ဧရာဝတီ ဘလော့ဂ် တလမြောက်

Friday, October 29, 2010

ဧရာဝတီ ဘလော့ဂ်ကို စဖွင့်တာ တလပြည့်မြောက်ပါပြီ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကလည်း ရှိနေတော့ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်သွားနေပါတယ်။

ဧရာဝတီ ဘလော့ဂ်မှာ သုတ၊ ရသ စုံလင်စွာ တင်ဆက်ပေးနိုင်အောင် ကြိုးစားနေပြီး စာဖတ်သူများရဲ့ ဝေဖန်မှု၊ အားပေးမှုများကို ရရှိတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တလအတွင်း ၄ သိန်းခွဲကျော် ဝင်ရောက်ဖတ်ရှုတဲ့အတွက်လည်း ဝမ်းမြောက်ကြောင်း ပြောလိုပါတယ်။

ဧရာဝတီ ဘလော့ဂ်ကို စဖွင့်ဖို့ စီစဉ်တဲ့ အယ်ဒီတာ ကိုအောင်ဇော်ကတော့ စတင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဒီလိုပြောပါတယ်။

“ဧရာဝတီ သတင်းဝက်ဘ်ဆိုဒ်ကတော့ တကယ့် ဂျာနယ်လစ်ဇင်ပေါ့။ ဒါပေမယ့် စာဖတ်ပရိသတ်နဲ့ ပိုပြီး ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါး ထိတွေ့ဖို့အတွက် ပလက်ဖောင်းကို လိုက်ရှာတော့ ဘလော့ဂ်ကို သွားမြင်တယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော ဧရာဝတီအတွက် အလုပ်လုပ်နေသူတွေထဲမှာ ဘလော်ဂါတွေလည်း ပါတယ်လေ။ ဒီတော့ တကယ့် သတင်းကြီးတွေအပြင် ပိုလျှံနေတဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူမျှဝေဖို့ အတွက် ဘလော့ဂ်ကို စဖြစ်တာပါ။”

ဘလော့ဂ်မှာ ရေးသမျှနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ “ဘလော့ဂ်ကို ဖွင့်လိုက်တော့ စစ်အစိုးရဘက်ကရော၊ အတိုက်အခံဘက်ကရော၊ ကြားနေ စာဖတ်ပရိသတ်တွေရော စီဘောက်တို့၊ ကော်မန့်တို့မှာ ဆွေးနွေးကြတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘလော့ဂ်စဖွင့်ပြီး တလပြည့်တဲ့ အချိန်မှာပဲ လာရောက်ဖတ်ရှုသူ ၄ သိန်းခွဲလောက် ရှိတဲ့အတွက်လည်း တော်တော် ဝမ်းသာပါတယ်” လို့ ကိုအောင်ဇော်က ပြောပါတယ်။

ဝင်ရောက်ကြည့်ရှုတဲ့ ပရိသတ်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ပတ်သက်လို့ နည်းပညာပိုင်း တာဝန်ယူပေးတဲ့ ကိုအောင်အောင်က ဒီလိုပြောပါတယ်။

“အခုပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီဘလော့ဂ်ကို အများဆုံးကြည့်တာက စင်ကာပူ၊ နောက်ပြီးတော့ အမေရိကား၊ ထိုင်း၊ မလေးရှားနဲ့ မြန်မာပါ။ အဲဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာက ပြီးခဲ့တဲ့ တပတ်လောက်အထိ ရုရှက ဘလော့ဂ်ကို ၀င်ကြည့်တဲ့ နိုင်ငံတွေထဲမှာ နံပတ် ၅ အဆင့်မှာ ရှိနေခဲ့တာပါ။ ရုရှမှာ မြန်မာအသိုင်းအ၀ိုင်း နည်းလျက်သားနဲ့ ဒီလောက်အထိ ကြည့်ရှုသူများနေတာဟာ စဉ်းစားစရာဖြစ်ပါတယ်။ တပ်မတော် (ကြည်း) ကွန်ပျူတာဌာနက ဧရာဝတီဘလော့ဂ်ကိုလည်း ၀င်ရောက်ကြည့်ရှုနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ ဒါဟာ နည်းပညာအရဖြစ်နိုင်ပါတယ်။ ရုရှဆာဗာကို ခံပြီး ကြည့်တာမျိုးပါ”

ဧရာဝတီ ဘလော့ဂ် ပို့စ်တွေမှာ Hit အများဆုံး ပို့စ်တွေ အပတ်စဉ် ရှိပါတယ်။ အဲလိုပို့စ်မျိုးတွေထဲမှာ အနုပညာလောက သတင်းတွေက ထိပ်ဆုံးက ပါလေ့ရှိပါတယ်။ အနုပညာလောက သတင်းတွေကို အများဆုံးရေသူတဦးဖြစ်တဲ့ နရီလင်းလက်ကတော့ ဒီလိုပြောပါတယ်။

“ကိုယ်ပိုင်ဘလော့ဂ်ဖွင့်ထားပြီး မရေးဖြစ်ပေမယ့် ဧရာဝတီ ဘလော့ဂ်မှာတော့ ပေါ့ပ်သတင်းတွေ တော်တော်များများဘက်ကို ရေးဖြစ်ခဲ့တယ်။ အမှန်ကတော့ နယ်ပယ်စုံက သတင်းကို လိုက်တာပါပဲ။ ဒါပေမယ့် ကိုယ်ကံဇာတာက မော်ဒယ်တို့ မင်းသမီးတို့ အဆိုတော်တို့နဲ့ အကျိုးပေးပုံရတယ်။ တင်ခဲ့တဲ့ အနုပညာသတင်းတွေထဲမှာ “မျိုးကြီးပေါ်လစီသီချင်းဆိုပြီ”၊ “ခေမီကိုရဲ့ သိတဲ့လူဆိုလိုသေးတယ်” ပြောမှာ သတင်း တွေက ပရိတ်သတ်ဆီက တုန့်ပြန်မှု အများဆုံးရခဲ့ပါတယ်”

ဧရာဝတီ ဘလော့ဂ်မှာ နိုင်ငံရေးတွေ၊ မိုးလေဝသတွေကို အင်တိုက်အားတိုက် ရေးတဲ့ မင်းနိုင်သူကတော့ “ကျနော့်အတွက်တော့ ဘလော့ရေးရတာ ပိုပြီး လွတ်လပ် တင်းကြပ်ပါတယ်။ လွတ်လပ်တယ်ဆိုတာက သတင်းတခု အင်တာနက် စာမျက်နှာပေါ်ရောက်ရှိရေး ဖြတ်သန်းရတဲ့ အယ်ဒီတာခုံ အဆင့်ဆင့်နဲ့ ၀က်ဘ်ဆိုက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဆီက တဆင့်သွားစရာ မလိုတော့ဘဲ ကိုယ်တိုင် သတင်းရေး ကိုယ်တိုင် တင်ပေးလိုက်နိုင်တဲ့အတွက်ပါ။

တင်းကြပ်တယ်ဆိုတာက အယ်ဒီတာခုံအဆင့်ဆင့်ကို မဖြတ်သန်းရဘဲ ကိုယ်တိုင်ဆုံးဖြတ်ပြီး ပရိတ်သတ်ကို ချက်ချင်း ချပြလိုက်ရတာမို့ ဧရာဝတီသတင်းဌာနရဲ့ မူဝါဒတွေ၊ အယ်ဒီတာတွေ ဦးဆောင်သွားနေတဲ့ လိုင်းတွေကနေ ချော်ထွက်မသွားရအောင် ကြိုးပမ်းရတာဟာ တင်းကြပ်မှုပါပဲ” လို့ ပြောပါတယ်။

သတင်းဌာန တခုရဲ့ ဘလော့ဂ်အနေနဲ့ ဘယ်လိုပုံသွားနေတယ်ဆိုတာ အကဲခတ်မိအောင် နရီလင်းလက်နဲ့ မင်းနိုင်သူရဲ့ သဘောထားကို ဖော်ပြလိုက်ပါတယ်။

နရီလင်းလက် ။ ။ ဘလော့ရဲ့သဘောက ရေးရတာ ပေါ့ပါးတယ်၊ လွတ်လပ်တယ်ဆိုပေမယ့် သတင်းဌာနတခု ဘလော့ဂ်ဆိုတော့ တခါတလေ ထိန်းရတာတွေရှိတယ်။ (အဓိက မသင့်တော်ဘူးထင်ပြီး ထိန်ချန်လိုက်ရတဲ့ မြန်မာမော်ဒယ်တွေရဲ့ ၀တ်စားဆင်ယင်မှု ဆိုးဆိုးဝါးဝါးပုံလိုမျိုးပေါ့)

မင်းနိုင်သူ ။ ။ အဓိကကတော့ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်အောင် ကြိုးစားထားရပြီး ကျင့်ဝတ်နဲ့အညီ ဖော်ပြနိုင်အောင် ကြိုးစားးပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း ဧရာဝတီက တင်တယ်ဆိုပေမယ့် ဧရာဝတီကိုယ်တိုင်က တာဝန်ယူထားတဲ့ သတင်းလား၊ ပေးစာလား၊ ကြေညာချက်လားဆိုတာတွေကို အောက်မှာဖော်ပြထားတဲ့ label ကိုကြည့်ပြီးတော့ပဲ ဖတ်ကြ၊ ခံစားကြစေလိုပါတယ်။

ဧရာဝတီ ဟော့လိုင်းမေးလ်ကနေ စာဖတ်သူများက ပေးပို့လာတဲ့ သတင်းအစနများ၊ သရော်စာများ၊ ကာတွန်းများ အတွက်လည်း အထူးကျေးဇူးတင်ကြောင်း၊ အင်တိုက် အားတိုက်ရေးကြ၊ အကြံပေးကြတဲ့ ရုံးအဖွဲ့သားများ ဖော်ပြလိုပါတယ်။

လတ်လော အရေးကြီးနေတဲ့ ရွေးကောက်ပွဲ အကြိုနဲ့ ရွေးကောက်ပွဲ ကာလတွေမှာလည်း သတင်းအချက်အလက်တွေ အပြည့်စုံဆုံးဖြစ်အောင် တင်ပြပေးသွားပါမယ်။ ဝေဖန် အကြံပြုမှုများကိုလည်း ကြိုဆိုပါတယ်။

2 comments :

  1. မောင်သန့် ။ said... :

    ကျေးဇူး အထူးတင်ပါတယ်။
    မဖွင့်ရ မနေနိုင်တဲ့ ဘလော့တခုပါ။ထိစပ်မှု ပိုများလာတယ်လို့  ခံစားရပါတယ်။
    ရီစရာလေးတခု ခင်မင်စွာ ပြောခွင့်ပြုပါ။
    ကေသာဝတီ တို့ ရေ။

  1. Anonymous said... :

    အကြိုက်ဆုံးဗမာဆိုဒ်တွေထဲမှာ ဧရာဝတီ
    သတင်းတွေအတွက် ကျေးဇူးပါ ဧရာဝတီ
    လုံးဝအားပေးနေမယ် ဧရာဝတီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved