နအဖအလံသစ် တအိမ်တက်ဆင်း ရောင်းချ
Thursday, December 30, 2010
အောက်တိုဘာ ၂၁ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် စတင်လွှင့်တင်လိုက်သည့် နအဖ အလံသစ်
၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ အိမ်တိုင်း ၊ တိုက်ခန်းတိုင်း နအဖစစ်အစိုးရရဲ့ နိုင်ငံတော်အလံသစ်ကို တင်ကြဖို့ ဆိုပြီး ရန်ကုန်တိုင်းအတွင်းမှာ သက်ဆိုင်ရာ ရယကတွေက တအိမ်တက်ဆင်း လိုက်လံဖိအားပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန် တာမွေမြို့ခံတဦးက“လွတ်လပ်ရေးနေ့မှာ အိမ်တိုင်း အလံအသစ်ကို တင်ကြပါ။ အလံသစ်ကိုလည်း ၀ယ်ကြပါဆိုပြီး လျှောက်လွာစာရွက်လောက်ရှိတဲ့ အလံတွေကို အလံတခု ၅၀၀ ကျပ်နဲ့ ရယက အဖွဲ့တွေက လိုက်ရောင်းနေကြတယ်”လို့ ပြောပါတယ်။
ရန်ကုန်က ဂျာနယ်လက်ပွေ့ရောင်းသမားတချို့ကိုလည်း စည်ပင်က ဖိအားပေးရောင်းချခိုင်းတာကြောင့် မီးပွိုင့်လမ်းဆုံတွေမှာ ဂျာနယ်နဲ့အတူ တွဲဖက်ရောင်းချပေးနေရတာကို တွေ့မြင်ခဲ့ရတယ်လို့ ပြည်တွင်းစာနယ်ဇင်းသမားတဦးက ပြောပါတယ်။
“မီးပွိုင့်တွေမှာ ရောင်းတာတော့ ၀ယ်ယူနေကြတာ မတွေ့ရပါဘူး။ ဒီ ၀ါ ၊ စိမ်း ၊ နီ မီးပွိုင့်အလံကြီးကို ဘယ်သူက ၀ယ်နေမှာလဲ။ ဒီအလံပုံစံကို ဘယ်သူမှ မကြိုက်ကြဘူး။ ရပ်ကွက်တွေထဲမှာ ရယကတွေလှည့်ရောင်းတာကိုတော့ ကြောက်တဲ့သူတချို့ကတော့ ၀ယ်ကြမှာပေါ့လို့” စာနယ်ဇင်းသမားက ဆိုပါတယ်။
ဝါ ၊ စိမ်း ၊ နီ သုံးရောင်ခြယ်အလယ်မှာ ကြယ်ဖြူပါတဲ့ အလံသစ်ကို နအဖစစ်အစိုးရက ယခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က စတင်ကာ အစိုးရရုံးတွေမှာ လွှင့်တင်ခဲ့တာပါ။
တရားဝင် လုပ်ထုံးလုပ်နည်းအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးမှသာ အသက်ဝင်မည်ဖြစ်တာမို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းရေးဆွဲထားတဲ့ နိုင်ငံတော်အလံကိစ္စကိုလည်း အဲဒီအခါမှသာ ပြဋ္ဌာန်းသင့်တယ်လို့ ရွေးကောက်ပွဲဝင် ပါတီတွေက ဝေဖန်ခဲ့ကြပါသေးတယ်။
ဒါပေမယ့်လည်း နအဖစစ်အစိုးရကတော့ ၁၉၇၄ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လွှင့်တင်ခဲ့တဲ့ အလံဟောင်းကိုဖြုတ်ချခဲ့ပြီး အောက်တိုဘာလအတွင်းမှာပဲ အလံသစ်ကို လွှင့်တင်ခဲ့ပါတယ်။
နအဖစစ်အစိုးရဟာ သူတို့ ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ချိုးဖောက်ပြီး ဒီအလံကို လွှင့်တင်ခဲ့တဲ့အတွက် ပြည်သူလူထုက သဘောကျ နှစ်သက်ခြင်းမရှိပါဘူး။ ဒါ့ကြောင့်လည်း နအဖ အလံသစ်ကို အင်တာနက်စာမျက်နှာတွေပေါ်မှာ နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြတဲ့အပြင် သီရိလင်္ကာနိုင်ငံရောက် မြန်မာရဟန်းတော်များဟာဆိုရင် နအဖအလံသစ်ကို အခမ်းအနားနဲ့တောင် မီးတင်ရှို့ခဲ့ကြကြောင်းပါ ခင်ဗျား။
7 comments :
  1. Anonymous said... :
    အောင်ဆန်း
    နအဖက ပြည်သူတွေရဲ့ သဘောထား တစ်ခုမှမကြည့်ဘဲလုပ်ချင်ရာ လုပ်နေတာ၊ အခုလည်း ထားဝယ်မှာ တည်ဆောက်မဲ့ ရေနက်ဆိပ်ကမ်းကြောင့်
    ပြည်သူတွေ ဒုက္ခရောက်တော့မယ၊် ပြညသူတွေ မနစ်နာရအောင် ဒါကို ဒီတိုင်းပဲ လွှတ်ပေးထားမယ်ဆိုရင်တော့ ထင်တိုင်းကြဲတော့မှာပဲ
    ဖြစ်နိုင်မယ်ဆိုရင် စီမံကိန်းမအောင်မြင်အောင် နိုင်ငံတကာမှာ ဆန္ဒပြသင့်တယ်။ ဧရာဝတီ ၀ိုင်းတော်သားများ နှိုးဆော်ပေးလိုက်ဗျာ။
  1. ထင်တိုင်းကြဲနေတဲ့ နအဖ စစ်အုပ်စုကြောင့်
    ဘိုးဘွားစဉ်ဆက်က နေထိုင်လာခဲ့တဲ့ ဒေသခံပြည်သူတွေ ဒုက္ခ အကြီးကျယ်ရောက်တော့မယ်၊
    ဒါကို ဒီတိုင်းပဲ ကြည့်နေကြတော့မှာလား ကိုရွှေမြန်မာတို့
    ထိုင်းဆိုတာ တကယ်တော့ ကိုရွှေမြန်မာတွေထက် အဆပေါင်းမြောက်များစွာ လည်ပါတယ်၊
    လည်တယ်ဆိုတာ သူ့အတွက်ကြည့်တာကိုပြောတာနော် ။ နအဖကလည်း လီကွမ်ယုပြောသလို
    ငတုံးတွေဆိုတော့ ဘာမှမသိဘူး။ အခုကိုယ့်မြေမှာ ကျွန်ပြန်ခံရဖို့ နအဖကစီမံကိန်းကြီးကြီးတွေ ဆွဲနေပြီ။
    နအဖတွေ ထင်တိုင်းကြဲနေကြပြီ ကိုရွှေမြန်မာတို့ရေ..ဒေသခံပြည်သူတွေအတွက် မြန်မာပြည်သူအားလုံးအတွက်
    နောက် ဒီထက်ဒုက္ခတွေ မရောက်ရအောင် နအဖစစစ်မိစ္ဆာတွေကို ၀ိုင်းဝန်း ဖိအားပေး တော်လှန်ကြစို့ ကိုယ်ရွှေမြန်မာတို့ရေ.....
  1. Anonymous said... :
    လွတ်လပ်ရေးရတာ ၁၉၇၄ ဆိုတော့ လွတ်လပ်ရေးရတာ ၃၆ နှစ်ပဲ ရှိသေးတာပေါ့နော်. :P
    မှားနေတယ် ဗျို့ ၁၉၄၈ ဖြစ်ရမှာလေ
  1. ဗဟန်း said... :
    ခက်ပါလား အပေါ်က Anonymous တစ်ယောက်.. သူများကို လှောင်ဘို့ အင်မတန် ကြိုးပမ်းခဲ့ပုံရပါ့.. ဒါ့ကြောင့်လည်း.. :P ကလေးတောင် ထည့်လိုက် သေး.. ဒီလိုပါ.. ဆောင်းပါးရှင်ဟာ အင်မတန် သေးစိတ် တိကျတဲ့သူတောင် ပြောလို့ရပါတယ်.. သူပြောတဲ့ ၃၆ နှစ်ဆိုတာ ခွေးသွားစိတ် စပါးနှံ အလံ ကို ပြောတာပါ.. ၁၉၇၃ ခု ဖွဲ့စည်းပုံ အတည်ပြုပြီးနောက် ပြောင်းလိုက်တဲ့ အလံ.. စတင်လွှင့်တင်တဲ့နေ့ ၁၉၇၄ ဇန် ၄ ရက် ဖြစ်.. ဒိမတိုင်မီက ကြယ် ၅ လုံး အလံဆို တာ မိတ်ဆွေလဲ သိမှာပ.. (ကျုပ်ဆောင်းပါးရှင်မဟုတ်)
  1. Unknown said... :
    သူတို့ လုပ်ချင်တာကို ပဲ လုပ်နေကြတုန်းပါပဲလား။
  1. Anonymous said... :
    နအဖ အလံသစ်မဟုတ်ပါဘူး။နိုင်ငံတော် တစ်မျိုးသားလုံးရဲ့ အလံသစ်ပါ။
    ပေါက်ကြိုင်း
  1. Anonymous said... :
    တစ်မျိုးသားလုံးရဲ့ အလံဆိုတာ ပြည်ထောင်စုသားအားလုံးက ကျေနပ်ထောက်ခံ မှသာ တစ်မျိုးသားလုံးရဲ့ အလံ၊ ပြည်ထောင်စုရဲ့ အလံ ဖြစ်မှာပါ။ ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့ ထောက်ခံချက်တစ်စုံတရာ မပါဝင်တဲ့အတွက် ဒီအလံဟာ နအဖ အလံပဲ ဖြစ်သင့်ပါတယ်။ အမျိုးသားအလံ၊ ပြည်ထောင်စု အလံ မဖြစ်ထိုက်ပါဘူး
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved