စစ်ဗိုလ်စစ်သား..အားလုံး....သတိ

Friday, October 22, 2010

ဦးအလံမလှဲ

“ဦးလေးကြီး … ရ။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တယောက် ကဆုန်ပေါက်ပြီး တိုင်းပြည်ကထွက်ပြေး။ ကမ္ဘောဒီးယားကို ဟွန်ဆန်ရဲ့အကြံပေးဆိုတဲ့ ရာထူးတံဆိပ် ခတ်နှိပ်ပြီး ကလီကမာနည်းနဲ့ ဝင်လာ။ ထိုင်းထဲကို ခွေးတိုးပေါက်ကဝင်ဖို့ သူခိုးနည်းနဲ့ချောင်း။ ကြံရာမရတော့ ကိုယ်ရောင်ကိုယ်ဝါဖျောက်ထားလိုက်တာ … ဘာလိုလိုနဲ့ … အင်း … ဦးလေးကြီးရယ် … သူ့ခမျာ … ဘယ်ဝယ်ဘယ်ဆီကိုများ ရောက်နေပါ့”

“အောင်မယ်လေး … လေး၊ ကိုတူမောင်ရာ။ အလုပ်မရှိ အလုပ်ရှာ၊ ကိုယ့်တိုင်းရေးပြည်ရာမှ မဟုတ်တာ။ အမေကျော် ဒွေးတော်လွမ်းမနေပါနဲ့ကွာ။ မင့်အဖေကြီး မောင်သန်းရွှေအတွက်သာ ပူစမ်းပါ”

ဤတွင် ကိုတူမောင်က ဘာရယ်ညာရယ်မဟုတ်။ စကားဖြစ်ပြီးရော သဘောဖြင့် ခပ်လွယ်လွယ် ပြောချလိုက်သည်။

“ဟာ … ဦးလေးကြီးကလည်း … သူက စစ်ဦးစီးချုပ်၊ တပ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး၊ နိုင်ငံတော်အကြီးအကဲကြီး။နောက်ပြီး သူလုပ်ချင်တာ အကုန်လုပ်လို့ရနေတာ။ လက်ညှိုးညွှန်ရာ ရေဖြစ်နေတာ။ ဒီတော့ သူ့အတွက် ပူနေဖို့လိုနေ … နေ”

ကိုတူမောင်၏ စကားကမဆုံးသေး။ သို့ပါလျက် ဦးလေးကြီးက ထန်တန်တန်လေသံဖြင့် ဖြတ်ချလိုက်သည်။

“ဒီမှာ ကိုတူမောင်၊ ဦးလေးကြီးပြောတာကို အသေအချာ နားထောင်”

ကိုတူမောင်ခမျာ လူကြီးနှင့်လူငယ် ဖြစ်နေသဖြင့် မတတ်သာ။ ရင်ထဲတွင်တော့ အောင့်တောင့်တောင့်အဖြစ်သား။ ထို့ကြောင့် ပြောလက်စကို ရပ်ထားလိုက်ရသည်။ သည်တွင် ဦးလေးကြီးက အဟမ်းဟု ချောင်းတချက်ဟန့်ပြီး ပြောပါလေတော့သည်။

“အေး … ကိုတူမောင် ပြောတဲ့အတိုင်းပါပဲ။ မောင်သန်းရွှေက လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ မင်းဧကရာဇ်။ အခုချိန်ထိပေါ့လေ … ဟဲ … ဟဲ … အခုချိန်ထိပေါ့။ ဒါပေမယ့် … ဒီမှာ … ကိုတူမောင်ရဲ့၊ နိုင်ငံရေးဆိုတာက ပြောရခက်သား”

ဦးလေးကြီးက သူစကားကို ဆိုင်းထားလိုက်သည်။ ကိုတူမောင်ပြောချင်တာ ပြောလို့ရအောင် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။ ကိုတူမောင့်ခမျာမှာတော့ ဦးလေးကြီးကို ရှိန်းတိန်းတိန်း ဖြစ်နေသဖြင့် အာစေးမိနေသည်။ ထို့ကြောင့် ဦးလေးကြီးကပင် စကားဆက်ရသည်။

“ဒီမှာ ကိုတူမောင်၊ နိုင်ငံရေးဆိုတာက နိုင်ငံ့အရေး ပေါက်နှင့်ကျေးတဲ့။ တိမ်တောင်သဖွယ် မင်းရေးကျယ်၏တဲ့။ နိုင်ငံရေးမှာ ရန်-ငါ ပြတ်ရမယ်တဲ့။ အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တာတဲ့ … ဟဲ … ဟဲ”

ဦးလေးကြီးက ..တဟဲ … ဟဲ ပြီး စကားစကို ဆက်သည်။

“နိုင်ငံရေး အပြောင်းအလဲဆိုတာ တခါတခါ ကြွေတလက် ကြက်တခုန်တဲ့။ နောက်တခါတခါ ကျပြန်တော့ လာမယ် ကြာမယ်တဲ့။ လူဆိုတာ နိုင်ငံရေးသတ္တဝါတဲ့။ အင်း … စိတ်ကူးကမ္ဘာထဲက ဂုရုကြီးတဦးကတော့ ပြောလေရဲ့။ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာတဲ့ … ဟဲ … ဟဲ … ပြောပုံက အနုပညာမြောက်ပါဘိ။ သို့ပါသော်လည်း … အဲ … ဂုရုကြီးရဲ့ အဆိုအမိန့်က ရုပ်မကျဘူး။ ရုပ်မကျတော့ အလုပ်မဖြစ်ဘူး … ဟဲ … ဟဲ … ဂုရုကြီးရဲ့ အန္တေဝါသိကတွေကတော့ … ဟဲ … ဟဲ … ဆတ်ဆတ်ခါနာပြီး ကျီးကန်းလို ဝိုင်းအော်ကြလေမလား … ဟဲ … ဟဲ”

ဦးလေးကြီးက မိုးကြိုးသွားကဲ့သို့ ထက်လှသည့် စကားလုံးကြီးများဖြင့် အဆက်မပြတ် တရစပ်ပစ်ခတ်နေ၏။ လျှပ်စီးတလက်လက် မိုးတချိမ်းချိမ်းလုပ်နေ၏။ဂုရုကြီးနှင့် ဂုရုကြီး၏ တပည့်များရန်ကို ကြိုမြင်သဖြင့် ကြိုတင်ပြီး ဟန်ရေးပြနေတာလား။ ကိုတူမောင်ကတော့ မျက်လုံးအပြူးသားနှင့် ဦးလေးကြီးကို မော်ကြည့်နေမိသည်။
နှုတ်ကိုဖွင်ဖို့မူ မရဲတရဲ။ အဲ … တည့်တည့်ပြောရရင် … မရဲသေး။ ထို့ကြောင့် ဦးလေးကြီးကပင် ဆက်ပြောလေသည်။

“အေး … ပြောရဦးမယ် ကိုတူမောင်ရေ။ ဗိုလ်သန်းရွှေဟာ မခုတ်တတ်တဲ့ကြောင်လို မင်သေသေနေပြပြီး
ဆင်ကြံကြံနေခဲ့တာ။ အကွက်လည်းပေါ်ကရော ဝှက်ထားတဲ့ကြောင်လက်သည်းတွေကို ထုတ်ပြီး ဗွေဆော်ဦးအနေနဲ့
ဗိုလ်စောမောင်ကို ပိပိရိရိ ဆွဲစားခဲ့တယ်။ သူနဲ့လယ်ဗယ်ဖြစ်နေတဲ့ ဗိုလ်ချစ်ဆွေ၊ ဗိုလ်ကျော်မင်းတို့၊ သူ့ဘေးနားမှာ
မတိမ်းမယိမ်းယှဉ်နေတဲ့ ဗိုလ်မြင့်အောင်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ တပြုံလုံးကိုလည်း အစအနမကျန် အုံလိုက်
ဆွဲနှုတ်ပစ်ခဲ့တယ်။ ပြီးတော့ ...”

ဦးလေးကြီးက ပြောလက်စကို ဇတ်ကနဲ ဘရိတ်အုပ်လိုက်သည်။ ကိုတူမောင် ပြောချင်တာရှိက ဝင်ပြောနိုင်ရန် အလှည့်ပေးဖို့ ဖျတ်ကနဲ သတိရလိုက်သဖြင့် ဇတ်ကနဲ ဘရိတ်အုပ်လိုက်ခြင်းဖြစ်သည်။ သို့သော် ကိုတူမောင်ဆီမှ အာစေးမပြယ်သေး၍ ဘာသံမျှ ထွက်မလာ။ ထို့ကြောင့် ဦးလေးကြီးကပင် စကားဆက်၏။

“ဟိုတုန်းက အစဉ်အလာ စစ်တပ်ဖွဲ့စည်းပုံဟာ အခုဖွဲ့စည်းပုံနဲ့ မတူဘူး။ စစ်တပ်အားလုံးဆီကို အမိန့်စီးဆင်းတာက
ဗိုလ်အက်စ်တူးဆီကတဆင့် စီးဆင်းရတာ။ နောက်ပြီး ဗိုလ်အက်စ်တူးက ဗိုလ်နေဝင်းရဲ့ အနီးကပ်တပည့်ရင်းကြီး။
ဒီတော့ ဗိုလ်သန်းရွှေကြီးက ဗိုလ်အက်စ်တူးကို ဘယ်နည်းနဲ့မှ စိတ်မချနိုင်ဘူး။ ဒါနဲ့ပဲ … နောက်က တကောက်ကောက်
လိုက်ပြီးရှင်းနေတာ။ သုံးကြိမ်မြောက်မှာ ဗိုလ်အက်စ်တူး ဒလိမ့်ကောက်ကွေး ကျသွားပါပကော”

ကိုတူမောင်ခမျာ ဒါတွေကို လက်လှမ်းမမီသဖြင့် နှုတ်ပိတ်မြဲပိတ်လျက် ...။

“ကိုင်း … ကိုတူမောင်ရေ။ ဗိုလ်အက်စ်တူးလည်း ကျသွားရော ဗိုလ်သန်းရွှေက ရှေ့တလှမ်းတိုးပြီး အစဉ်အလာ
စစ်တပ်ဖွဲ့စည်းပုံကို ပြင်တော့တာပဲ။ အဲဒီပြင်ချက်အရ ထင်သာမြင်သာ ပေါ်လာတာက စစ်တိုင်း ၄-၅ တိုင်းကို တွဲကိုင်ရတဲ့ စစ်တိုင်းမှူးအကြီးစားတွေ။ ကန့်လာကာ နောက်ကွယ်မှာမို့ အများပြည်သူ မမြင်ရတာက စစ်တပ်အလုံးစုံကို ချုပ်ပြီးကိုင်ထားတဲ့ တခုတည်းသော စက်ခလုတ်က ဗိုလ်သန်းရွှေရဲ့လက်ထဲမှာ”

ဦးလေးကြီးက အရှိန်ကောင်းကောင်းဖြင့် ဆက်ပြန်သည်။

“အေး … တရစ်ပြီးတရစ် … တက် … တက် … လာလိုက်တာ၊ တကတည်း သူ့အဖေကြီး ဗိုလ်နေဝင်းကို၊အတူနေ သားမက်သမီး၊ မြေးမြစ်တွေကိုပါမချန် အကုန်နှံတော့တာပဲဟေ့။ အဲ … ကိုတူမောင်ပြောသလိုပါပဲ၊ ဗိုလ်သန်းရွှေကြီးက လက်ညှိုးညွှန်ရာ ရေဖြစ်၊ မင်းဧကရာဇ် အစစ်မှအစစ်။ ဒါနဲ့မရပ်သေးဘူး ကိုတူမောင်ရေ။ မင်းဧကရာဇ်တို့မည်သည်
ရန်သူကို ရှင်းရာမှာ ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့။ ကိုင်း … ကိုတူမောင်ရေ၊ ဘယ်မှာလည်း ကျူငုတ်”

ဦးလေးကြီးက ကိုတူမောင့်ကို အမေးပုစ္ဆာ ထုတ်လိုက်၏။ အစောပိုင်းက အာသွက်လျှာသွက် ကိုတူမောင်ခမျာ
နားရွက်ကုပ်ပြီး မလှုပ်ဘဲနေလေတော့ ဦးလေးကြီးကပင် ဆက်၍ဆိုလေသည်။

“ကျူငုတ်က ဇာတ်လိုက်မင်းသား ဗိုလ်မောင်ခင်ညွန့်။ ဒီတော့ မောင်ခင်ညွန့်ကိုရှင်း၊ ရှင်းပြီးရင်းရှင်း၊ တရှင်းတည်း
… ရှင်း … ရှင်း … လာလိုက်တာ … အင်း … ကိုတူမောင်ရေ၊ တလောကတော့ ဗိုလ်ရွှေမန်း၊ဗိုလ်တင်အောင်မြင့်ဦးတို့ကစလို့ တပြုံလုံးကို စစ်အရေခွံခွာတဲ့နည်းနဲ့ ရှင်းလိုက်ပြီ။ ကိုယ်တော်မြတ်တွေ တပြုံကြီး ဝတ်လဲတော်ပုဆိုးကို ပြောင်းပြီး ဝတ်ကုန်ကြရပြီ။ အရှင်းခံခဲ့ရတဲ့ အရေအတွက်က ရာဂဏန်းနား၊ နီး … နီးလာပြီ။ စစ်ဗိုလ်စစ်သားဆိုတာ ယူနီဖောင်း
အချွတ်ခံရရင် အသည်းခိုက်အောင် နာဆိုပဲ”

ကိုတူမောင်ခမျာ အစောပိုင်းတုန်းက သူ့စကားမဆုံးသေးမီ ဦးလေးကြီးက ပိုင်စိုးပိုင်နင်းဖြတ်ချခဲ့သည်ကြောင့်
အောင့်သက်သက် ခံစားခဲ့ရသော်လည်း ယခုတော့ ဦးလေးကြီး၏ ကျေးဇူးကြောင့် မသိမမြင်ခဲ့တာတွေကို သိသိလာ
သည်။ မြင်မြင်လာသည်။ ထို့ကြောင့် ဦးလေးကြီးကို အသိအမှတ်ပြုလာသည်။ ကျေးဇူးတင်လာသည်။ လူချင်းလည်း
ပို၍နွေးထွေးလာသည်။ ဤသည်၏ အကျိုးဆက်အဖြစ် ကိုတူမောင်၏ စေ့ထားသောနုတ်မှာ ဂျက်ကျကျ ပွင့်လာလေ
သည်။

“ဦးလေးကြီးရေ၊ ဗိုလ်အေးတယောက်ကိုသာ ကျန်စစ်သားအဖြစ် ချန်ထားတာ။ အဲဒါ စိတ်ဝင်စားစရာပဲ။ အကြောင်းက ...”

“ဟုတ်ပ … ဟုတ်ပ … ကိုတူမောင်။ ဗိုလ်အေးက ဗိုလ်သန်းရွှေလို … ဟဲ … ဟဲ … ရှင်ဘုရင်ရူး … ရူးပုံ မပေါ်ဘူး။
ရှုပ်ရှုပ်ထွေးထွေးတွေအတွက် ခေါင်းခြောက်မခံချင်ဘူး။ အရက်အကောင်းစားကို ဇိမ်ခံပြီးသောက်ချင်တယ်။
အမေရိကန်ဖြစ်ကို စတိုင်ကျကျဝတ်ချင်တယ်။ စစ်ဗိုလ်လုပ်မှတော့ စစ်တပ်မှာအကြီးဆုံး၊ စစ်ဦးစီးချုပ်၊ စစ်သေနာပတိချုပ်အဖြစ်နဲ့ ခန့်ထည်ချင်တယ်။ ဒီဆန္ဒပြည့်ရင် သေပျော်ပြီဆိုတဲ့လူ။ ပရော်ဖက်ရှင်နယ် ဆိုးလ်ဂျားတဲ့”

ကိုတူမောင့်မျက်လုံးတွေ လင်းလက်လာသည်။ နားရွက်အစုံကလည်း ထောင်လာသည်။

“ဒီမှာ ကိုတူမောင်၊ ဗိုလ်သန်းရွှေက ဗိုလ်အေးရဲ့ အထာကို ကောင်းကောင်းသိလို့ ကောင်းကောင်းကိုင်တတ်တယ်။
ဗိုလ်အေးကို စစ်ဦးစီးချုပ်၊ စစ်သေနာပတိချုပ် ရာထူးအတွက် ယုံကြည်စိတ်ချလောက်အောင် အကွက်ချပြပြီး အနံ့ပေးထားတယ်။ ဗိုလ်အေးက အဲဒီအနံ့ကို ရှုတယ်။ ဒါပေမယ့် အဲဒီအနံ့ထဲမှာ မေ့မျောမနေဘူး။ ရှေ့ကသွားလေသူများကဲ့သို့ မခံရအောင်သတိနဲ့ အသင့်ပြင်ထားတယ်။ ဗိုလ်အေးလည်း ဘဝပေးအရ မအေးရတော့ဘူး”

ကိုတူမောင်တယောက် အသိအမြင်ပို၍ ရင့်ကျက်လာသဖြင့် သူ့စိတ်ကရွတတ၊ သူ့ကိုယ်ကကြွတတ ဖြစ်လာသည်။

“ပြောရဦးမယ် … ကိုတူမောင်၊ ဗိုလ်သန်းရွှေရော၊ ဗိုလ်အေးရော၊ ကိုယ်ကျိုးအတွက် ကိုယ့်အကွက်နဲ့ကိုယ် တွက်ချက်ပြီး အသင့်အနေအထားနဲ့ နေနေကြတာ။ ဟို တခေတ်တခါက ဇာတ်ဆရာရွှေမန်းတင်မောင် သီချင်းဆိုခဲ့သလိုပေါ့။
သံနေသံထားနဲ့ ဆိုခဲ့ပုံက … ချစ်လို့ဟုတ်ဘူး … ချစ်လို့ဟုတ်ဘူး … ဟုတ်ဘူး … ဟုတ်ဘူး … ဟုတ်ဘူး … ဟဲ … ဟဲ”

အခုတော့ ကိုတူမောင်လည်း ဦးလေးကြီးနဲ့အတူ ရောကာနှောကာ ရယ်တတ်လာသည်။

“ဟဲ … ဟဲ … ဟဲ”

“ကိုတူမောင်ရေ၊ တကယ်တော့ ဗိုလ်သန်းရွှေကြီးက ဗိုလ်အေးကို ကြံချောင်းလိုသဘောထားတာ။ တလုပ်ရုပ်ရှင်ထဲက သူရဲကောင်းကျန်ချောင်း မဟုတ်ဘူးနော် … ဟဲ … ဟဲ။ ကြံရည်ညှစ်ထုတ်လို့ရတဲ့ ကြံချောင်းကို ပြောတာ။ ဗိုလ်အေးဆိုတဲ့ ကြံချောင်းဆီမှာ ကြံရည်ရှိနေသရွေ့တော့ ကိုကြံချောင်း … ကိုကြံချောင်းနဲ့ စားနေကျကြောင်ပါးကြီး မောင်သန်းရွှေက အသံချိုနေမှာ”

ကိုတူမောင်ကဝင်၍ ထောက်၏။

“ဗိုလ်သန်းရွှေက ကြံချောင်းဗိုလ်အေးကို အသုံးချလို့မရတော့ဘူးဆိုရင် ဒါမှမဟုတ် မယုံရတော့ဘူးဆိုရင်”

သည်တော့ ဦးလေးကြီးက ဤသို့အပိတ်စကား ပြောချလိုက်သည်။

“အေး … ဗိုလ်အေးကို ကြံဖတ်လိုသဘောထားပြီး ပြာချပစ်မှာ အသေအချာပဲ။ဒီတော့ ကိုတူမောင်ပြောခဲ့တဲ့ သက်ဆင်လို ထွက်မပြေးသေးမီ စပ်ကြား၊ အရိုးခံစိတ်ရှိတဲ့ သနားစရာ စစ်ဗိုလ်စစ်သားတွေကို အမြဲတမ်း ဆင်ကြံကြံနေတဲ့
ဗိုလ်သန်းရွှေ ကြောင်ပါးကြီးရဲ့ရန်က လွတ်အောင် အော်ဟစ်ပြီး အသိပေးကြစို့လား … ဟောဒီလို အော်ဟေ့ … ဟောဒီလို အော် ...

ဗိုလ်သန်းရွှေ … ဇာတ်တူသား စားနေသည်။
စစ်ဗိုလ်စစ်သား … အားလုံး … သတိ။

3 comments :

  1. Anonymous said... :

    What he has written is true.This army military junta chief (Than shwe) is the monster with crooked,wicked,selfish n greey minded.He has spoiled the country to become the worst in every thing in the world.Bcoz the majority percentage of army and the people of the country has no guts to destroy him.So,his power of wicked minded grows bigger and bigger day by day.May the god destroy him in the future.

  1. အခြောက်တွေထဲကအခြောက်တယောက် said... :

    တပ်မတော်သာလျှင်အမိ၊အဖပါ.....စစ်ဗိုလ်စစ်သားတွေကနားလည်ပြီးတော့....အာဏာရှုးလက်ထဲကတိုင်းပြည်ကိုပြန်ယူပေးပါ.....သန်းရွှေဟာစစ်တပ်ကိုရောတိုင်းပြည်ကိုပါကိုယ်စားမပြုပါဘူး.....သူ့ အတွက်ကလွဲရင်သူဘာသိလို့ လဲ .....သူ့ သမက်တောင်လုပ်ချင်တိုင်းလုပ်ခွင့် ပြုတယ်ထင်လို့ လား.....အားလုံးသောတပ်မတော်သားတွေကဗိုလ်ချုပ်အောင်ဆန်းလို ကျင့် ကြံရင်.....ကျနော်တို့ ပြည်သူတွေလိုက်ဖို့ အသင့် ပါပဲ.....သိတဲ့ အတိုင်းပဲမြန်မာပြည်သူတွေကအခြောက်တွေလိုနီးပါးပဲလေကြောက်နေကြတာ......နိုင်ငံခြားကမွတ်စလင်တွေလိုမျိုးကိုယ့် တိုင်းပြည်နဲ့ လူမျိုးကိုထိလာရင်..ဆွေမျိုးတောင်သတ်သင့် တယ်ဆိုတာလိုမျိုးစိတ်ထားတာပဲကောင်းမယ်ထင်တယ်နော်

  1. Unknown said... :

    မထင်မှတ်ဘူး ဒီလို ပေါက်ကရလည်း ထွင်ပြီး ရေးတတ်တာပဲ ဘာကောင်တွေမှန်းကို မသိဘူး.... ကိုယ်ထမင်းကိုယ်စားပြီး အေးအေးနေကြစမ်းပါကွာ သူတို့ က စစ်သား မင်းတို့ က အရပ်သား ကိုယ်တာဝန်မှ မဟုတ်တာ သူတို့ ဘာသာ ဘာပြောင်းပြောင်း သူတို့ တပ်ထဲက တာဝန်ပဲ အလကားနေ အရေးလုပ်လို့ .... ခက်ပါဘိသကော.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved