ဂီရိဒဏ်ခံရပြီး အကူအညီမရ၍ သေကြောင်း ကြံစည်မှုများရှိ

Friday, November 5, 2010

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၊ ရှန်တောင်ကျေးရွာဇာတိနှင့်မြေပုံမြို့၏ အလယ်ပိုင်း ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ကျော်စိန်သည် ဆင်းရဲကျပ်တည်း၍ ကြိုးဆွဲချကာ မိမိကိုယ်မိမိ သတ်သေသွားကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူ တဦးက ပြောသည်။

ဦးအောင်ကျော်စိန်သည် သေဆုံးချိန်တွင် အသက် ၅၂ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကာ သားသမီးများ ကျန်ရစ်ခဲ့သည်။

ဂီရိဆိုင်ကလုန်းကြောင့် ၎င်းပိုင်ဆိုင်သည့် စက်လှေများ ရေထဲနစ်မြုပ်သွားခြင်း၊ နေအိမ်လုံးဝ ပျက်စီးသွားခြင်း၊ စီးပွားရေး လုပ်ငန်းများ အားလုံး ဆုံးရှုံးသွားခြင်း စသည့်အကြောင်းများကြောင့် စိတ်ဆင်းရဲမှု ဖြစ်ကာ မုန်တိုင်းဖြစ်ပြီး ၅ ရက်အကြာ အောက်တိုဘာ ၂၇ ရက်နေ့တွင် သတ်သေသွားကြောင်းသိရသည်။

ဦးအောင်ကျော်စိန်ကဲ့သို့ မြေပုံမြို့နယ် ဆင်တောင်ကျေးရွာတွင်လည်း အသက် ၅၀ ကျော် အမျိုးသား တဦးသည် ပြီးခဲ့သည့် ရက်ပိုင်းက မိမိကိုယ်မိမိ သတ်သေသွားကြောင်း ဒေသခံများက ပြောသည်။

လေဘေးသင့် ဒေသခံများသည် မုန်တိုင်းဒဏ်ခံခဲ့ရသည်မှာ ၁၀ ရက်ကျော်နေပြီ ဖြစ်သော်လည်း စားသောက်စရာ၊ နေထိုင်စရာ အမိုးအကာများ လုံးဝ မရရှိသေး၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြကာ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုများ ဖြစ်ပွား နေကြကြောင်း လေဘေးဒဏ်ခံ ဒုက္ခသည်များထံမှ သိရသည်။

ခင်ဦးသာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved