လက်ပစ်ဗုံး ၂ လုံးနှင့် ဆန္ဒပြသူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးသွား

Tuesday, January 4, 2011


ထိုင်းနိုင်ငံ မဲဆောက် ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဆန္ဒပြနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင် တဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ 
 
ယနေ့နံက် ၈ နာရီက DKBA ၉၉၉ တပ်မဟာ တပ်ရင်း ၄ မှ အသက် ၃၆ နှစ်အရွယ် စောသံမဏိ (ခေါ်) စောထိန်လင်းသည် မြဝတီမှ လက်ပစ် ဗုံး ၂ လုံး ယူဆောင်လာကာ မဲဆောက် UNရုံးရှေ့သို့ အငှား မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆိုင်ကယ်မောင်းသမားကို ဓားစာခံပြုလုပ်၍ လက်ပစ်ဗုံးကလစ် များကို ဖြုတ်ကာ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲပေးရန် အချက် ၄ ချက်ကို တောင်းဆို ဆန္ဒပြခဲ့သည်။ 
 
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဖြစ်၍ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် မပေါ်ထွန်း နိုင်သည့်အတွက် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင်ပြောင်း လဲပေးရန် UN ရုံးသို့ လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟု စောသံမဏိက ပြောသည်။
စောသံမဏိ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မဲဆောက် UN ရုံး တာဝန်ရှိသူများက လာရောက် လက်ခံ စကားပြောခြင်း မပြုသည့်အတွက် အခြေအနေကို မဲဆောက်မြို့ပိုင် နိုင်ကီ တီဆတ် တိုမိုဆတ် က ၁ နာရီနီးပါး အချိန်ယူ၍ ၀င်ရောက်စေ့စပ်ညှိနှိုင်း ပေးခဲ့ရာ နံနက် ၉ နာ ရီခန့်တွင် စောသံမဏိက လက်နက်ချ အဖမ်းခံခဲ့သည်။ 
 
လက်နက်မချမီ စောသံမဏိက ၎င်းကို မြန်မာနိုင်ငံဘက် ပြန်မပို့ရန်နှင့် DKBA ထံ လွှဲပြောင်းခြင်းမပြုရန် တောင်းဆိုချက်များကို မဲဆောက်မြို့ပိုင်က သဘောတူညီခဲ့ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်မှု တခုတည်းကိုသာ အရေးယူမည်ဟု မဲဆောက် မြို့ပိုင်က ဒေသခံ သတင်းထောက် များကို ပြောကြားသည်။ 
 
စောသံမဏိသည် အလွယ်တကူ လက်နက်ချခဲ့သည့်အတွက် ပြစ်ဒဏ်ကို လျှော့ပေါ့စဉ်းစားပေးမည် ဖြစ်ကြောင်း မဲဆောက်မြို့ပိုင်နှင့် မဲဆောက်ရဲစခန်းမှ တာဝန်ရှိရဲမှူးတဦးက ပြောသည်။
စောသံမဏိကို မဲဆောက်မြို့ရှိ ရဲစခန်းတွင် တရားမ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထားပြီး ၎င်းအမှုနှင့် ပတ်သက်၍ စောသံမဏိဘက်က လိုက်လံဆောင်ရွက် ပေးမည့်သူများ မရှိဟု သိရသည်။











1 comments :

  1. ဗဟန်း said... :

    ဒေါက်နေ၀င်းမောင်- မောင်စူးစမ်း-ကျော်မြင့်နိုင်-အောင်မိုးစံ-အစရှိသဖြင့်-အဟွန်းအဟမ်း နဲ့ အင်္ဂလိပ်စာလုံးတွေကြားညှပ်ပြီး လူတွေကို နိုင်ငံရေးပညာတွေ လှိုင်လှိုင်ပေးနေတဲ့ ပရောဟိတ်ကြီးတွေရဲ့စကားလုံးတွေ ပြည်သူနဲ့ တိုင်းရင်းသားတွေရဲ့ ရင်ထဲကို ရောက်ပါသလား..
    ပါရာဒိုင်း ဆိုတာ ပါရာစီတမော နဲ့ ပဒိုင်းသီး ရောထားတဲ့ ဟာကို ပြောတာလား.. ဗဟုဝါဒ ဆိုပြီး နောက်က သုတ ကိုဘာ့ကြောင့်ဖြုတ်ရတာလဲ-- ဗဟိုချည်းအား ဗဟိုခွာအား.. အတွင်းမှာပြော-အပြင်မှာပြော..တဲ့ -- အပေါ်မှာပြော အောက်မှာပြောကော မပါပါလား.. ပါဠိတွေသွင်းထားတဲ့ ပကတိ- ယေဘုယျ- အညမည-ရုပ်ပါတ်ဝန်းကျင်.. အနုပဋိလောမ၀ါဒ.. ငယ်ငယ် ၁၀ တန်းမှာသင်ခဲ့ရတဲ့ ဆိုရှယ်ဘောဂဗေဒက ကုန်ထုတ်စွမ်းအားစု--ကုန်လုပ်ဆက်ဆံရေး-အပေါ်ထပ်အဆောက်အအုံ (ဦ).. စတဲ့စကားလုံးတွေနဲ့ တလုံးပြီးတလုံး နေ့စဉ်ပစ်ပြခဲ့ပေမဲ့ ပြည်သူတွေရင်ထဲ နိုင်ငံရေး အမြင်ပြောင်းသွားပါသလား..

    ၂၀၀၈ ဖွဲ့စည်းပုံ ရဲ့ အကျိုးဆက် နဲ့ အခု ရွေးကောက်ပွဲ အကျိုးဆက်တွေကြောင့်.. အခု DKBA ရဲဘော်လိုဘဲ.. မိမိတို့ နည်းလမ်းရှာနိုင်သလောက်နဲ့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အများကြီး တွေ့ရဦးမှာဖြစ်တယ်.. ထွက်ပေါက်တွေအကုန်ပိတ်လိုက်ရင် အောင်ပြီဆိုတဲ့ အချိုးမျိုး ချိုးလိုက်တော့--လူငယ်တွေရဲ့ အတွေးတွေထဲမှာလည်း-- လက်နက်နဲ့မှ ရမယ်--တိုက်ယူမှ ရမယ် ဆိုတာတွေဖြစ်ကုန်ပြီ.. ဘယ်သူ့ကြောင့်လဲ.. ရှင်းတယ်..အဲဒီမဟုတ်ကဟုတ်က ဆောင်းပါးရှင်တွေကြောင့်ဘဲ…

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved