ဦးလေးကြီးက စကားစသည်။
“ဒီမှာ.. ကိုတူမောင်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကို ကြားဖူးတယ်နော်။ သူ့ကို အကြောင်းပြုပြီး ရနိုင်တာတွေရှိတယ်။ တန်ဖိုးကြီးလွန်းလှတဲ့ သင်ခန်းစာတွေ..။ ယူတတ်ရင် အများကြီး အလကားရနိုင်တယ်”
ဘာသင်ခန်းစာတွေလဲ၊ ဘယ်လို ယူတတ်ရမှာလဲ။ ကိုတူမောင် စိတ်ဝင်စားသွားသည်။ သို့ဖြင့် ကိုတူမောင့်ပါးစပ်ထဲက စကားတခွန်း ဗြုန်းဆိုထွက်သွားတော့သည်။
“ဗျာ..”
“အဖြစ်က..ဒီလို.. ကိုတူမောင်။”
ဤသို့စကားခံပြီး ဦးလေးကြီးက ရှင်းပြသည်မှာ ဆက်ဒမ်ဟူစိန်သည် အီရန်နှင့်စစ်ဖြစ်သည်။ အီရန် မရှုမလှ ရှုံးသွားသည်။ဆက်ဒမ်ကို တကမ္ဘာလုံးက မျက်လုံးပြူးပြီး ကြည့်ကြရတော့သည်။ ဆက်ဒမ်ကြီး ဘဝင်လေဟပ်သွားလေပြီ။အစ္စရေးကို မမှုချင်တော့။ အမေရိကန်ကို အန်တုချင်လာသည်။ ထို့ကြောင့် နျူးကလီးယားဗုံးကို ပိုင်ချင်သည်။ ပိုင်ချင်၍ အားထုတ်သည်။ဒါကြောင့်အမေရိကန်၊ အစ္စရေးနှင့် အပေါင်းပါများ အကြပ်ရိုက်ကုန်ပြီ။ တခါတခါ နှလုံးတုန် ရင်ခုန်ရသည်။တခါတခါကျပြန်တော့ ရင်ပူရသည်။ နေမထိထိုင်မသာ ဆွေ့ဆွေ့ခုန်ကြရပြီ။ အဲဒီလိုနဲ့ တဆင့်ပြီးတဆင့် တက်..တက်..
လာလိုက်တာ၊ အဲ..မျက်ဖြူဆိုက်ရတဲ့ အဆင့်အထိ ရောက်ကုန်ကြရရော။
“အဲ..ကိုတူမောင်ရေ့၊ ဆက်ဒမ်ကြီးကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ။ ရန်သူအားလုံးကို တဟား..ဟား၊ဟားတိုက်ချင်စိတ် ပေါ်လာတယ်။ သူဆီမှာ နျူးကလီးယားရှိသလိုလို၊ မရှိသလိုလို၊ ဟိုလိုလို..ဒီလိုလို၊ဝေ့လည်ကြောင်ပတ် လုပ်တယ်။ ခပ်တည်တည်ပဲ။ နောက်ဆုံးတော့ နိုင်ငံတကာ အနုမြူထိန်းသိမ်းရေး ဆရာကြီးတွေ ဝင်ပြီးစစ်ဆေးရမယ့်အဆင့်ကို ရောက်သွားပါလေရော”
ဦးလေးကြီးက စကားကိုဖြတ်ပြီး ခဏကလေးနားသည်။ အမောကလေးဖြေပြီး စကားကိုဆက်၏။
“ဆက်ဒမ်ကြီးက အစစ်ဆေးမခံနိုင်ဘူးတဲ့။ ဟာ.. မျက်ဖြူဆိုက်တွေ ပိုပြီးမျက်ဖြူဆိုက်ကုန်ရော။ သံတွေ၊ တမန်တွေ ခေါင်းချင်းရိုက်ကုန်ပြီ။ ဒီအဖြစ်တွေကို ပြောပြရရင် ဆုံးမှာမဟုတ်လို့ လိုရင်းကိုပဲ ပြောမယ်။ ဆက်ဒမ်ကြီးက ပါးလှည့်..နားလှည့်.. ဝေ့ဝိုက်..ကစားလို့.. ဝတော့မှ ခွင့်ပြုလိုက်တယ်။ မယုံရင်လာကြည့်တဲ့”
“လုံုံခြုံတဲ့နေရာကို ရွှေ့ထားပြီးမှ ခွင့်ပြုတာဖြစ်မှာပေါ့”
“မှတ်ချက်မစောနဲ့ဦး.. ကိုတူမောင်။ ဆက်ဒမ်က ဥာဏ်နီဥာဏ်နက် အင်မတန်များတာ။ အဲ.. အနုမြူဆရားကြီးတွေ ရောက်လာ။ ဟိုမှာရှာ၊ ဒီမှာရှာ။ ဘာကိုမှရှာမရ။ မအီမလည်နဲ့ ပြန်ကြရ။ ဒီတော့ မောင်ဆက်ဒမ်က.. တမျိုးတဖုံ ချိုထောင်လာပြန်တယ်။ ထွေတလီထွေတလာ၊ မူယာမာယာတွေသုံးပြီး အစ္စရေး၊ အမေရိကန်နဲ့ အပေါင်းပါတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်။ သူ့ဆီမှာ နျူးကလီးယားဆိုင်ရာတွေ အမှန်တကယ် ရှိကိုရှိရမယ်လို့ တထစ်ချ ထင်မှတ်လာကြပြန်ရော။ အဲ.. နျူးကလီးယားဆရာကြီးတွေ နောက်တကျော့ဝင်လာပြီး ရှာရဖွေရပြန်ပြီ။ ဒီတခါလည်း
ရှာမရပြန်ဘူး။ အဲ..ခက်ကုန်ပြီ”
ဦးလေးကြီးသည်ပင် ငြီးငြူရလေပြီ။ ကိုတူမောင့်အဖို့မူ ပဟေဠိဖြစ်၍နေလေသည်။
“ခက်ကုန်ပြီ.. ကိုတူမောင်။ ဆက်ဒမ်ကလည်း မလျှော့ဘူး။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာက
အလွန်အကျွံ ဖြစ်သွားပြီလေ။ ခုမှလျှော့ရင် ငပေါဖြစ်တော့မယ်။ ဆက်ဒမ်က မလျှော့လေ ယူအက်စ်တို့၊ အစ္စရေးတို့၊အိပ်မပျော်စားမဝင်ဖြစ်လေ။ ယူအက်စ်အဖို့ ဆက်ဒမ်ကို ဦးမချိုးနိုင်ရင် ကမ္ဘာ့ငပေါကြီး ဖြစ်ရတော့မယ်။ ကမ္ဘာ့လူက.. မလေး၊ကမ္ဘာ့ခွေးက.. မခန့်။ အဲဒီကိန်းဆိုက်ရော့မယ်။ ကဲ..တတ်နိုင်ဘူး။ ယူအက်စ်ကြီးက စစ်ဆင်ရေးကိုပြင်ပြီ။အဲ.. မောင်ဆက်ဒမ်ကြီး ဘာလုပ်မည်နည်း”
ဦးလေးကြီး၏ စကားအဆုံးတွင် မေးခွန်းကလေးတခုက ချိတ်လျက်သားပါသွားသည်။ ထိုမေးခွန်းလေးအတွက် အဖြေရဖို့ ကိုတူမောင် စဉ်းစားကြည့်သည်။ ခက်သည်က.. ကိုတူမောင်..ခမျာ ဗဟုသုတအရာ အားနည်းလေတော့ တုန့်ပြန်ဆွေးနွေး အဖြေရှာရခက်နေသည်။
“ကိုတူမောင်၊ ဘာတွေ.. တွေးနေတာလဲ.. ဟဲ..ဟဲ..”
ဦးလေးကြီး၏အမေးက ကိုတူမောင်၏အတွေးကို ကွက်တိဖမ်းမိသွားလေပြီ။ ကိုတူမောင်ခမျာ.. ရှိုးတိုး.ရှန့်တန့်..ဖြစ်ကာ ဘာဖြေရမယ်မသိ ဖြစ်သွားပြီး ဦးလေးကြီးအား ပြောလေသည်။
“ရှေ့ဆက်ဦးလေ..ဦးလေးကြီး”
“ဆက်ဒမ်ကြီး သူရှူး..သူပတ်.. ဖြစ်သွားပြီ။ အပေါက်ကျွံသွားတဲ့ ခြေထောက်ကို ပြန်နှုတ်လို့ရတယ်။
ကျွံသွားတဲ့စကားကိုတော့ ပြန်နှုတ်လို့မရဘူး။ ဆက်ဒမ်ကြီးက စကားအကျွံကြီးကျွံသွားပြီ။ ဒီတော့
ရှေ့တိုး..ထမ်းပိုး၊ နောက်ဆုတ်..လှည်းတုတ်။ အကျပ်တွေ့ပြီ။ ယူအက်စ်တို့၊ အစ္စရေးတို့ကို ကြိမ်းမောင်း၊ ဟိန်းဟောက်၊ခြိမ်းခြောက်ခဲ့တာတွေက တကမ္ဘာလုံး မကြားချင်အဆုံး။ ဒီတော့ ဆက်ဒမ်ကြီး မထူးဇာတ်ခင်းရတော့မယ်။ဟော.. ယူအက်စ်ကစစ်ချီလာပြီ။ ဗုံးတွေ၊ ကျည်တွေကို မိုးရွာချပြီ။ ဟင်း.. အင်အားချင်းမမျှတော့ ဆက်ဒမ်ရဲ့အီရတ်စစ်တပ်.. ဖွတ်ဖွတ်ညက်ညက် ကျေသွားပါလေရော။ ဒါတောင် သူ့နိုင်ငံခြားရေးဝန်ကြီး တာရစ်အဇစ်ကတော့ နည်းနည်းကလေးမျှ လေမလျှော့ဘူး။ အီရတ်ကတွယ်လိုက်လို့ ယူအက်စ်ခွက်ခွက်လန်ခံနေရပြီ..တဲ့။ အဲဒီလို ကမ္ဘာကို ဆက်တိုက်သတင်း
လွှင့်နေတယ်။ အောက်ကသာ နေရတယ်၊ ဟဲ..ဟဲ.. ဟာယီးကတော့ တချက်ကလေးမျှ မလျှော့ဘူး... ဟဲ..ဟဲ။ယူအက်စ် စစ်တပ်လက်ထဲ အဖမ်းခံရတော့မှပဲ ပါးစပ်ပိတ်တော့တယ်..ဟဲ..ဟဲ”
ဦးလေးကြီးက ထုံးစံအတိုင်း ခဏနားပြီးတော့ နောက်တကျော့ စကားဆက်ပြန်သည်။
“ဟဲ..ဟဲ.. ကိုတူမောင်။ သေနတ်ကိုခါးမှာထိုး၊ လက်နှစ်ဘက်ကို မာန်ပါပါတအားလွှဲ၊ ကျားကျားလျားလျား လမ်းလျှောက်ပြ၊ကိုယ်လုံးကိုယ်ထည်က ဧရာမ..ဟဲ.ဟဲ.. အဲဒါ..ဆက်ဒမ်ရဲ့.. ပုံရိပ်ဆိုလား၊ ရုပ်ပုံလွှာဆိုလား..ဟဲ..ဟဲ.. အဲဒါကို..ဟိုတုန်းက တီဗီထဲမှာ မြင်ခဲ့ရတာ..ဟဲ..ဟဲ..”
ဦးလေးကြီးက တဟဲ..ဟဲ..ဟဲပြီး အာဏာရှင်ကြီး၏ ဘဝနိဂုံးပိုင်းကို ဆက်လေသည်။ ဦးလေးကြီး၏ အပြောအရ စစ်အရှုံးမှာ ဆက်ဒမ်ကြီးပျောက်နေသည်။ ဗုံးမှန်လို့သေသွားပြီလား၊ မသေသေးပဲ ပုန်းအောင်းနေသည်လား။ သေသေ..မသေသေ။သည်ကောင်ကြီးကိုတော့ ပိုက်စိတ်တိုက်၍ ရှာကိုရှာရမည်။ ဒါသည်စစ်၏ အလုပ်သဘောဖြစ်သည်။
ဦးလေးကြီးက တမျိုးတဘာသာဆက်၍ ပြောပြန်သည်မှာ ဆက်ဒမ်ကြီး စစ်ရှုံးပြီး ထွက်ပြေးရသည်။ မြို့တော်ဘဂ္ဂဒက်က ဧရာမဆက်ဒမ်ရုပ်ထုကြီး ဖြိုလှဲခံရသည်။ ရုပ်ထုကြီးကို ဖိနပ်ဖြင့်ရိုက်သူတွေက ရိုက်ကြသည်။ ကလေးတွေကတော့..ကန်တော့.. ကန်တော့.. ရွှေပန်းကလေးတွေငေါ့ပြီး ရှူရှူပန်းကြသည်။တချိန်ကအဖိနှပ်ခံ.. အညှင်းဆဲခံ အီရတ်နိုင်ငံသားအများကြီး လမ်းမပေါ်ပြေးထွက်လာကြသည်။ ပျော်လွန်းလို့ကကြ၊ ခုန်ကြသည်။အကြောက်တရားမှ လွတ်ပြီဟု တွေးမျှော်ခဲ့ကြသည်။
ဟော..တနေ့လည်းကျရော စစ်မြေပြင်တနေရာမှာ သတ္တဝါ….တကောင်လား၊ တယောက်လား၊ မသဲမကွဲလှ။မြေကြီးထဲမှ ဘွားကနဲထွက်လာပါပြီ။ တွင်းအောင်းပြီး နေထိုင်လေ့ရှိသော ဝံပုလွေလား။ ဆက်ဒမ်ဟူစိန်လား..ဟဲ..ဟဲ။ ရုတ်ချည်းပင် ခတ်လှမ်းလှမ်းမှနေ၍ တုန်တုန်ယင်ယင်အော်ဟစ်သံက ဆက်တိုက်ထွက်လာသည်။ နီဂိုရှိတ်... နီဂိုရှိတ် .... နီဂိုရှိတ် … နီဂိုရှိတ် … တဲ့။
“အောင်မလေးလေး.. ကိုတူမောင်။ လက်စသတ်တော့ ငနဲကြီး မောင်ဆက်ဒမ်ဟူစိန် ဖြစ်နေလေရဲ့.. ဟဲ..ဟဲ။ ပျာပျာသလဲ ကမ်းလှမ်းလာတာ..ဟဲ..ဟဲ။ စေ့စပ်စကား ပြောပါ့မယ်တဲ.့.ဟဲ..ဟဲ။အဲဒီလိုခံရတဲ့ အလှည့်ရောက်လာတော့ အချိုးကပြောင်းလာတယ်။ တောမီးလောင်လို့၊ ဘယ်ယက်ညာယက်၊ ပြေးကာထွက်လာတဲ့ လိပ်များလိုပဲ။ မျက်စိကလေး ပေကလပ်..ပေကလပ်နဲ့..ဟဲ..ဟဲ။ အောက်ကျို့လွန်းတဲ့ မျက်နှာသေလေးနဲ့..ဟဲ..ဟဲ”
ဦးလေးကြီးက..ပြောလိုက်၊ ရယ်လိုက်။ ရယ်လိုက်၊ ပြောလိုက်.. လုပ်နေသည်။ ကိုတူမောင်ကတော့ ရယ်ရတော့မလို မရယ်ဘဲနေရမလို ဂွကျနေလေပြီ။
“ကိုင်း..ကိုတူမောင်၊ အာဏာရှင်တို့မည်သည် ဘဝနိဂုံး၊ အဆိုးဆုံး..တဲ့။ အာဏာရှင်တို့ရဲ့ သဘောသဘာဝက ဘာလဲ။အဲ.. ဦးလေးကြီးတော့မောပြီ။ နားဦးမယ်..ကိုတူမောင်”
ကိုတူမောင်က အာဏာရှင်တို့၏ သဘောသဘာဝကို ခဏတာ မျက်စိစုံမှိတ် စဉ်းစားကြည့်သည်။ မိမိ၏အမြင် အယူအဆကို အားမရလှ။ ဦးလေးကြီးပြောမှ စုံလင်ထိမိမည်။ ဦးလေးကြီး ပြောတာကိုပဲ နားထောင်ချင်သည်။ သို့သော် ဦးလေးကြီးက ချက်ချင်းစကားမပြောနိုင်သေး။ အမောပြေအောင် နားပြီးတော့မှ အားရပါးရ.. တစ်တစ်ခွခွ.. ပြောလေသည်။
“ဒီမှာ.. ကိုတူမောင်။ ဆက်ဒမ်လို အာဏာရှင်တို့ရဲ့ သဘောသဘာဝက ဟောဒီလို”
ဤသို့ခြေဆင်းကလေး ခင်းပြီး ဦးလေးကြီးက တဖြတ်ပြီးတဖြတ်၊ ဖြတ်..ဖြတ်ပြီး ဒိုး..ဒေါက်..ဂိုး..ဂွပ် ဖွင့်ဟလေတော့သည်။
“အာဏာရှင်ဟူသမျှဟာ အာဏာရှင်ဘဝကို သူတို့ရဲ့ဘော်ဒီ၊ သူတို့ရဲ့ကိုယ်ကာယ၊ ဆိုလိုတာက.. သူတို့ရဲ့လက်နက်။ အဲဒါနဲ့ တည်ဆောက်ထားတာ။ သူတို့ရဲ့ ဘဝပေးအရ လက်နက်နဲ့ ဖြေရှင်းတယ်။ တနည်းဆိုရရင်.. လက်နက်နဲ့ စကားပြောတယ်။အဲဒါ ဘော်ဒီလဲင်းဂွေ့ခ်ျကို အသုံးချတာ”
ဦးလေးကြီးက နောက်တဖြတ်ကို ဆက်သည်။
“အာဏာရှင်ဟူသမျှဟာ နှလုံးသားနဲ့ဦးနှောက်ဆီက ယိုစီးလာတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဆိုတာကို နားမလည်ဘူး။နားမလည်တော့ အသုံးမချတတ်ဘူး။ အဲဒါဟာ ဗာဘယ်လ်လဲင်းဂွေ့ခ်ျကို နားမလည်တာ၊ အသုံးမချတာ။”
ဦးလေးကြီးက ပြောခဲ့သောစကားများကို လိုရင်းတိုရှင်း ချုံ့ပစ်လိုက်သည်။
“ဒီတော့..အာဏာရှင်ဟူသမျှဟာ အယဉ်စိတ်.. လူစိတ်မရှိဘူး။ အရိုင်းစိတ်.. တိရစ္ဆာန်စိတ်ပဲရှိတယ်။”
ဦးလေးကြီးက တစ်တစ်ခွခွ ထိထိမိမိ အားထည့်ပြီး ပြောပြနေရသဖြင့် နည်းနည်းတော့မောသည်။ ထုံးစံအတိုင်းပင် နည်းနည်းမောတော့ နည်းနည်းနားသည်။ ပြီး.. ဆက်၍ပြောသည်။
“ဒီ..အာဏာရှင်တွေဟာ ပြဿနာကို.. အယဉ်စိတ်.. လူစိတ်နဲ့ မချဉ်းကပ်ဘူး။ စေ့စပ်ညှိနှိုင်း အဖြေရှာရေးစကား၊နိုင်ငံရေးစကား ဘာကိုမျှ ပြောလို့မရဘူး။”
ဦးကြီးကစကားကို..တဖြတ်၊ ဖြတ်လိုက်သည်။
“အာဏာရှင်တွေဟာ အပေါ်စည်းဘဝရောက်နေရင် ဘာကိုမဆို အရိုင်းစိတ်၊ တိရစ္ဆာန်စိတ်နဲ့ စဉ်းစားတယ်။ နိုင်သူက စားစတမ်း.. ဂျမ်းဂဲလောအတိုင်း ခပ်ရိုင်းရိုင်းရှင်းတယ်။ တိရစ္ဆာန်ပါးဝတယ်။ အားနည်းသူကို အပေါ်စီးနဲ့ ဗိုလ်ကျတယ်၊အနိုင်ကျင့်တယ်။ မတော်မတရား အခွင့်ထူး ယူရမလား၊ ယူတယ်။ ခိုးရမလား၊ ခိုးတယ်။ ရိုက်ရမလား၊ ရိုက်တယ်။သတ်ရမလား၊ သတ်တယ်။ ဘုန်းကြီးသံဃာကိုတောင် မရှောင်ဘူး။ ရိုက်တယ်၊ သတ်တယ်။ ကမ်းကုန်ပြီ။
တောင်းပန်လို့မရ၊ အသနားခံလို့မရ၊ ရှိခိုးလို့မရ။ လာလာသမျှကို မလွတ်စတမ်းစားတယ်၊ ဝါးတယ်၊ မျိုချတယ်။
ဒါကြောင့် အာဏာရှင်ဟာ လူသားကိုပါစားတဲ့..ကျား”
ဦးလေးကြီးသည် အားနှင့်အင်နှင့် ပြောသဖြင့် အတော်ကလေး မောသွားသည်ကြောင့် အတော်ကလေး
ကြာကြာနားပြီးမှ ပြောလက်စကို ဆက်ပြောသည်။
“အာဏာရှင်ဟူသမျှဟာ ကိုယ့်ထက်အားကြီးသူနဲ့တွေ့ပြီ၊ ရှုံးလို့ အောက်စည်းရောက်သွားပြီ၊
ဟင်း.. အကြောက်ကြီးကြောက်ပြီ၊ မျက်ကလဲဆန်ပျာ ဖြစ်ပြီ၊ ဒူးထောက်ပြီ၊ မာန်မာနတွေလွင့်ကုန်ပြီ၊ နိုင်သူ၏ ခြေထောက်ကို နှာဖူးနဲ့တိုက်ပြီ၊ အသနားခံပြီ၊ တောင်းပန်ပြီ၊ ရှိခိုးပြီ၊ ဒီအဖြစ်ကို သရုပ်ပေါ်အောင်ဖေါ်တဲ့.. စကားတစ်ခုရှိတယ်။ ရာဇဝင်မှာ စံတင်ရမယ့် မှတ်သားစရာစကား..။ ပြောသူက.. ဗကပပြေး၊ စစ်ထောက်လှမ်းရေး လက်ကိုင်တုတ်.. ရဲဘော်ဘခက်။သူ့စကားက.. ဟဲ..ဟဲ.. တောထဲက ထွက်ပြေးလာတုန်းက..တဲ့၊ ဗကပရန်က လွတ်မယ်ဆိုရင်..တဲ့၊ ဟဲ..ဟဲ.. ချီးပဲစားရစားရ၊
သေးပဲသောက်ရသောက်ရတဲ့.. ဟဲ..ဟဲ။ အလားတူပါပဲ။ အာဏာရှင်တွေ အာဏာမဲ့သွားပြီဆိုရင်လား။အား.. သူတို့ဟာ.. တုန်လှုပ်ချောက်ချားလွန်းလို့ နှလုံးကွဲပြီး သေတော့မယ့်..ယုန်သူငယ်..ဟဲ..ဟဲ..”
ဦးလေးကြီးတယောက် တအားကို အားခဲကာ ရှင်းလင်းပြောဆိုပြီးဖြစ်သဖြင့် အတော်ကြီး ခေါင်းပေါ့သွားပြီ။ ထို့ကြောင့် အကန့်တကန့်ကို ဤသို့ပိတ်လိုက်သည်။
“ဒါဟာ.. အာဏာရှင် ဆက်ဒမ်ဟူစိန်ကြီးကို အကြောင်းပြုပြီး အဲ.. အဖိုးအခမပေးဘဲ အလကားယူလို့ရတဲ့ အာဏာရှင်တို့ရဲ့ သဘောသဘာဝ သင်ခန်းစာ”
ဦးလေးကြီးကပြောလျှင် အားရပါးရပြောသည်။ ထို့ကြောင့်.. အားရပါးရမောသည်။ မော၍နားသည်။ အမောပြေတော့ နောက်စကားဝိုင်းအတွက် ကိုတူမောင်အား မိတ်ဆက်ပေးခဲ့သည်မှာ ဤသို့တည်း။
“ဒီမှာ.. ကိုတူမောင်။ အာဏာရှင်ကို ရှင်းပစ်ချင်သလား။ ရှင်းရမယ့်အာဏာရှင် အမျိုးအစားက … ဖီလစ်ပိုင်မားကို့စ်လို အမျိုးအစားလား၊ အီရတ်ဆက်ဒမ်လို အမျိုးအစားလား၊ အဲ.. သိုဟန်ဘွားလက်သစ် ဗိုလ်သန်းရွှေက ဘယ်လိုအမျိုးအစားလဲ။
ဘယ်လိုရှင်းမလဲ ” တဲ့..ဟဲ..ဟဲ..။
အာဏာရှင်ဘယ်လိုမျိုးလဲဆိုတာထက်၊ အာဏာရှင်နဲ့သူရဲ့တိုင်းပြည်ကို မဆင်မခြင် စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ကတော့ အာဏာရှင်သေသွားတာထက် သူ့ပြည်သူတွေထိတာကပိုဆိုးရွားပါတယ်။ အားလုံးသော သတ္တ၀ါများ လုပ်ငန်းစဉ်ရှေ့မှာ စဉ်းစားဥာဏ်ဦးကြပါစေဗျာ။ လုပ်ပစ်လိုက်ရတာကလွယ်ပါတယ် လုပ်လိုက်တာရဲ့နောက်သူ့ရဲ့အကျိုးဆက် အားလုံးအတွက်ကောင်းဖို့က အရေးကြီးဆုံးပါ။