ကြံ့ဖွံ့ပါတီအတွက် အားတက်ဖွယ်

Tuesday, October 5, 2010

ကြံ့ဖွံ့ပါတီကတော့ တော်တော်လေးကို အားတက်စရာ ကောင်းနေပြီလို့ ဒီမနက်ပဲ ကြားလိုက်ရပါတယ်။

ကြံ့ဖွံ့က မြန်မာပြည်တနံတလျားမှာ နိုင်ငံတော်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာအမှတ်နဲ့ ဖောဖောသီသီ ငွေချေးပေးတဲ့ အလုပ်ကို လုပ်နေကြတယ်ဆိုတာ ကြားကြမှာပေါ့။ ဒီမနက်မှာတော့ ကိုတာတေတို့ ရန်ကုန်မြို့ရဲ့ တခုသော ရပ်ကွက်ဈေးကလေးမှာ အဲဒီကြံ့ဖွံ့တွေ စည်းရုံးရေးဆင်းဖို့ ရောက်လာကြပါတယ်။ ဒါပေမယ့် ဈေးကလေးမှာရှိတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေကတော့ သူတို့ကို ကြံ့ဖွံ့တွေမှန်းလည်းမသိ၊ စည်းရုံးရေးဆင်းဖို့ လာတယ် ဆိုတာလည်း မသိကြဘူးတဲ့။

“ဟာ ငွေချေးတဲ့သူတွေလာပြီ ငွေချေးတဲ့သူတွေလာပြီ” ဆိုပြီး ဝိုင်းသွားလိုက်ကြတာ စည်းရုံးရေးဆင်တဲ့ ပုဂ္ဂိုလ် တွေလည်း ချေးဖို့ ပါလာတဲ့ ငွေမလောက်လို့ စည်းရုံးဟောပြောရေးတောင် မလုပ်ရဘဲ ကားပေါ်တက် ပြန်ပြေး ကြရတယ်ဆိုပဲ။

ငရုပ်သီးတို့ နံနံပင်တို့ ရောင်းတဲ့ မမတယောက်က ချေးငွေမရလိုက်လို့ တောက်တခေါက်ခေါက်နဲ့ မကျေမနပ် ဖြစ်နေလေရဲ့။ သူပြောတာကတော့ “ဟယ် ... ဟို ပိုက်ဆံချေးတဲ့သူကြီး ပြန်သွားပြီ။ ငါတောင် မရလိုက်ဘူး။ နောက်တခါလာလို့ကတော့ ငါ အရင်ဆုံး ပြေးပြီး ချေးပလိုက်မယ်” တဲ့လေ။ ကြံ့ဖွံ့ပါတီက အမတ်လောင်းကိုများ ငွေချေးတဲ့သူကြီးတဲ့နော် ...။ အားတက်စရာပဲ။

နောက်တခုကတော့ အများလည်း ကြားကြပြီး ဖြစ်မှာပါ။ ရေစကြိုဘက်မှာ ကြံ့ဖွံ့က မျက်စိ အလကား ကုပေးလိုက်တာ လူ ၅၀ လောက် မျက်စိကွယ်သွားတယ် ဆိုတဲ့ဖြစ်တောင့်ဖြစ်ခဲ အောင်မြင်မှုကြီးအကြောင်းပေါ့။ ဆရာတော်တပါးကိုဆိုရင် ကျောင်းအထိ အတင်းကို ကားနဲ့လိုက်ပင့်ပြီး ကုပေးလိုက်တာ အရင်က တိမ်လောက်ပဲ စွဲနေတဲ့ ဆရာတော်ဟာ အခုတော့ မျက်လုံးတောင် ထုတ်ပစ်လိုက်ရတယ် ဆိုပဲ။ ဒါလည်း ကြံ့ဖွံ့လှုပ်ရှားမှုထဲက အားတက်စရာလို့ ဆိုရမှာပေါ့။

အဲဒီလို အောင်မြင်မှုတွေ ထပ်ဆင့်ရနေတဲ့ ကြံ့ဖွံ့ပါတီအတွက် မဲ ရ မရ မသေချာပေမယ့် သေချာတာတွေတော့ ရှိပါတယ်။ အဲဒါကတော့ နိုင်ငံတော်က ရန်ဘုန်းငွေတွေကို အတင်းရော အဓမ္မရော သုံးပစ်လို့ ကုန်သလောက် ရှိနေပြီ ဆိုတာနဲ့ မျက်စိ ဝေဒနာရှင်များ ကြံ့ဖွံ့သံကြားရုံနဲ့ ထွက်ပြေးကြတော့မယ် ဆိုတာပါပဲ။

ကြံ့ဖွံ့ပါတီဝင်တွေ အားတက်လို့ ရပါပြီ။

ရန်ကုန်သားတာတေ

1 comments :

  1. Anonymous said... :

    ဟားဟား ကိုဟန်လေးလက်ရာထင်တယ် ဒါ။ ကောင်းပါ့ဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved