မန္တလေးဗဟိုအခွန်လွတ်ဈေးကို ရွှေ့ပြောင်းခိုင်း

Tuesday, December 7, 2010

မန္တလေးမြို့က ဗဟိုအခွန်လွတ်ဈေးကို မန္တလေးစည်ပင်က နေရာရွှေ့ပြောင်းခိုင်းနေတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ အခွန်လွတ်ဈေးသူဈေးသားတွေက ဧရာဝတီကို ပြောပါတယ်။

ဒီ ဗဟိုအခွန်လွတ်ဈေးဟာ ၇၆လမ်း ၊ ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ တည်ရှိတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အတွင်းက ဗိုလ်ချုပ်ကြီးတင်ဦး ဖွင့်လှစ်ပေးခဲ့တဲ့ဈေးပါ။ ဒါပေမယ့် ဒီနှစ် အောက်တိုဘာလအတွင်းမှာ ဈေးကို ရွှေ့ပြောင်းပေးဖို့ မန္တလေးစည်ပင်က ဈေးသူဈေးသားတွေကို ဖိအားပေးလာနေတယ်လို့ သိရပါတယ်။

“ဒီမှာ ဈေးရောင်းလာတာ ၁၀ နှစ်ရှိပြီဗျာ။ အခုရွှေ့ပေးဖို့ စည်ပင်က ပြောတယ်။ နေရာကိုတော့ ပြန်ရှာမပေးဘူး။ တခြားဈေးတွေ သွားရောင်းတော့လည်း ရှိပြီးသား ဈေးသည်တွေက အ၀င်မခံကြဘူး။ ဒါနဲ့ ၇၅ လမ်း၂၈x၂၉ကြားမှာ ရွှေ့ရောင်းတော့လည်း စည်ပင်က ကားနဲ့လာပြီး ဖမ်းတယ်ဆီးတယ်။ နံပါတ်တုတ်တွေနဲ့လည်း ရိုက်တယ်။ ဒီဈေးက ဈေးသည် ၆၀၀ ကျော် ဒုက္ခရောက်နေရတယ်"လို့ ဗဟိုအခွန်လွတ်ဈေးသားတဦးက ပြောပါတယ်။

ဈေးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တချို့က ပြောင်းရွှေ့ပေးဖို့ တောင်းဆိုနေတဲ့အတွက် စည်ပင်က ဈေးသည်တွေကို ဖယ်ရှားခိုင်းရတာလို့ စည်ပင်က အကြောင်းပြကြောင်းလည်း ဈေးသူဈေးသားတွေက ပြောပါတယ်။

“သူတို့က ရှေ့ကလူလုပ်သွားတဲ့ဟာကို နောက်လူတွေက တာဝန်မယူကြဘူး။ အခွန်လွတ်ဈေးတွေ ဖွင့်မယ် ဖွင့်မယ်။ လာရောင်းကြပါဆိုတော့လည်း သူတို့။ အခုဖျက်ခိုင်းတော့လည်း သူတို့။ ကျနော်တို့က ဘာလုပ်စားရမှန်း မသိတော့ဘူး"လို့ ဈေးသားတဦးက ဆိုပါတယ်။

ဗဟိုအခွန်လွတ်ဈေး ဖျက်သိမ်းခိုင်းမှုကို နေပြည်တော်အထိ တိုင်ကြားထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရကို တိုက်တွန်းပေးဖို့ ဈေးသူဈေးသားတွေက စာရေးသားတောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

၂၀၀၀ပြည့်နှစ်အတွင်းက နအဖစစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများကိုယ်တိုင် အင်တိုက်အားတိုက် လိုက်လံဖွင့်လှစ်ပေးခဲ့တဲ့ အခွန်လွတ်ဈေးနေရာတွေကို သက်ဆိုင်ရာစည်ပင်ကော်မတီတွေက လေလံတင်ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေကြောင်းပါခင်ဗျား။









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved