ကော်မရှင် ဥက္ကဋ္ဌ အကြောင်း တစွန်းတစ

Wednesday, January 12, 2011

ရွေးကောက်ပွဲ စတော့မယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတဲ့ သူတွေအကြောင်း လေ့လာရ၊ အချက်အလက် စုရပါတယ်။ ကော်မရှင် ဥက္ကဋ္ဌကတော့ ဦးသိန်းစိုးပါ။ ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲလိမ်မှုတွေ၊ ကြိုတင်ကြံစည်ထားတဲ့ ကြိုတင်မဲကိစ္စတွေနဲ့ မကောင်းသတင်း ကျော်စောခဲ့တာကတော့ အများအသိဖြစ်ပါတယ်။ ဦးသိန်းစိုးကို တပ်ချုပ်ကြီးက ကြိုးကိုင်ထားတယ် ဆိုပေမယ့်လည်း သူဟာ ရွေးကောက်ပွဲ သမိုင်းတရားခံအဖြစ်ကတော့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ပါဘူး။

မကြာသေးခင်က ထွက်ရှိလာတဲ့ မင်းဒင်ရဲ့ “မင်းဒင်ရဲ့ သက်ခိုင်” စာအုပ်မှာ ဦးသိန်းစိုးအကြောင့် တစွန်းတစ ဖတ်မိပါတယ်။ ဒုတိယ တရားသူကြီးချုပ် တာဝန်ယူထားစဉ်မှာ သူ့ရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာကို ထင်ဟပ်ထားတာမို့ ဒီနေရာမှာ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။

ကျနော် နောက်ဆုံး အကူအညီတောင်းခဲ့တဲ့ သူကတော့ ဒုတိယ တရားသူကြီးချုပ် ဗိုလ်ချုပ် သိန်းစိုး (နောင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ) ပါပဲ။

ဗိုလ်ချုပ် သိန်းစိုးအိမ်ကို ဆယ်သိန်းလောက်တန်တဲ့ ဂေါက်သီးအိတ်တစုံနဲ့ ကျနော် ရောက်သွားချိန်ဟာ ညခုနှစ်နာရီသာသာမို့ ဗိုလ်ချုပ် သိန်းစိုးဟာ ကိုရီးယားကားကို စိတ်ဝင်တစားကြည့်နေတာကြောင့် ကျနော့်အမှုကို စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။ အောက်ရုံးက လွှတ်ပြီးသားအမှုကို ကိုယ်တို့ဘာမှ ထပ်ပြီး ပြင်ဆင်စရာမရှိဘူး၊ စိတ်အေးအေးသာနေပါလေဆိုတဲ့ စကားတခွန်းနဲ့ ကျနော်ပြန်လာပေမယ့် အဲဒီနေ့က သူ့အပြုအမှုကြောင့် ကျနော်စိတ်မအေးခဲ့ရပါဘူး။

ကျနော် စိတ်မအေးတဲ့အတိုင်းပါပဲ၊ မကြာခင်မှာ ကျနော့်ကို ထောင်ဒဏ်ငါးနှစ် ကျခံစေရန်ဆိုပြီး ကျနော့်မျက်ကွယ်မှာ ဗဟိုတရားရုံးက အမိန့်ချလိုက်ပါတော့တယ်။

(မင်းဒင်ရဲ့ သက်ခိုင်၊ စာမျက်နှာ ၇၁၈)

ခက်ထန်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved