နိုင်ငံရဲ့ ပျော်ရွှင်ချမ်းမြေ့မှု စံနှုန်းနဲ့ အုပ်ချုပ်တဲ့ ဘူတန်နိုင်ငံ

Friday, November 6, 2015


photo- india.blogspot.nytimes.com

ဟိမ၀န္တာဒေသ ဘူတန်နိုင်ငံက ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ထက်ကစာရင် ပိုပြီးတော့ ပျော်ရွှင်လာကြတယ်လို့ လူမှု ဘ၀ လေ့လာမှုဆိုင်ရာ စစ်တမ်းတခု အရသိရပါတယ်။ စစ်တမ်း ကောက်ယူတဲ့ အချက်တွေထဲမှာ သူတို့တွေ အိပ်ရေး၀၀ အိပ်ကြရသလားဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာရှိပြီး ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ ဘူတန်နိုင်ငံမှာ  Gross National Happiness (GNH) လို့ ခေါ်တဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု ညွှန်းကိန်းကို ၂၀၁၀ ခုနှစ်မှာ စတင်     ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းတာတဲ့ အချက်အလက်တွေထဲမှာ GDP ကိုတော့ ထည့်သွင်းတွက်ချက်မှု မပြုပါဘူး။အနားယူချိန်နဲ့ ပြည်သူတွေ ဒေါသ၊ မနာလို ၀န်တိုမှု စတဲ့ မကောင်းတဲ့ ခံစားချက်တွေ ခံစားရခြင်း ရှိမရှိ ဆိုတာမျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ပါတယ်။

မြို့တော် Thimphu မှာ နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်တဲ့ GNH ဆိုင်ရာ ကွန်ဖရင့်တခုမှာ ၀န်ကြီးချုပ် Lyonchoen Tshering Tobgay က ညွှန်းကိန်းက ၂၀၁၀ ခုနှစ်မှာ ၀.၇၄၃ ရှိခဲ့ရာက အခုနှစ်မှာ ၀.၇၅၆ ဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါက ကောင်းမွန်တဲ့တိုးတက်နှုန်းတခုလို့ ဆိုနိုင်မလား ဆိုတာ ကိုတော့ သူမသိသေးပါဘူး လို့ဆိုပါတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ ဘူတန်နိုင်ငံရဲ့ ရည်ရွယ်ချက်က နိုင်ငံသားတိုင်း လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နိုင်ဖို့ ဖြစ် ပါတယ်။ လက်ရှိကိန်းဂဏန်း အချက်အလက်တွေအရတော့ ပျော်ရွှင်မှု ၄၃.၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

 “လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးနဲ့ အချိန် သုံးစွဲနိုင်မှုလိုမျိုး ကဏ္ဍတွေမှာ တိုးတက်မှု အတော်အသင့် ရှိလာတာကို ကျနော်တို့ တွေ့ရပါတယ်။” လို့ သူကပြောပါတယ်။ ဘူတန်ပြည်သူတွေဟာ ၂၀၁၀ ခုနှစ်ထက်စာရင် ၂၀၁၅ ခုနှစ်မှာ ၇ ရာ ခိုင်နှုန်း ပိုပြီး အိပ်ရေး ၀လာကြတယ်လို့လည်း သိရပါတယ်။

၁၉၆၀ ခုနှစ်တွေအထိ နိုင်ငံသုံး ငွေကြေးမရှိ၊ တယ်လီဖုန်းမရှိ၊ ကျောင်း၊ ဆေးရုံစတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ မရှိဘဲ အထီး ကျန် နေခဲ့တဲ့ ဘူတန်နိုင်ငံရဲ့ အသားတင် နိုင်ငံဝင်ငွေ (GNI) တိုးတက်မှုက ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် အတွင်းမှာ တခြား တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းစာရင် မှန်မှန်မြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ သိရပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Jawaharlal Nehru တက္ကသိုလ်က တောင်အာရှလေ့လာရေးဌာနက ဆရာတ ယောက်ဖြစ်ပြီး ဘူတန်အစိုးရရဲ့ အကြံပေးတဦးဖြစ်တဲ့ Rajesh Kharat ကတော့ GNH ရဲ့ အကျိုးကျေးဇူးတွေက ဆက် သွယ်ရေး ပိုကောင်းတဲ့ မြို့ပေါ်တွေမှာပဲ အကန့်အသတ်နဲ့ ရှိနေတယ်လို့ ပြောပါတယ်။

 “GNH က နိုင်ငံတကာမှာ ရေပန်းစားလာပါပြီ။ ဒါပေမယ့် ကျေးလက်ပြည်သူတွေဆီကို မရောက်သေးပါဘူး။” လို့ Rajesh Kharat ကပြောပါတယ်။

 “အဓိက ကတော့ ပညာရေးပါပဲ။ ကျေးလက်မှာ နေတဲ့ပြည်သူအများစုက ဘူတန်နိုင်ငံဟာ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ လား၊ ဒီမိုကရေစီ နိုင်ငံလား ဆိုတာကို တောင် နားမလည်ကြပါဘူး။” လို့ သူက ဆိုပါတယ်။

Lyonchoen Tshering Tobgay ကလည်း GNH ဟာ မြို့ပေါ်တွေမှာပဲ အားကောင်းပြီးတော့ တောင်ကြားတွေ၊ ကွင်းပြင် တွေနဲ့ ကုန်မြင့်တွေမှာ နေထိုင်သူတွေအတွက်ကတော့ မရေမရာပဲရှိပါသေးတယ်လို့ ပြောပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံ တခုဖြစ်ပြီးတော့ လုပ်သား အင်အားထုရဲ့ တ၀က်က စိုက်ပျိုးရေး ကဏ္ဍမှာပဲ အလုပ်လုပ်နေရတဲ့ နိုင်ငံတခုအတွက် စိုးရိမ်စရာလည်းဖြစ်ပါတယ်။

 “ကျေးလက်ဒေသတွေမှာလည်း GNH အားကောင်းလာအောင် ကျနော်တို့ နည်းလမ်းတွေရှာရပါမယ်။ ဒါမှ ကျနော်တို့ရဲ့ လှပတဲ့ကျေးရွာတွေမှာ နေထိုက်ကြတဲ့ လူငယ်တွေဟာ မြို့ပေါ်က အလင်းရောင်တွေကိုပဲ တမ်းတမက်မောပြီး မျှော် လင်းနေမယ့်အစား သူတို့ရဲ့ အသက်မွေးမှုအလုပ်တွေနဲ့ မိသားစုဘ၀တွေကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။” လို့ လည်း ၀န်ကြီးချုပ် Lyonchoen Tshering Tobgay က ပြောပါ တယ်။


Ref : Reuters

ကိုးကားသတင်း။ ။ http://www.channelnewsasia.com/news/entertainment/bhutanese-getting-more-sl/2236488.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved