ဘောပွဲရှုံးတာ ဘယ်သူ့ကြောင့်လဲ

Wednesday, December 22, 2010

ချင်းမိုင်မှာကျင်းပနေတဲ့ အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကတော့ မြန်မာအဖွဲ့ကြောင့် တော်တော်လေး ပြောစမှတ်ပြုခဲ့တယ် ဆိုပါလား။ အထူးသဖြင့်တော့ ဘောလုံးပွဲပေါ့လေ။ ဘောလုံးဆိုတာက လူအများရဲ့ သည်းခြေကြိုက်မဟုတ်လား။ မနေ့ကတော့ သိကြတဲ့အတိုင်း ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာနဲ့ အိမ်ရှင် ထိုင်း ကန်ကြတာ မြန်မာက ဂိုးပြတ်နဲ့ ရှုံးလေရဲ့။ ဒါကလည်း သိပ်တော့ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ မြန်မာ ရှုံးမယ် ဆိုတာ လူတိုင်း သိပြီးသားကိစ္စပါ။ ချင်းမိုင်အခြေစိုက် မြန်မာတွေတောင် ရှုံးမယ်ဆိုတာ သိသိကြီးနဲ့ အုံနဲ့ကျင်းနဲ့ သွားအားပေးကြသေးတာပဲ။

ပထမပွဲစဉ်တွေ ကန်တုန်းကတည်းက ချင်းမိုင်အခြေစိုက် ဘောလုံးဝါသနာရှင် ကိုအောင်လတ်က “ဘာမှ မပူနဲ့ ... ကြိုတင်ဂိုးတွေ ရှိတယ်” ဆိုပြီး အားပေးလိုက်တာကို လူတွေတော်တော်ပွဲကျသွားတယ်။ ချင်းမိုင်က ပရိသတ် တွေက ပွဲကျရုံပဲ ကျတာ ဆိုပေမယ့် အားကစားအဖွဲ့နဲ့ ပါလာတဲ့ ပညာရေး ဒုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ တော်တော်လေး ခေါင်းနပမ်း ကြီးသွားပါတယ်။

အဲဒါနဲ့ပဲ ဦးအောင်မျိုးမင်းကြီးက “ဟာ သူပုန်တွေတော့ လာပြီ၊ ကြိုတင်ဂိုးလို့ အော်လိုက်တာ ကျောင်းသား သူပုန်ဗိုလ် မိုးသီးဇွန်ပဲဖြစ်မယ်” လို့ စဉ်းစားပြီး ... သူ့အတွေးထဲမှာတင် ရပ်မထားဘဲ အားကစားသမားတွေကိုပါ ဟိုချုပ်ချယ် ဒီချုပ်ချယ်တွေ လုပ်ပါရောလား။



“သတိထားနော် ချင်းမိုင်ကို မိုးသီးဇွန် ရောက်နေတယ်။ အမြီးမမြှောက်နဲ့ အီးမပေါက်နဲ့ ငြိမ်ငြိမ်နေ ... အဲဒီ လူတွေကို မင်းတို့ စကားပြောရဲ ပြောကြည့်စမ်း ... ဟွန်း ... မင်းတို့ကို တပ်ချုပ်ကြီးနဲ့ တိုင်ပြောမယ်။ အပြင်မထွက်ရဘူး၊ ဈေးဝယ်မသွားရဘူး၊ အသံမထွက်နဲ့၊ တိတ်တိတ်နေ၊ ငါပြောတာပဲ နားထောင်” စသည်ဖြင့် သူ့ အားကစားသမားတွေကို ချုပ်ချယ်တယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ် (တော်တော်ခက်တဲ့ ကိုမိုးသီးပဲ။ တကယ်ဆို ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံ ၁၀၀၀ လောက်ရိုက်ပြီး ဘလော့မှာတင်၊ မျက်နှာစာအုပ် ကနေဖြန့် ... ဒါမျိုးတော့ လုပ်သင့်တယ်)

ဟုတ်လည်း ဟုတ်လောက်တယ် ချင်းမိုင်က ရှော့ပင်းမောကြီးတွေမှာ စင်ကာပူတို့၊ ဗီယက်နမ် တို့လို တခြား နိုင်ငံတွေက အားကစားသမားကောင်လေးတွေ ကောင်မလေးတွေ သူတို့ နိုင်ငံတံဆိပ်ကလေးတွေနဲ့ လမ်းသလား ပျော်ပါးနေချိန်မှာ ကိုတာတေတို့ မြန်မာအားကစားသမားတွေကို တယောက်မှကို မတွေ့ဘူးဗျို့။ ဝန်ကြီးကပဲ ငေါက်ထားလို့လား၊ ဒါမှမဟုတ် သူတို့မှာ ဈေးဝယ်ထွက်စရာ ပိုက်ဆံပဲ မရှိလို့လား၊ အင်း ၂ ခုလုံးလည်း ဖြစ်နိုင်ရဲ့။

ရှိသေးတယ် ... ကိုမိုးသီးဇွန် (သူတို့ဘာသာထင်ထားသူ) က ကြိုတင်ဂိုး ဘာညာနဲ့ အော်ပြီးတဲ့နောက်မှာ အဲဒီ ဒုဝန်ကြီးဟာ အားကစားသမားတွေကို မနက် ၆ နာရီ ထခိုင်းပြီး သူရှေ့မှာ မတ်တပ်ရပ် ... မိန့်ခွန်းတွေ နေ့တိုင်း ခြွေပါသတဲ့။ အဲဒီ အားကစား သမားတွေခမျာလည်း ထိုင်းက ကွေ့သရိုလောက်၊ ကြက်ဥကြော် တလုံးနဲ့ ထမင်းဖြူလောက်ပဲ စားရလို့လားတော့မသိဘူး မူးလဲသူ လဲတယ်လို့လည်း ကြားရပါတယ်။ ကြင်နာပုံကတော့ သြချလောက်ပါပေရဲ့။

ဒါကလည်း ကိုတာတေ ရမ်းပြောတာ မဟုတ်ပါဘူး။ အရင်တခါ ချင်းမိုင်မှာ ဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲ လုပ်သွားတုန်းက ခြင်းသမားလေးတွေထဲမှာ အသိအကျွမ်းလေးတွေပါလာလို့ သွားတွေ့တော့ သိလိုက်ရတာပါ။ ကိုယ့်မျက်စိရှေ့တင် ကြက်ဥ တလုံးကြော်ပြီး ထမင်းဖြူနဲ့ ကျွေးသဗျ။ ချိုးခြံခြွေတာတဲ့ သဘောလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ။ မြန်မာ့အားကစား ကမ္ဘာကို တကယ် လွှမ်းတော့မှာ ... (လူကောင်သေးတဲ့ နေရာ၊ အားမရှိတဲ့နေရာ၊ ဆင်းရဲတဲ့နေရာမှာ ပြောပါတယ်)

အဲ ... ဦးအောင်မျိုးမင်းကြီး ကြောက်ချက်ကတော့ လန်ထွက်နေတယ် ဆိုရမယ်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပ ...။ သူ့ပုံကြီးက ဒီဗီဘီ တီဗီမှာ ပါသွားတာကိုး။ ဒီဗီဘီ ဘာဖြစ်နေသည်ဆိုလား သတင်းစာက ရေးထားတော့ ... ဒီလို ဘလက်လစ် (ဘလက်လေဘယ် မဟုတ်ပါ) မီဒီယာမှာ ပါရကောင်းလားဆိုပြီး ပြန်ရောက်ရင် ထောင်းခံရဖို့က ရှိနေတော့ ခမျာမှာ ကြောက်ရှာတာ မဆန်းပါဘူးလေ။

ကိုတာတေ့ ဘော်ဘော် ဦးရုက္ခစိုးကတော့ ကိုတာတေ့ကို ပြန်ဖောက်သည်ချပါတယ်။ သူက နတ်ဆိုတော့ မမြင်ချင်မှ အဆုံးနေမှာပေါ့လေ။ မနေ့က ဆီမီးဖိုင်နယ်ပွဲမှာ ဝန်ကြီးဟာ ဘယ်လောက်တောင် ကြောက်သွားလဲ ဆိုရင် ဒီဗီဘီ တီဗီထဲ ပါမှာစိုးလို့ ခါတိုင်းလို ပထမပိုင်းပြီးသွားတာနဲ့ ကွင်းထဲဆင်းပြီး ကစားသမားတွေကို တောင်ပြော မြောက်ပြော ပြောတာတွေတောင် မလုပ်ရဲတော့ဘူးဆိုပဲ။ ဒါပေမယ့် ညွှန်ကြားချင်တဲ့ အကျင့်ကတော့ မပျောက်ရှာဘူး။ သူ့ ပီအေကို စာရေးပြီး သွားဖတ်ပြခိုင်းသတဲ့။ သူပြောချင်တာတွေ၊ ညွှန်ကြား ချင်တာတွေ ... ဥပမာ ... ဒုတိယပိုင်းမှာ ဘာလုပ် ညာလုပ် ... ဘယ်လိုကစား၊ ဘယ်သန်တဲ့သူက ဘယ်ခြေနဲ့ကန်၊ ညာသန်တဲ့ကောင်က ညာခြေနဲ့ ဆော့ ... ဘာညာသရကာ ဖြစ်မှာပေါ့။ မင်းတို့ မိုးသီးဇွန်ကို သတိထားကြ ဆိုတာလည်း ပါချင်ပါမှာပေါ့။ ပီအေက ကစားသမားတွေကို ဝန်ကြီးပြောချင်တဲ့ဟာတွေ သွားဖတ်ပြရတယ်တဲ့။

ခက်တာက ကိုတာတေတို့ သတင်းထောက်ကလည်း ဘောလုံးပွဲသွားပြီး ဓာတ်ပုံသာရိုက်လာတယ်၊ ဘောလုံး ကန်တဲ့ ဓာတ်ပုံ တပုံမှ ပါမလာတော်မူဘူး။ ကိုယ့်သတင်းထောက်ဘက် ကိုယ်ဘက်လိုက်ပြီး တွေးရရင်တော့ ဘောလုံးကို လုံးဝ မကန်လိုက်ရဘဲ ထိုင်းက ကြိုတင်ဂိုး ၄ ဂိုးနဲ့များ အနိုင်ယူ သွားသလားပေါ့လေ ...။ စဉ်းစား ကြည့်တာပါ။ သူတို့လည်း မြန်မာ့ရွေးကောက်ပွဲကို အတုခိုးချင် ခိုးမှာပေါ့ ဟုတ်ဘူးလား။

ဘာပဲဖြစ်ဖြစ် ... ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာကတော့ ဂိုးပြတ်နဲ့ ရှုံးသွားပြီ။ ဒါ ဘယ်သူ့လက်ချက် ဖြစ်နိုင်သလဲ၊ KNU လက်ချက်လား၊ မိုးသီးဇွန်လက်ချက်လား .... ကိုတာတေ့ကြောင့်တော့ လုံးဝ ... လုံးဝ မဟုတ်ဘူး ဆိုတဲ့အကြောင်း ကြိုတင် ပြောထားပါရစေ။ ဧရာဝတီ သတင်းထောက် ရိုက်လာတဲ့ ဓာတ်ပုံတွေထဲမှာ ဘောလုံး ကန်တဲ့ပုံမပါဘူး ဆိုပေမယ့် တင်ပေးလိုက်ပါတယ်။

မောပါတယ် ကန်မနေနဲ့တော့ မဲပဲ နှိုက်လိုက်ကြရအောင်
ကမ္ဘာမကြေ ...

မြန်မာကို ကြိုတင်ဂိုးတွေနဲ့ အနိုင်ယူသွားတယ်လို့ ယူဆရတဲ့ ထိုင်းဘောအသင်း
မိုးသီးဇွန်ကို သတိထားကြဆိုတဲ့ ပညာရေး ဒုဝန်ကြီး ဦးအောင်မျိုးမင်း
ထိုင်းကိုအားပေးဖို့ ငှားထားတဲ့ တီးဝိုင်း... အဲဒီထဲမှာ အလောင်းဘုရားတို့ ဘုရင့်နောင်တို့လည်း ပါလာတယ်
သူတို့ တကယ်ကစားကြမှာလား
ထိုင်းကကွေ့သရိုချဉ်စပ် အစွမ်းကတော့ ပြပြီ


ရန်ကုန်သားတာတေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved