မြန်မာ HIV ဝေဒနာရှင်များအတွက် နိဗ္ဗာန်ဈေးရောင်းပွဲ ကျင်းပမည်

Friday, December 3, 2010

မြန်မာနိုင်ငံမှ HIV ၊ AIDS ဝေဒနာရှင်တွေအတွက် အမေရိကားရောက် မြန်မာမိသားစုတွေဟာ လာမည့် ဒီဇင်ဘာ ၅ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ PS12, Woodside Avenue မှာ ရံပုံငွေ ဈေးရောင်းပွဲတရပ်ကို ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမယ့် နိဗ္ဗာန်ဈေးပွဲတော်မှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံတို့က ရိုးရာမုန့်မျိုးစုံကို ရောင်းချသွားမှာဖြစ်ပြီး မည်သူမဆို အနည်းဆုံး ၅ ဒေါ်လာလှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

သံဃာတော်တွေကိုလည်း နေ့ဆွမ်းဆက်ကပ်သွားမှာဖြစ်တဲ့အတွက် လှူဒါန်းလိုသူတွေအနေနဲ့ ဆွမ်းဟင်းများကို ယူဆောင်လာနိုင်တယ်လို့လည်း နိုးဆော်ထားပြီး မွန်းလွဲ ၁ နာရီမှာတော့ အဆိုတော် သားစိုး (ရောသမမွှေ) ၊ ဆီးမီးခွက်အက ၊မြန်မာအကနဲ့ မြန်မာတေးသီချင်းတွေကိုလည်း ဖျော်ဖြေသွားမှာပါ။

ညနေ ၃ နာရီကနေ ၅ နာရီအထိကိုတော့ နယူးယောက်ရှိ ဂီတ၀ါသနာရှင်တွေ စုဖွဲ့ထားတဲ့ EXIT တေးဂီတအဖွဲ့က ကိုယ်ပိုင်သံစဉ်တွေနဲ့ ဆက်လက် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာအပြီး နိုဝင်ဘာ ၁၇ ရက်မှာ NLD ဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်း ဦးဆောင် လုပ်ကိုင်နေတဲ့ HIV ဝေဒနာရှင်ပြုစုရေး ဂေဟာကို သွားရောက်ခဲ့အပြီး စစ်အစိုးရက ဝေဒနာရှင်တွေကို နေရာရွေ့ပြောင်းခိုင်းမှုတွေ လုပ်ခဲ့တဲ့အတွက် မြန်မာ HIV ဝေဒနာရှင်တွေ အရေးကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာပါတယ်။

မြန်မာ အနုပညာရှင်တွေဟာလည်း အဲဒီဂေဟာက ဝေဒနာရှင်တွေကို ကူညီလှူဒါန်း အားပေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီလို အားပေးနှစ်သိမ့်မှုတွေ လုပ်ခဲ့တဲ့ အနုပညာရှင်တွေကို နအဖစစ်အစိုးရက ဖျော်ဖြေခွင့်တွေ ပိတ်ပင်ထားပါတယ်။


ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့တွင် သီဆိုဖျော်ဖြေနေသည့် ဒေါက်တာဦးမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်း (ဓာတ်ပုံ-ဧရာဝတီ)


HIV ဝေဒနာရှင်များကို နှစ်သိမ့်အားပေနေသည့် ဦးကျော်သူနှင့် အနုပညာရှင်များ (ဓာတ်ပုံ-ဧရာဝတီ)


NLD ၏ HIV ဝေဒနာရှင် စောင့်ရှောက်ရေးဂေဟာမှ ဝေဒနာရှင်တဦး (ဓာတ်ပုံ-Rreuters)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved