မင်္ဂလာဈေးတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်များ ထပ်မံကြဲချ

Wednesday, November 3, 2010





ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်တဲ့ မင်္ဂလာဈေးအပေါ်ထပ်ကနေ ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတွေကို မနေ့ နေ့လည်ပိုင်းက ကြဲဖြန့်ခဲ့တယ်လို့ ဧရာဝတီသို့ ပေးပို့လာတဲ့ စာမှာဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ဒီစာရွက်တွေမှာ ပြည်သူ့အစိုးရဖွဲ့စည်းရေး ဒို့အရေး ၊ မဲမပေးနဲ့ ပြည်သူ့အစိုးရဖွဲ့ ၊ လူထုလုပ်ရှားမှုကော်မတီ ၂၀၁၀ လို့ ဖော်ပြထားတာပါ။ မင်္ဂလာဈေးအပေါ်ထပ်ကနေ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို လွန်ခဲ့တဲ့လပိုင်းကလည်း ကြဲဖြန့်မှုရှိခဲ့ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ်ကြဲဖြန့်မှုဖြစ်ပါတယ်။

စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေရပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကြီးကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပရန် ၃ ရက်သာလိုတော့ချိန်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာပါတယ်။

မနေ့က တောင်ဒဂုံမှာ မဲမပေးဘဲနေပိုင်ခွင့်ရှိ စာရွက်စာတမ်း ဖြန့်ဝေမှုတွေနဲ့ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို အာဏာပိုင်တွေက ယနေ့ နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved