ဒီဇင်ဘာမှာခရီးသွားကြမယ်ဆိုရင်

Tuesday, December 8, 2015


ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်(ဓာတ်ပုံများ- ဂျေပိုင်/The Irrawaddy)

အခုဆိုရင် ချိုမြိန်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ Sweet December လထဲကိုရောက်ရှိလာပြန်ပါပြီ။ ဒီ   ဇင်ဘာလဆိုရင် ခရစ်စမတ် အချိန်ကာလ အားလပ်ရက် ရုံးပိတ်ရက်ရှည်၊ ကျောင်းပိတ်ရက်ရှည်ကာလတွေ ဖြစ်တာကြောင့် ခရီးထွက်ရတာ ၀ါသနာပါတဲ့ ခရီးသွား ကိုကို၊ မမတွေ ရက်ရှည်ခရီးသွားဖို့ အစီအစဉ်တွေ ခုကတည်းက ကြိုတင်ပြင်ထားနေကြပါပြီ။


ဒီအချိန်က ခရီးသွားရာသီဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပမှာပါ သွားစရာခရီးစဉ်တွေနဲ့ လည်ပတ်စရာ၊   ဈေးဝယ်စရာနေရာတွေလည်း အစုံအလင်ပါပဲ။ ဒီတပတ် ဧရာဝတီရဲ့ ခေတ်ရေစီးကဏ္ဍကနေ ခရီးသွား ချစ်သူတွေအတွက် ဒီဇင်ဘာလအတွင်းမှာ သွားရောက်လည်ပတ်၊ ဈေးဝယ်ထွက်လို့ ကောင်းမယ့် ပြည်တွင်း၊   ပြည်ပက ခရီးစဉ်နေရာဒေသတချို့ကို ပြောပြပေးချင်ပါတယ်။

ပြင်ဦးလွင် ပွဲကောက်ရေတံခွန်

ဒီဇင်ဘာဆိုရင် ရန်ကုန်မြို့နဲ့ နီးနီးနားနား၊ မန္တလေးမြို့ကနေဆိုရင်လည်း တိုက်ရိုက်သွားလို့ရမယ့် ပြည်ပခရီးစဉ်၊ ထိုင်းနိုင်ငံကိုအလည်သွားပြီး ဘန်ကောက်မှာရှော့ပင်းထွက်မလား၊ ဖူးခတ်မှာ အပန်းဖြေအနားယူမလား၊ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒီအချိန်က ဒီဇင်ဘာဆိုတော့ ဈေးဝယ်ထွက်လို့ အကောင်းဆုံး အချိန်၊ အထူးဈေးနှုန်း Discount ၊ Promotion အစီအစဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဆိုတော့ Shopaholic ကိုကိုမမတွေအကြိုက်ပါပဲ။

ပြင်ဦးလွင် ပိတ်ချင်းမြောင်သဘာဝလိုဏ်ဂူ

ပြည်တွင်းခရီးစဉ်အနေနဲ့ဆိုရင်တော့ ညွှန်းပေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးပွဲတော်တွေထဲက တခုဖြစ်တဲ့ ပန်းပေါင်းစုံပွင့်ရာအေးချမ်းတဲ့ တောင်ပေါ်ဒေသမြို့လေး၊ ပြင်ဦးလွင်မြို့ရဲ့ နာမည်ကျော် “ပန်းပွဲတော်” ကိုညွှန်းဆိုချင်ပါတယ်။ “ပြင်ဦးလွင် ပန်းပွဲတော်” ကိုဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး 

နောက်ထပ် ပြောပြပေးချင်တဲ့ ပြည်တွင်းခရီးစဉ်တခုကတော့ ရန်ကုန်မြို့နဲ့ နီးနီးနားနားသွားလို့ရမယ့် “ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်” ပါ။ ကျိုက်ထီးရိုးဘုရားက ပြည်တွင်းခရီးသည်တွေ သာမက နိုင်ငံခြားခရီးသွား ဧည့်သည်တွေပါ အလာများလို့ ဒီအချိန်ဆိုခရီးသွားများတဲ့ ရာသီပါ။

ကျိုက်ထီးရိုးခရီးစဉ်ကမိသားစုနဲ့အတူ၊ ဒါမှမဟုတ် သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူသွားလို့ ကောင်းတဲ့ခရီးပါ။ တောင်တက်ရင်းဘုရားဖူးမယ်၊ ဘုရားဖူးပြီးရင် ရေတံခွန်သွားပြီးရေဆော့ကစားမယ်။ အေးချမ်းသာယာတဲ့ ရေမြေတောတောင် သဘာဝ အငွေ့အသက်တွေကိုအပြည့်အဝခံစားရမယ့် ခရီးတခုပါ။

ထပ်ပြီးပြောပြပေးချင်တဲ့ ခရီးစဉ်ကတောင်ပေါ်ဒေသခရီးတွေထက် ဒီဇင်ဘာလို ပိတ်ရက်ရှည်မျိုးမှာ အေးအေးလူလူနဲ့ သာသာယာယာအပန်းဖြေအနားယူလိုသူအတွက် ကမ်းခြေခရီးစဉ် Beach Trip တွေနဲ့ မိတ်  ဆက်ပေးချင်ပါသေးတယ်။

ကမ်းခြေဆိုရင် ရန်ကုန်မြို့နဲ့ မနီးမဝေးအလွယ်တကူသွားလာနိုင်တဲ့ ချောင်းသာ၊ ငွေဆောင်ကြိုက်တဲ့ ကမ်းခြေသွားရောက် အပန်းဖြေနိုင်ပါတယ်။ အချိန်ကာလကလည်းဒီဇင်ဘာလ သာသာယာယာပဲမို့လို့ ဒီအချိန်သွားမယ်ဆိုရင် ကောင်းကင်ကြီးကလည်း ပြာပြာ၊ ပင်လယ်ကြီးကလည်းပြာပြာ အရမ်းကို သာယာသာယာနဲ့ ကမ်းခြေမှာ နားနားနေနေအပန်းဖြေနိုင်တဲ့အချိန်ကာလပါ။

ဒီလိုအချိန်ဆို ပင်လယ်ကမ်းခြေဒေသတွေမှာ ခရီးသွားဧည့်သည်တွေ အသွားများတာကြောင့်လည်း       ကမ်းခြေတွေဘက် ခရီးထွက်မယ်ဆိုရင် အခုကတည်းကကိုယ်သွားမယ့်ရက်၊ ကိုယ့်တည်းမယ့် ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင် စီစဉ်ထားဖို့ လိုပါတယ်။

ကဲ… ဒီလောက်ဆိုရင်တော့ ခရီးထွက်ဖို့ စီစဉ်နေတဲ့ ကိုကိုမမတွေနဲ့ ဘယ်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတဲ့ ဘော်ဒါတွေ ဒီနှစ် ဒီဇင်ဘာမှာ ခရီးထွက်မယ့်နေရာကောင်းလေးတွေ အခုဆို စဉ်းစားပြီးလောက် ပြီလို့ ထင်ပါတယ်။ စဉ်းစားပြီးရင်တော့ လက်မနှေးဘဲ အမြန်ဆုံးခရီးကိုစီစဉ်ပြီး အားလပ်ရက်ရှည်မှာ နားနားနေနေအပန်းဖြေရင်း၊ လေ့လာလည်ပတ် ဈေးဝယ်ထွက်လိုက်ကြရအောင်လား။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved