ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့်

Monday, December 27, 2010

(ဓာတ်ပုံ - AP)

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားရောက် ဂါရဝပြုပါတယ်။ သတင်း အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။





ဒေါ်ခင်ကြည်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုလည်း ဖော်ပြလိုက်ပါတယ်။


ဒေါ်ခင်ကြည်အား အဖဦးဖိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် All Femal ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်) မှ သူနာပြုဒီပလိုမာ အောင်မြင်ခဲ့ပါသည်။

သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီးတဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိလွှတ်တော်အမတ်၊ ၁၉၅၀ ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်းဥက္ကဌ ဖြစ်ခဲ့သည်။ အခြားသော လူမူအဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့ပြီး နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာအစိုးရက ဒေါ်ခင်ကြည်အား မဟာသီရိသုဓမ္မဘွဲ့ကို ချီးမြင့်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား ၂ ယောက်၊ သမီး ၁ ယောက်မွေးဖွားခဲ့သည်။ သားကြီးမှာအောင်ဆန်းဦး၊ သမီးမှာ အောင်ဆန်းစုကြည်ဖြစ်ပြီး အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။

ဒေါ်ခင်ကြည်သည် မတ်လ ၂၈ရက် ၁၉၈၈ ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသောလည်း ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။

ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၂၇ ရက် ဒီဇင်ဘာလ ၁၉၈၈ ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

2 comments :

  1. Anonymous said... :

    ဧရာဝတီဘလောက်မှတာဝန်ရှိသူများခင်ဗျား
    ဧရာဝတီအင်တာနက်စာမျက်နှာတွင်ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏အဖအမည်
    မှာ..ဦးဖိုးညှင်း.အမိဒေါ်ဖွားစု..ဧ၇ာဝတီ၏ဘလောက်ဒ်တွင်.အဖအမည်မှာ
    ဦးဗိုလ်ငြိမ်း..ဖြစ်နေပါသည်။။ ဘယ်ဟာအမှန်လဲဆိုတာကိုသိချင်ပါသည်ခင်ဗျား

  1. Khet Htan said... :

    တချို့စာများတွင် ဦးဖိုးညှင်း၊ တချို့စာများတွင် ဦးဗိုလ်ငြိမ်းဟု တွေ့ပါသည်။ သမိုင်းဆရာ ဦးသန်းဝင်းလှိုင်အဆိုအရ ဦးဖိုးညှင်းဟု ဆိုသဖြင့် ပြောင်းထားလိုက်ပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved