေတယ်။ တတ်ထားရငလည်းမမှားတဲ့ ပညာရပ်လေးတခုပါ၊

မျက်လှည့်ပညာနဲ့ပတ်သတ်ပြီးကျနော်ရည်ရွယ်ချက်တွေကအခုလက်ရှိကျနော်ရဲ့ မျက်လှည့်ကဏ္ဍလေးကိုSkynetမှာ ပြနေပေမယ့် ဒါက Free to air မဟုတ်သေးဘူးလေ။ လူအများကြည့်တဲ့ Free to air ဖြစ်တဲ့ MRTV 4 တို့လို Channel တခုခုမှာ ပြနိုင်အောင် ကျနော် ကြိုးစားမှာပါ။ ဒါကကျနော်ရဲ့ကိုယ်ပိုင် ရိုက်ကူးရေးအဖွဲ့နဲ့ တူတူရိုက်ကူး ပြီးတော့ပေါ့။ နောက်တခုကကျနော့်အိပ်မက်ကမျက်လှည့်ဆိုတာတီဗီဖန်သားပြင်မှာ ကြည့်ရတာထက်စာရင် အပြင်မှာကြည့်ရတာပိုပြီးလတ်ဆတ်မှုရှိတယ်၊ အံ့သြစရာကောင်းတယ်။ အပြင်မှာတိုက်ရိုက် ကြည့်နိုင်ဖို့အတွက် မြန်မာတပြည်လုံးကိုပြသနိုင်ဖို့ မကြာခင်မှာနယ်လှည့်ပြီးကွန်တိန်နာမိုဘိုင်းပုံစံနဲ့ နယ်လှည့်ပြဖို့ အစီအစဉ်တွေ ရှိတယ်။ ဒါကကျနော်ရည်ရွယ်ချက်ပါ။

အခုလက်ရှိကျနော်တို့ မြန်မာနိုင်ငံကမျက်လှည့်ပညာရှင်တွေ အသုံးချနေတဲ့ ပစ္စည်းတချို့က နိုင်ငံခြားက ဖြစ်တယ်။ တချို့ပစ္စည်းတွေကကျနော်တို့နိုင်ငံအတွင်းမှာလုပ်ယူလို့ မရနိုင်တာတွေရှိတယ်။ အဲဒါတွေအတွက် ကျနော်တို့က နိုင်ငံခြားကနေလှမ်းပြီးအော်ဒါတွေမှာရတယ်။ ထိုင်ဝမ်တို့၊ ထိုင်းတို့ကပေါ့။ ဒီထက်ပိုပြီးကောင်းတဲ့ ပစ္စည်းတွေ ရဖို့အတွက်လည်းအနောက်နိုင်ငံကနေလှမ်းပြီးအော်ဒါမှာရတယ်။ အခုဆိုရင် Facebook တို့၊ Youtubeတို့မှာလည်း နိုင်ငံခြားကမျက်လှည့်ပညာရှင်တွေ နဲ့လည်း Friend တွေ ဖြစ်ပြီးရင်းနှီးနေပါပြီ။ စကားတွေပြောဖြစ်တယ်။

သူတို့ကလည်းသူတို့နိုင်ငံမှာမျက်လှည့်လာပြဖို့ ကမ်းလှမ်းလာတာတွေ ရှိတယ်။ တချို့မြင့်တဲ့ နည်းပညာတွေ အတွက်ကသူတို့နဲ့ပေါင်းပြီးလေ့လာနိုင်အောင် နိုင်ငံခြားအထိသွားပြီးလေ့လာဖို့လည်းရှိပါတယ်။ အဲဒီလိုသူတို့နဲ့လေ့လာဆွေးနွေးရင်တော့ ကျနော်တို့နိုင်ငံရဲ့ မျက်လှည့်ပညာလည်းပိုပြီးတိုးတက်လာမှာပါ။ နောက်ပြီးမျက်လှည့် ပြိုင်ပွဲတွေကလည်း နိုင်ငံတကာမှာရှိပါတယ်။ အရှေ့တောင်အာရှ သီးသန့်ပြိုင်ပွဲတွေလည်းရှိတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေအနေနဲ့ကကမ္ဘာ့ပြိုင်ပွဲတွေအထိချက်ချင်းကြီးဝုန်းဒိုင်းကြီးမရောက်နိုင်ပေမယ့် အရှေ့တောင်အာရှကတော့ မကြာခင်မှာရောက်နိုင်အောင်၊ ဖျော်ဖြေနိုင်အောင် ကျနော်တို့် ကြိုးစားနေပါတယ်။ လက်ရှိရပ်တည်နေတဲ့ အနေအထားအရကျနော်ကကုန်ပစ္စည်းပွဲတွေ၊ Promotion ပွဲတွေနဲ့ Junction square စတာတွေမှာအမြဲတမ်းလိုလိုဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။

ကြိုးစားနေတဲ့ လူငယ်တွေကိုပြောချင်တာကကိုယ်လေ့လာနေတဲ့ ပညာရပ်ကိုလေ့လာပါ။ တကယ်စိတ်နဲ့  လုပ်မယ်ဟေ့ဆိုတဲ့ စိတ်ရှိရင် တကယ်ဖြစ်ပါတယ်။ ဖြစ်အောင်လည်းလုပ်ပါ။ ဖြစ်မှာပါ။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved