ရဲလား ဓားပြလား

Monday, November 1, 2010

သန်လျင်မြို့က ခရစ်ယာန်မက်သဒစ် ဘုန်းတော်ကြီး ထူထောင်ထားတဲ့ ဘော်ဒါကျောင်းကို မနေ့ညက ရဲတွေ ဝင်မွှေသွားတယ်လို့ သိရပါတယ်။

ဘော်ဒါကျောင်းက ကလေးတွေအိပ်နေချိန်မှာ ဝင်မွှေသွားတာဖြစ်တဲ့အတွက် ကလေးတွေ အတော်လေး အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

ကျောင်းနေခွင့်မရတဲ့ မိဘမဲ့ကလေးတွေ၊ မိဘမတတ်နိုင်လို့ ကျောင်းမနေရတဲ့ကလေးတွေ၊ မိဘက တတ်နိုင် ပေမယ့် ဝေးလံသီခေါင်တဲ့ ဒေသမှာ နေရလို့ ကျောင်းနဲ့ အလှမ်းဝေးတဲ့ ကလေးတွေကို သန်လျင်မက်သဒစ် ဘုန်းတော်ကြီးက ခေါ်ပြီး ကျောင်းထားပေးထားတာပါ။ သူ့ ဘော်ဒါလေးရဲ့ သက်တမ်းက ၁၀ နှစ် ဝန်းကျင်ရှိပြီး သူငယ်တန်းကနေ ၁၀ တန်းအထိ ကလေး အယောက် ၂၀ လောက်ရှိပါတယ်။

မနေ့ညက ဖြစ်ပုံကတော့ ရဲယူနီဖောင်းဝတ်ထားတဲ့သူ ၇ ယောက်၊ ၈ ယောက်လောက်ဟာ ရယက တွေလည်းမပါ၊ ဘာအမိန့်စာမှလည်း မပါဘဲ ကလေးတွေ အိပ်နေတုန်း ခြံစည်းရိုးကိုကျော်သူကကျော်၊ ခွေးတိုးပေါက်က တိုးသူကတိုး ဝင်ပြီး ကလေးတွေမျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး “သူလား၊ သူလား” နဲ့ တရားခံရှာသလို ရှာတယ်တဲ့။

ရဲအရာရှိ တယောက်ပဲ ဝင်းတံခါးကို ဖွင့်ခိုင်းပြီး ဝင်တာလို့ ဆိုပါတယ်။ သူတို့နဲ့အတူ သွေးသံရဲရဲနဲ့ လူတယောက်လည်း ပါလာပြီး ဆိုင်ကယ်ကို ရိုက်လုသွားလို့ တရားခံဝင်လာတယ်ထင်ရတဲ့ ခြံဝင်းထဲ ဝင်ဖမ်းတာဆိုပဲ။

ကလေးတွေက အိပ်နေရာက ရုတ်တရက်လန့်နိုး၊ ဓာတ်မီးနဲ့လည်း အထိုးခံရ၊ သူ လုပ်တာလားဆိုပြီး သွေးသံရဲရဲနဲ့ လူကိုမေးနေတာလည်း တွေ့ရတော့ တော်တော် ထိတ်လန့်သွားကြတယ်။ လွတ်နေတဲ့ ခေါင်းအုံးကို ဓာတ်မီးနဲ့ထိုးပြီး “ဒါက ဘယ်သူ့ အိပ်ရာလဲ” လို့တောင် မေးလိုက်သေးသတဲ့။ ဘော်ဒါဆောင်ကို စောင့်ရှောက်တဲ့သူတွေကလည်း မကျေနပ်ပေမယ့် ဘာမှ မပြောရဲကြဘူးလို့ ဆိုပါတယ်။

နောက်ထပ် သတင်းတွေကလည်း ထွက်နေသေးတာကိုး။ သန်လျင်က ဘုရားကျောင်းတွေကို ခုလိုပဲ ဝင်ရှာဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းတွေပါ။

ဘာလို့လဲ ဆိုတော့ ပဲခူးက ဗုံးပေါက်တဲ့အမှုနဲ့ ပတ်သက်မှုရှိတယ် ဆိုပြီး ပဲခူး ရွှေနှလုံးတော် ဘုရားကျောင်း ဝန်းထဲမှာ ဗုံးတလုံးတွေ့တယ်ဆိုပြီး အဲဒီက ဘုန်းတော်ကြီးကို အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းက ခရစ်ယာန် အသိုင်းအဝန်းမှာ ပြန့်နေလို့ပါ။

ဘာပဲဖြစ်ဖြစ် သန်လျင် ဒေသခံတွေကတော့ မေးခွန်းထုတ်နေလေရဲ့။ ကူညီပါရစေဆိုတဲ့ ရဲတွေလား၊ ဓားပြတွေလား ... တဲ့။

1 comments :

  1. Anonymous said... :

    မြန်မာပြည်မှာတော့ ရဲဆိုတာ တရားဝင်ဓားပြ(ဒမြ)တစ်မျိုးပဲ ဆိုတာ လူတိုင်း သိနေတဲ့ ကိစ္စပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved