မနှစ် နှစ်ကုန်ကတည်းက တစွန်းတစ ကြားနေရတဲ့ ဒီသတင်း အခု ပိုခိုင်မာသွားတာ ဖြစ်ပါတယ်။ ခြွင်းချက်ကတော့ ရဟန်းသံဃာ၊ မသန်မစွမ်းနဲ့ အမျိုးသမီးဆိုရင် ကလေးငယ် ရှိနေရင်တော့ စစ်မှု မထမ်းဘဲ နေနိုင်ပါတယ်။
အစိုးရဝန်ထမ်း၊ ကျောင်းသား၊ ထောင်ကျနေသူနဲ့ သက်ကြီးရွယ်အို မိဘတွေကို စောင့်ရှောက် နေရသူတွေဆိုရင်တော့ စစ်မှုထမ်းခြင်းကို ယာယီ ရွှေ့ပြောင်းခွင့် ရှိပါတယ်။ စစ်မှု ထမ်းခြင်းကို ရှောင်လွှဲမယ်ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်ကနေ အထက်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ်။
စစ်ထဲမဝင်ရအောင် ကိုယ့်ကိုယ်ကိုယ် မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ရင်လည်း အပြစ်မလွတ်ဘူးလို့ သိရပါတယ်။ အကယ်၍ သေနတ်ပစ်လို့ မရအောင် ကိုယ်လက်ညှိုးကိုယ် ချိုးတာမျိုးဆိုရင် ထောင်ဒဏ် ၅ နှစ်ကနေအထက်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ရပ်စလုံး ကျခံရမှာပါ (ဒီလိုဥပမာပေးတာ အကြောင်းရှိပါတယ်။ တခါက စိတ်ပျက်လွန်းလို့ ဗိုလ်သင်တန်းက ထွက်ချင်တော့ ဗိုလ်လောင်းတယောက်က ကိုယ့်လက်ညှိုးကိုယ် ဓားနဲ့ လှီးဖူးလို့ပါ)။
ဒီသတင်း ထွက်လာပြီးတဲ့နောက် အမျိုးမျိုးသော ဝေဖန်ပြောဆိုသံတွေကို ကြိုကြား ကြားလာရပါပြီ။ စစ်ထဲတော့ ဝင်ချင်ပါရဲ့၊ တိုင်းပြည်တော့ ချစ်ပါရဲ့၊ ဒါပေမယ့် ဒီလို စစ်တပ်မျိုးတော့ မဝင်ချင်ဘူး ဆိုတာမျိုး၊ လက်ထဲ သေနတ်ထဲ ရောက်လာရင်တော့ ပြန်တီးမယ် ဆိုတာမျိုး၊ ကောင်းကောင်းမွန်မွန် အခွင့်အရေး မရခဲ့တဲ့ တိုင်းရင်းသားတွေကတော့ အခုကျမှ စစ်ထဲဝင်ပေးရဦးမှာလား ဆိုတာမျိုး၊ ပြီးတော့ Gay တွေ၊ အမျိုးသမီး အရေအတွက် များများ စစ်တပ်ထဲ ပါလာရင် ဆိုတာမျိုး တွေ အမျိုးစုံ ပြောနေကြပါပြီ။
မြန်မာနိုင်ငံလို နယ်စပ်ဒေသမှာ တိုက်ပွဲက တဒိန်းဒိန်း၊ တဂျိမ်းဂျိမ်းဖြစ်နေတဲ့ နိုင်ငံမှာ စစ်မှုထမ်းခိုင်းဖို့ မျက်ခုံးလှုပ် ရင်ဖိနေတဲ့ မိဘတွေလည်း ရှိနေပါပြီ။
ဒီနေရာမှာ တခုစရာရှိတာက တပ်ချုပ်ကြီး သန်းရွှေရဲ့ ရတနာမျက်ရှု မြေးရွှေဥ ဖြစ်တဲ့ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) ပြည်သူတွေရဲ့ အခေါ် “မျောက်လောင်း” ရော စစ်မှု ထမ်းမှာလား ဆိုတာပါပဲ။ ဥပဒေအရတော့ မျောက်လောင်းလည်း စစ်မှုထမ်းရမယ့် ဥပဒေက ပြေးမလွတ်ပါဦး။ တော်ကြာနေ အမွေပေးတယ်ဆိုပြီး တပ်ချုပ်ကြီးက သူ့ပုခုံးပေါ်က အပွင့်တွေ သူ့မြေးပုခုံးပေါ် တင်ပေးလိုက်ရင်တော့ ငါးပါးရော သံဃာစင်ပါ မှောက်ပြီလို့ ဟာသလုပ် ပြောဆိုနေသူတွေလည်း ရှိပါကြောင်း။
ဧရာဝတီမှ သတင်းအသေးစိတ်ကို ဖတ်ရန် Click Here
NHK က တင်ဆက်သွားတဲ့ ရုပ်သံသတင်းကို ကြည့်ရှုရန် Click Here
ကြိုက်တယ်။
တပ်မတော်သားတွေ ပြည်သူနဲ့ပိုနီးစပ်လာမယ်။
ပြည်သူတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ တပ်မတော်သားတွေမှာလဲ တာဝန်ရှိပါတယ် လို့ တစ်လုံးပြောလိုက်တာနဲ့
တပ်မတော်သားတွေ ပြည်သူကိုပိုပြီး ကိုယ်ချင်းစာတတ်လာမယ်။
ပြည်သူက အာဏာရှင်ကိုဘယ်လို သဘောထားလဲဆိုတာ တပ်မတော်က ပိုသိလာမယ်.
ဒါတွေကြိုမြင်ရင် အာဏာရှင်တွေ လုပ်ရဲမယ်၊ ဖြစ်လာမယ်တောင်သိပ်မထင်ပါဘူး။