Karaoke World Championships-Asia ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအဆိုရှင် 2nd Runner Up ရရှိ

Friday, November 6, 2015


KWC ရဲ့ 2nd Runner up ကို ရရှိခဲ့တဲ့ အဆိုရှင် ဆုထက်လှိုင်

မြန်မာနိုင်ငံမှ အဆိုရှင် ဆုထက်လှိုင်ဟာ အောက်တိုဘာ ၉ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ KWC (Karaoke World Championships-Asia) ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး 2nd Runner up ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အဲ့ဒီပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပခဲ့တာဖြစ်ပြီး အာရှ ၁၃ နိုင်ငံကိုယ်စားပြု ချန်ပီယံများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆုထက်လှိုင်က ဒီပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံတွင် အောက်တိုဘာ ၃ ရက်နေ့ကပြုလုပ်တဲ့ Myanmar KWC Champion ပြိုင်ပွဲမှာ  ချန်ပီယံဆုကို ရရှိခဲ့တာကြောင့် အင်ဒိုနီးရှားမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။



တခြားနိုင်ငံများကလည်း ၎င်းတို့ ပြည်တွင်းပြိုင်ပွဲတွေကျင်းပပြီး နိုင်ငံကိုယ်စားပြုလာရောက်ယှဉ်ပြိုင်ဖို့ KWC ချန်ပီယံ ၁ ဦးစီ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ် ။

ဒီ KWC (Asia) ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲကျင်းပခဲ့တာတော့ ၁၃ကြိမ်ရှိပြီဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ချန်ပီယံ ဆုကို အင်ဒိုနီးရှား၊ 1st Runner Up ကို ဂျပန်နဲ့ 2nd Runner Up ကိုတော့ မြန်မာနိုင်ငံက ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာကိုယ်စားပြု အဆိုရှင် ဆုထက်လှိုင်ဟာ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာကျော်အဆိုတော် ဘီယွန်ဆေးရဲ့ Halo သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 2nd Runner Up ဆုကို ရရှိခဲ့တာပါ။



ဒါ့အပြင် ဆုရရှိခဲ့တဲ့ ဆုထက်လှိုင်ဟာ KWC (World) အဆင့်ပြိုင်ပွဲကို ဆက်လက်ပြီးသွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီပွဲကိုတော့ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်ထိ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါ တယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved