DJ Jay အဖွဲ့မှ တကမ္ဘာလုံးဖြန့်မယ့် The Future Sound of Asia အယ်လ်ဘမ်

Tuesday, October 5, 2010




ဒီဂျေ ဂျေး ဦးစီးဖွဲ့ထားတဲ့ Dhamma Phunk အဖွဲ့မှ ပထမဆုံးအယ်လ်ဘမ် The Future Sound of Asia ကို နိုဝင်ဘာလတွင် တကမ္ဘာလုံးသို့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

့မြန်မာပြည်အတွက် ဖြန့်ချိမည့် အခွေနှင့် တကမ္ဘာလုံးသို့ ဖြန့်ချိမည့် အခွေ တွင် ပါရှိမည့် သီချင်းများ ပုံစံမတူကြောင်း၊ ပြည် တွင်း တွင် ဖြန့်ချိမည့် အခွေတွင် မြန်မာပရိတ်သတ် အကြိုက်ပုံစံဖန်တီးထားကြောင်း၊ လက်ရှိ သီချင်း ပုဒ်ရေ ၂၀ ရှိ သည်ဟု ဒီဂျေဂျေး က ပြောပါတယ်။

“ အင်္ဂလိပ် လို ရော မြန်မာလိုရော ဆိုထားတဲ့ သီချင်း ၁၄ ပုဒ် မြန်မာပြည်မှာ ဖြန့်မယ့် အခွေထဲမှာပါမယ်။ အဖွဲ့ဝင် ၄ ယောက်ထဲမှာ ကျွန်တော်တယောက်ပဲ မြန်မာပြည်က။ ကျန်တဲ့ လူတွေက နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ မြန်မာ ဒီဂျေသမားတွေချည်းပဲ”လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဒီဂျေ ဂျေးနှင့် အတူ ပါဝင်သည့် ဒီဂျေသမား ၃ ဦးမှာ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် Breeze ၊ ပြင်သစ်တွင် နေထိုင်သည့် Adrien ၊ ဂျာမနီတွင် နေထိုင်သည့် Doshy တို့ ဖြစ်ပါတယ်။

“သွင်းထားတဲ့ လူက အင်တာနက်ကနေ အချင်းချင်း မေလ်းပို့ပြီး တယောက်နဲ့ တယောက် နားထောင်ပြီး ပြန်တိုင်ပင် လုပ်ကြတယ်။ အရင်တုန်းက ဒီဂျေလုပ်ဖို့ ပစ္စည်းတွေကလည်း မကောင်းဘူး။ နည်းပညာလည်း မစုံသေးဘူး။ ခုကတော့ နည်းနည်း ပိုတိုးတက်လာတယ် ပြောရမယ်” လို့ ဒီဂျေဂျေးက ဆက်ပြောပါတယ်။

အနာဂတ် မြူးဇစ် အခွေထဲမှာ ဒီဂျေ သမား ၄ ယောက်အပြင် လူငယ်တွေ အကြိုက် ဟစ်ပ်ဟော့ အဆိုတော်တွေဖြစ်တဲ့ အနဂ္ဂ၊ G Tone ၊ ကျော်ထွဋ်ဆွေတို့ ပါဝင်သီဆိုထားပါတယ်။

အွန်လိုင်း ၀က်ဘ်ဆိုက်တွေဖြစ်တဲ့ iTube၊ Myspace ဆိုဒ်တွေမှာ ၀င်နားထောင်လို့ ရပြီး UK အခြေစိုက်တဲ့ Record Label ကနေ ဓာတ်ပြားအနေနဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။

မြန်မာပြည်က လူငယ် ပရိတ်သတ်တွေကြိုက်တဲ့ ဒီဂျေဂျေးက ၂၀၁၁ မှာ တရုတ်နိုင်ငံ ဘေဂျင်းမှာလုပ်မယ့် ဒီဂျေပြိုင်ပွဲမှာဝင်ဖို့ အရွေးခံထားရသူလည်း ဖြစ်ပါတယ်။

ဒီဂျေဂျေး နဲ့အတူ တခြား ဒီဂျေတွေရဲ့သီချင်းတွေ ၀င်နားထောင်လို့ရမယ့် Myspace လင့်ကိုနှိပ်ပြီး သီချင်းတွေ နားထောင်လို့ ပါတယ်။

http://www.myspace.com/djjaynirvana
http://www.myspace.com/djbreezee
http://www.myspace.com/adrienunik

နရီလင်းလက်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved